စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ရည်ရွယ်၍ စတော့အိပ်ချိန်းကို ကမ္ဘောဒီးယားတွင် ဇူလိုင်လ ၁၁ ရက်နေ့တွင် ဖွင့်လှစ် ပေးခဲ့သည်။
သို့သော်လည်း နှောင့်နှေးမှုများကြောင့် စတော့ကုန်သွယ်မှုကို မစတင်နိုင်သေးပေ။ စတော့အိပ်ချိန်း ဖွင့်လှစ်မှုသည် ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးရေး အတွက် ရှေ့တစ်လှမ်း တိုးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘောဒီးယား ဘဏ္ဍာရေးဝန်ကြီး အိချွန်က ပြောကြားခဲ့သည်။
စတော့ ကုန်သွယ်မှုများကို ယခုနှစ် မကုန်မီအထိ အပြည့်အ၀ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားသည် စတော့အိပ်ချိန်း ဖွင့်လှစ်ရန် အတွက် တောင်ကိုရီးယား စတော့အိပ်ချိန်းနှင့် ၂၀၀၈ ခုနှစ်တွင် ဖက်စပ် လုပ်ငန်း ထူထောင်ရန် သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ခဲ့သော်လည်း ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းနှင့် စည်းမျဉ်းစည်းကမ်းများ ဆိုင်ရာ အခက်အခဲများကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။ ကမ္ဘောဒီးယား စတော့အိပ်ချိန်း Cambodia Stock Exchange (CSX) တွင် ကိုရီးယား အိပ်ချိန်းက ရှယ်ယာ ၄၅ ရာခိုင်နှုန်း ပါဝင်ထားသည်။ နိုင်ငံပိုင် လုပ်ငန်းသုံးခုက ကမ္ဘောဒီးယား စတော့အိပ်ချိန်းတွင် စာရင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အိချွန်က ပြောကြားခဲ့သည်။ စတော့ ကုန်သွယ်မှုများကို ကမ္ဘောဒီးယား ငွေကြေးဖြင့်သာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း Securities and Exchange Commission of Cambodia (SECC) က မတ်လတွင် ပြောကြားခဲ့သည်။ သို့သော်လည်း ပထမသုံးနှစ် အတွင်းတွင် ရောင်းသူဝယ်သူ နှစ်ဖက်စလုံးက အမေရိကန်ဒေါ်လာဖြင့် ပေးချေနိုင်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ ကမ္ဘောဒီးယားသည် ဒေါ်လာကို မှီခိုနေရမှုအား လျော့ချရန် ရည်မှန်းနေသည်မှာ ကြာပြီ ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ အတွင်းတွင် လည်ပတ်နေသော ငွေကြေးအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်မှာ ဒေါ်လာ ဖြစ်နေကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ဆိုသည်။
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။