Welcome to my blog :)

rss
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Monday, July 18, 2011

ဇူလိုင် ၁၉

ရှစ်ခွင်တိုင်းတစ်ခုလုံး အုံ့မှိုင်း ရီဝေလျက် ရှိနေပါတယ်။ ကမ္ဗလာနက်ကြီး လွှမ်းမိုးခြုံထားသလောက် နီးနီးမို့ နေမင်းမှာ ထွက်ပြူနိုင်အားပင် မ၀ံ့ရှာလေရော့သလား။ ဒါမှမဟုတ် မကြာခင် ကြုံတွေ့ရမယ့် အနိဋ္ဌာရုံ တစ်ခုကို
မျက်ကွယ်ပြုလို၍ အကွယ်မှာ ပုန်းနေလေရော့သလား။ အတိတ်နိမိတ်ဆိုးများကို ကြိုမြင်လို့ မကြားလိုလို့ပေပဲလား။ သေနတ်ပစ်မှုကြီးကို အကာအကွယ်ပေးလို၍ လေလား။
ဘာပဲဖြစ်ဖြစ် ဒီသေနတ်ပစ်မှုကြီးဟာ မြန်မာပြည်ရဲ့အလှကို ဖျက်ဆီးလိုက်ပါပြီကောလား။ လူသား ကမ္ဘာကို အရုပ်ဆိုးစေလေပြီ တကား။
မကြာမီ ရှက်စရာ၊ ရွံ့မုန်းစရာ၊ အော့နှလုံးနာစရာ၊ နာကြည်းစရာ၊ ကြေကွဲဝမ်းနည်းစရာ၊ ဒေါသဖြစ်စရာတွေ ရောပြွမ်းနေတဲ့ ဖြစ်ရပ်တွေ မလွှဲမရှောင်သာ ပေါက်ကွဲတော့မှာကို ကြိုသိနေတဲ့ နေမင်းကြီးဟာ သမိုင်းတွင်ရစ်မယ့်
လူသတ်မှုကြီးမှာ သက်သေ ထွက်ဆိုရမှာ ၀န်လေးနေလို့များ ရန်ကုန်မြို့ကို ထွက်ပြူကာ နှုတ်ဆက် မ၀ံ့လေရော့သလား။
အချိန်ဟာ နံနက် ၁၀ နာရီပင် ကျော်နေပါပြီ။ မိုးဖွဲကလေးများပင် ကျလျက်နေပါပြီ။
မကြာခင် ပေါက်ပေါက် လှော်သလို ရန်ကုန်မြို့လယ်က သေနတ်သံများ အဆက်မပြတ် ကြားလိုက်ရတယ်။ အတိအကျ ပြောရရင် ရန်ကုန်မြို့ အတွင်းဝန်များရုံး (အခု ၀န်ကြီးများရုံး) ကပါ။
ဒီအချိန်က ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်ပါ။
စစ်ကြီးပြီးလို့ ရန်ကုန်မြို့တော်မှာ သေနတ်သံ၊ အမြောက်သံ ဗုံးသံတွေ မကြားရတော့ အေးအေးချမ်းချမ်း။
နေမင်းဟာ မိုးတိမ်တွေကြားက ထွက်ပြူမလာ။ ရန်ကုန်မြို့ကြီးမှာ နေရောင်မရ မိုးဖွဲကလေးတွေကြောင့် အေးစိမ့်စိမ့်။

ဘယ်လိုပဲရှိစေ ဒီသမိုင်းဟာ ကျွန်တော်တို့ မြန်မာပြည်သူတွေ မမေ့စကောင်းတဲ့ သမိုင်းဖြစ်ရပ်ပါ...
ဒါပေမဲ့ ဒီလို ရန်ကုန်မြို့ရဲ့ အလှကို အရုပ်ဆိုးစေတဲ့ သေနတ်သမားတွေကလည်း သွေးအေးအေး။
သေနတ်သံတွေဟာ အေးချမ်းနေတဲ့ ရန်ကုန်မြို့ကြီးကို ဖြိုခွင်းပစ်လိုက်ပါတယ်။ ထိတ်လန့် ကြောက်မက်ဖွယ် သေမင်းအသံက မိုးပြိုမတတ်၊ တုန်ဟီးလျက်။
သေနတ်သံတွေ ကြားရာဆီသို့ ချက်ချင်း သွားရောက် ကြည့်ရှုလိုက်မယ် ဆိုရင် အတွင်းဝန်ရုံး အတွင်းက အမှတ် အာရ်စီ ၁၈၁၄ ဂျစ်ကားတစ်စီးဟာ တစ်နာရီမိုင် ၃၀ နှုန်းလောက် မောင်းပြီး ဒုန်းစိုင်း ထွက်လာတာ မြင်ရပါလိမ့်မယ်။
တစ်စုံတစ်ယောက်ဟာ ဗိုလ်အောင်ကျော်လမ်းဖက် မျက်နှာပြုထားတဲ့ အတွင်းဝန် ရုံးခန်းထဲ ၀င်သွားကြည့်မယ် ဆိုရင် ဗိုလ်အောင်ကျော်လမ်းဖက် မျက်နှာပြုထားတဲ့ ဂငယ်သဏ္ဌာန် စားပွဲထိပ်နဲ့ ခပ်လှမ်းလှမ်း ကြမ်းပြင်ပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ တုံးလုံးလဲ ကျဆုံးနေတာ တွေ့ရပါမယ်။
စားပွဲလက်ယာမှာ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်းဟာ သူ့ကုလားထိုင်ပေါ်မှာထိုင်ရင်း စားပွဲပေါ်ကုန်း လက်ထောက်ထားပြီး ပါးစပ်က သွေးများ ယိုစီးကျနေတယ်။
စားပွဲ လက်ဝဲဘက်မှာ ထိုင်နေတဲ့ ၀န်ကြီးသခင်မြဟာ စားပွဲထိပ် လက်ဝဲဘက်ထောင့် စားပွဲအောက်နားမှာ မှောက်လျက် ကျဆုံးနေပါတယ်။
ဝန်ကြီးဦးရာဇတ်၊ ၀န်ကြီးဒီးဒုတ်ဦးဘချို၊ ၀န်ကြီးဦးဘ၀င်းနဲ့ ၀န်ကြီးမန်းဘခိုင်ဟာလည်း သူတို့ထိုင်မြဲ ကုလားထိုင်များပေါ်မှာ ခေါင်းငိုက်စိုက်ကျလျက် ငြိမ်နေပါတယ်။
ဆရာကြီး ဦးရာဇတ်နဲ့ ဒီးဒုတ် ဦးဘချိုတို့ နှစ်ဦးဟာ အသက် မသေသေးပါ။ အသက်ရှူ လှုပ်ရှားနေဆဲပါ။
တတိယ အတွင်းဝန် ဦးအုန်းမောင်လည်း ကျဆုံးနေပါတယ်။ ၀န်ကြီး ဦးရာဇတ်ရဲ့ အသက် ၁၈ နှစ် အရွယ် သက်တော်စောင့် ရဲဘော်မောင်ထွေးလည်း သွေးအိုင်ထဲမှာ ကျဆုံးနေတယ်။
သွေးစိမ်းရှင်ရှင်တွေ အိုင်ထွန်းနေတယ်။ စားပွဲကုလားထိုင်များ ဖရိုဖရဲ။ အဲဒါက အတွင်းဝန်များရုံး ၀န်ကြီးများ အစည်းအဝေးခန်းမရဲ့ အနိဋ္ဌာရုံပါ။
ဘူးပေါ်ခဲ့ပြီးတဲ့ လုပ်ကြံမှုကြီး
ကိုခင်မောင်ရင်နဲ့ ကိုဘညွန့်တို့ ဖော်ကောင်လုပ်လိုက်လို့ အခုတော့ ဦးစောနဲ့ အပေါင်းအပါ တစ်စုက လုပ်ကြံတယ် ဆိုတာ ထင်ရှားသွားပါတယ်။ ဗိုလ်တထောင် လက်နက်တိုက်က လက်နက်တွေလည်း ဦးစောနဲ့ အင်္ဂလိပ်
စစ်အရာရှိတွေ ပူးပေါင်း ထုတ်သွားတယ်။ အဲဒီအမှုနဲ့ ဦးစောနဲ့ အပေါင်းအပါ တစ်စုကို သေစားသေစေ ဆိုပြီး ကြိုးမိန့်ပေးခဲ့တယ်။ လုပ်ကြံရာတွင် တရားခံများ အဖြစ် ပါခဲ့တဲ့ အင်္ဂလိပ်စစ်ဗိုလ် မေဂျာယမ်းနဲ့ ကပ္ပတိန် ဗီဗြင် တို့ကို ထောင်ဒဏ်များ ပေးလိုက်တယ်။
ကမ္ဘာ့တစ်ခွင်ကို ဒီလောက် ကြီးကျယ်တဲ့ တုန်လှုပ်ချောက်ချားပြီး ကျော်ကြားခဲ့တဲ့ ဒီလုပ်ကြံမှုကြီး ဖြစ်စကတော့ တရားခံ ဘယ်သူဘယ်ဝါ ဖြစ်မယ် ဆိုတာ ထင်ကြေးတွေပဲ ပေးခဲ့ကြတယ်လို့ အမှုမပေါ်ခင် တရားခံတွေကို ရှာနေစဉ် ကာလ ကတော့ ဒီအမှုဟာ မြန်မာပြည်နဲ့တကွ ကမ္ဘာ သိချင်နေတဲ့ ဧရာမ ပဟေဠိဆန်တဲ့ အမှုကြီးပါ။
အခု ပဟေဠိရဲ့အဖြေကို ရလိုက်ကြပြီးမှ ရေးသားရတဲ့ သမိုင်းရဲ့ အထင်ကရ ဖြစ်ရပ်ကြီးကို ပြန်လည်ရေးရာမှာ ဖတ်ရှုသူများ အတွက် ငါတို့ သိပြီးသားကြီးပါကွာလို့ ဆိုချင်ဆိုကြပေလိမ့်မယ်။ ဥပမာ အရင်တုန်းက အကြိမ်ကြိမ် ကြည့်ပြီးတဲ့ ဗိုလ်အောင်ဒင် ရုပ်ရှင်ကားကို ပြန်ကြည့်ရသလို မူလ မကြည့်သေးခင်က ကြည့်ရတဲ့ မျက်စိပသာဒ၊ ကိုယ်ထဲဝမ်းထဲ အကြောထဲ၊ အရိုးထဲခြင်ဆီထဲ စိမ့်ဝင် ခံစားခဲ့ရပုံမျိုးတော့ နောက်ကြည့်တဲ့ အခါ ဒီခံစားရပုံမျိုး ရှိမယ် မထင်ပါ။ ကြည့်ပြီးတဲ့ကားကို အပျင်းပြေ လာကြည့်တာထက်တော့ ပိုနိုင်စရာ မရှိသလိုဘဲလို့ ဆိုရပေမလားပဲ။
ဘယ်လိုပဲရှိစေ ဒီသမိုင်းဟာ ကျွန်တော်တို့ မြန်မာပြည်သူတွေ မမေ့စကောင်းတဲ့ သမိုင်းဖြစ်ရပ်ပါ။
ဦးစောရဲ့ ဘုရင်သတ် ဘုရင်ဖြစ်တဲ့ စီမံကိန်း
ဗိုလ်ချုပ်အောင်ဆန်းဟာ ဦးစောရဲ့ ပစ်မှတ်တစ်ခု အဖြစ် ဖြစ်လာပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရှိနေသမျှ သူဟာ နန်းရင်းဝန်ဖြစ်ဖို့ မလွယ်ဘူး။ အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလ ခေါင်းဆောင်များကို သုတ်သင်ပစ်မှ ဖြစ်မယ် ဆိုတဲ့ ခံယူချက် ရှိလာတယ်။ သူဟာ အကြံလည်းပက်စက်၊ ဇက်ရဲလက်ရဲလည်း ရှိတယ်။ လုပ်ရဲကိုင်ရဲတယ်။ အကြံကြီးတယ်။ ဇွဲကောင်းတယ်။ ပရိယာယ်ကြွယ်တယ်။
သူ့အပေါ် သစ္စာခံမယ့် ခိုင်းစေတာကို နာခံ ဆောင်ရွက်ပေးနိုင်မယ့် လူငယ်လူရွယ်တွေကို တစ်ဖက်က စည်းရုံးပြီး လူစုပါတယ်။ အဲဒီ လူစုရာမှာ သူ့ဘက်က ရပ်တည်မယ့် လူတွေကို အယုံသွင်းတယ်။ သစ္စာရေတိုက်တယ် ဆိုတဲ့ အလုပ်တွေကို တစ်ဘက်ကလုပ်ပြီး တစ်ဖက်ကလည်း လက်နက်ရဖို့ ကိစ္စတွေကို အလောတကြီး လုံးပန်းပါတယ်။
သူဟာ သူ့သားချင်းများနဲ့ သာယာဝတီနယ်က လူငယ်တွေကို လက်သပ်မွေးတယ်။ သူစည်းရုံးလို့ရတဲ့ လူငယ်တချို့ နာမည်တွေကို ဖော်ပြပါမယ်။ အဲဒီလူငယ်တွေက မောင်နီ၊ ခင်မောင်ရင်၊ ရန်ကြီးအောင်၊ သုခ၊ ဘညွန့်၊ သက်နှင်း၊ စိန်ကြီး၊ မောင်စိုး၊ မှုန်ကြီး စသည်တို့ ဖြစ်ပါတယ်။
သူ့ဆီရောက်တဲ့ တပည့်တွေကို သူက သူ့အိမ်ဘုရားခန်းမှာ သစ္စာဆိုစေပါတယ်။ ''ဂဠုန်တပ် စစ်သူကြီး ဦးစော၊ နောက် ဂဠုန်တပ်သားများ အပေါ်မှာ သစ္စာတည်ပါတယ်။ တိုင်းပြည်အတွက် အသက်စွန့်ပါမယ်''လို့ သစ္စာဆိုစေပါတယ်။
သစ္စာဆိုပြီးတဲ့ စာရွက်အပေါ်မှာ ''တိုင်းပြည်အပေါ် သစ္စာဖောက်မိလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ပါပြီ''လို့ ရေးသားပြီး လက်မှတ်ထိုးစေပါတယ်။ ဒီစာရွက်ပေါ်မှာ နေ့စွဲတပ်မထားပါ။ လက်မှတ်ထိုးပြီးတဲ့ စာရွက်တွေကို ဦးစောကပဲ သိမ်းယူထားပါတယ်။ အဲဒီလို တပည့်တွေ မွေးထားပြီး တတ်နိုင်သလောက်လည်း ငွေရေးကြေးရေး အရ ထောက်ပံ့ ကျွေးမွေးထားပါသတဲ့။
၁၉၄၇ မေလမှာ ဦးစောဟာ မေဂျာယမ်း ဆက်သွယ်ပေးတဲ့ ဗီဗြင်နဲ့ လက်နက်ကိစ္စကို တေ့တေ့ဆိုင်ဆိုင် စကားပြောတယ်တဲ့။ ဇွန်လမှာ ပြင်ဆင်မှုများ ပြုလုပ်တယ်။ လက်နက်ကိစ္စ စကားပြောတဲ့အခါ ကပ္ပတိန် ဗီဗြင်က
ဘရင်းအလက် ၂၀၀ ထုတ်ဖို့ ပြောတဲ့အခါမှာ ဦးစောက လက်နက် ၂၀၀ များလွန်းတဲ့အကြောင်း ပြောပြတယ်။ သူက လက်နက် ၂၀၀ စလုံး ထုတ်ယူမှ ဖြစ်မယ်။ ကိုယ်ကြိုက်သလောက် ယူထားပြီး ကျန်တဲ့လက်နက်တွေကို ဖျောက်ဖျက်ပစ်ပါလို့ အတန်တန်ပြောမှ ဦးစောကလည်း  သဘောတူခဲ့တယ်လို့ သိရတယ်။
ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းမှာ ဗီဗြင်ဟာ လက်နက်ထုတ်ဖို့ အတွက် တံဆိပ်နှိပ်ပြီး ပုံစံများကို ဦးစောရဲ့အိမ်သို့ ယူလာတယ်။ ဦးစောက ဘညွန့်ကို ပုံစံများ ဖြည့်စေတယ်။ ပြီးတော့ ပုလိပ် အင်စပက်တော် ဘစိန် ဟု
လက်မှတ်ထိုးစေတယ်။ ဗီဗြင်က အေ-ဘီဒေးဗစ်လို့ လက်မှတ်ထိုးတယ်။
နောက်နေ့မှာ ဘညွန့်က ပုလိပ် အင်စပက်တော် ယူနီဖောင်းနဲ့ ပခုံး တစ်ဖက်တစ်ချက်မှာ ကြယ်ပွင့်နှစ်ပွင့်စီ တပ်ဆင်ထားတယ်။ မောင်စိန်က အရစ်သုံးရစ်နဲ့ ပုလိပ်ဆာဂျင်လို ၀တ်ထားတယ်။ သူတို့ဟာ ဦးစော လူများနဲ့ သုံးတန် ထရပ်ကား နံပါတ် ၁၀၁၅ တပ်ပြီး လက်နက်တိုက်ကို မောင်းသွားတယ်။ အခက်အခဲ မရှိဘဲ လွယ်လွယ်ကူကူနဲ့ ဘရင်းသေနတ် အလက် ၂၀၀ ပြောင်းပို ၂၀၀၊ ကျည်ကပ် ၈၀၀ ကို ထုတ်ယူလိုက်ကြတယ်။ ထုတ်ယူပြီး ဦးစောနေအိမ်ကို ပြန်ခဲ့တယ်။ အိမ်ကိုရောက်တဲ့အခါမှာ လက်နက်များကို ထရပ်ကားပေါ်၌ပင် ထားကာ ကားကိုဝင်းထဲမှာ ထိုးဆိုက်ထားတယ်။
စက်သေနတ် အလက် ၂၀၀ ယူခဲ့တဲ့နေ့က ဆိုရင် ဦးစောဟာ လက်နက်တွေ ရလာတော့ အထူး ၀မ်းသာသွားတယ်။ ဂဠုန်ကွဆိုပြီး လက်သီးဆုပ်ပြီး ကြွေးကြော်လိုက်သေးတယ်။ တပည့်များဟာလည်း ဒီလောက်များတဲ့ လက်နက်တွေ တစ်ခါမှ မတွေ့ဖူးတော့ ပိုပြီး ၀မ်းသာအားရ ဖြစ်ကြတယ်။
အေ-ဘီဒေးဗစ်ဟာ ဇူလိုင်လ ၁၄ ရက်နေ့မှာ သူ့နာမည်နဲ့ လက်နက်များ ထုတ်ယူသွားတဲ့ အကြောင်း သိရတယ်။ အဲဒီတော့မှ အဲဒီနေ့မှာ ဗိုလ်တထောင် ပုလိပ်ဌာနကို တိုင်ချက် အမှတ် ၅၈၂/၄၇ ကိုဖွင့်တယ်။ အမှုကို လိုက်လံ စုံစမ်းနေကြတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆရာကြီး ဦးရာဇတ် တို့ဟာ လက်နက်များ ပျောက်သွား ကတည်းက မသမာသူများက အခုလို လုပ်ကြံလိမ့်မယ် ဆိုတာကိုတော့ သိသင့်သလောက် သိပါတယ်။

ဒီကနေ့ ဆိုရင် ဒီသမိုင်းဝင် အဖြစ်အပျက်ကြီးဟာ နှစ်ပေါင်း ၆၄ နှစ် တိုင်ခဲ့ပါပြီ။ ဒါပေမဲ့လို့ ပြည်သူတွေနဲ့ စာရေးသူတို့ဟာ အာဇာနည်ကြီးများကို မမေ့မလျော့ ရင်ထဲ အသည်းနှလုံးထဲ အစဉ်အောက်မေ့ သတိရလျက် ရှိနေကြပါတယ်။ အာဇာနည် သူရဲကောင်းကြီးများ ကောင်းရာသုဂတိ လားပါစေလို့ ဆုတောင်းပါရစေလား....
သွေးအိုင်ထွန်းမည့် ၀န်ကြီးများ အစည်းအဝေး
ဗိုလ်တထောင် လက်နက်တိုက်က လက်နက်အလက် ၂၀၀ ကျော်နဲ့ ကျည်ဆန်များ ပျောက်သွားတယ် ဆိုခြင်းဟာ ရန်ကုန် တစ်မြို့လုံးတင် မကဘူး။ မြန်မာပြည် တစ်ပြည်လုံးမှာ
အုတ်အော်သောင်းတင်း ဖြစ်သွားတယ်။ ဒါကြောင့် ပုလိပ်အဖွဲ့ကလည်း ဒီလက်နက်တွေ ကိစ္စကို အပြင်းအထန် လိုက်လံ စုံစမ်းကြပါတယ်။
ဦးစောဟာ ၁၉၄၇ ခု ဇူလိုင် ၁၉ ရက်နေ့ နံနက်မှာ ၀န်ကြီးများ အစည်းအဝေး ပြုလုပ်မယ့် အကြောင်းကို ကြိုတင်ပြီး သတင်း ရယူရထားတယ်။
ဇူလိုင်လ ၁၉ ရက်နေ့ နံနက်မှာ ၀န်ကြီးများ အစည်းအဝေး ရှိတယ်။ အဲဒီ အစည်းအဝေးမှာ လက်နက်များ ခိုးထုတ်တဲ့ ကိစ္စကို ဆွေးနွေးဖို့ ရှိတယ်။ အတွင်းဝန်များရုံးမှ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုံးခန်းနဲ့ ဆက်နေတဲ့
အစည်းအဝေးဆောင်မှာ ၀န်ကြီးများ စုဝေးကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာဝတ်စုံ ၀တ်ပြီး သူ့ရဲ့ ကန်တော်ကြီး နေအိမ်က နံနက် ၁၀ နာရီခန့်တွင် ထွက်ခွာလာခဲ့တယ်။ သူရုံးကိုရောက်ပြီး အစည်းအဝေး စတင်တယ်။
ဗိုလ်ချုပ်အောင်ဆန်းက ထိပ်စားပွဲတွင် ထိုင်တယ်။ လက်ဝဲလက်ယာ စားပွဲများမှာ ၀န်ကြီးများ ထိုင်ကြတယ်။ အတွင်းဝန် ဦးရွှေဘော်က ဗိုလ်ချုပ်အောင်ဆန်း အနားတွင် ထိုင်တယ်။ အတွင်းဝန် ဦးအုန်းမောင်က သူ့ဌာနဆိုင်ရာ ကိစ္စရပ်ကို ရှင်းလင်းတင်ပြဖို့ လာတယ်။
၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၈ နာရီလောက်မှာ ဦးစော အိမ်ကြီးကနေ ခင်မောင်ရင်၊ ဘညွန့်၊ မှုံကြီး၊ မောင်နီတို့ ထရပ်ကားနဲ့ ထွက်လာကြပါတယ်။ အဲဒီလို အိမ်ကအထွက်မှာ ဦးစောက တစ်ယောက်စီ တစ်ယောက်စီကို တီးတိုးတီးတိုး မှာကြားပါတယ်။ အဲဒီလို မှာကြားတာကို တစ်ယောက်တစ်ယောက် မသိကြပါဘူး။ ဘညွန့်ကို ဦးစောက ၀န်ကြီးများ အစည်းအဝေးလုပ်ဖို့ သေချာရင် စကားဝှက်နဲ့ 'ထ' 'ပစ်စတင်ရင်းရပြီ' လို့ ဦးစောဆီကို တယ်လီဖုန်း ဆက်ဖို့ မှာလိုက်တယ်။ နောက်ပြီး အတွင်းဝန်ရုံးက သခင်နုရှိတဲ့ နေရာသွားပြီး သခင်နုကို သေနတ်နဲ့ ပစ်သတ်ဖို့ မှာကြားတယ်။
သူတို့လေးယောက် ထွက်လာတော့ နံနက် ၉ နာရီ ရှိနေပါပြီ။ ဒါလဟိုဇီလမ်းနဲ့ ၄၁ လမ်းထောင့် ရောက်တော့ အတွင်းဝန်ရုံးကို မျက်နှာမူပြီး ကားရပ်တယ်။ ခင်မောင်ရင်နဲ့ မှုံကြီးက အရင်ဆင်းပြီး ဒါလဟိုစီလမ်းကို ဖြတ်ပြီး စပတ် လမ်းထဲကို ၀င်သွားတယ်။ ဘညွန့်ကတော့ နောက်ကလိုက်သွားတယ်။ မောင်နီက ကားစောင့်အဖြစ် နေရစ်ခဲ့တယ်။ အတွင်းဝန်ရုံးကို အထွက်လို့ ပြထားတဲ့ ဂိတ်ပေါက်က ၀င်ကြတယ်။ သူတို့နှစ်ယောက် အတွင်းဝန်ရုံး ဆင်ဝင်အောက်ကို ရောက်သွားတဲ့အခါမှာ ပျောက်သွားကြတယ်။
ဘညွန့်ကတော့ တိုင်းပြုပြည်ပြု လွှတ်တော် အဆောက်အအုံကို သွားပါတယ်။ ဦးနုရဲ့ ရုံးခန်းက အနောက်ဘက်ခြမ်း ပထမခန်းမှာပါ။ အဲဒီအခန်း အနောက်ဘက် ပြတင်းပေါက်က ပွင့်နေလို့ လှမ်းကြည့်လိုက်တော့ လူတစ်ယောက် ထိုင်နေတာ တွေ့ရတယ်။ သခင်နုပဲလို့ သူထင်တယ်။ အတွင်းဝန်ရုံး အရှေ့ဘက် ဆင်ဝင်အောက်ကို ထပ်လျှောက်သွားပါတယ်။ ၀န်ကြီးများ အစည်းအဝေး စတင် ကျင်းပဖို့ အတိအကျ သတင်းရတဲ့အခါမှ ဘညွန့်က ဦးစောဆီကို 'ပစ်စတင်းရင်းရပြီ' လို့ စကားဝှက်နဲ့ ဖုန်းဆက်လိုက်တယ်။
အဲဒီဘက်က ပြန်လှည့်လာပြီး ပြတင်းပေါက်က ထပ်ကြည့်တော့ ထိုင်နေတဲ့လူဟာ အင်္ကျီအနက် ၀တ်ထားတဲ့လူ ဖြစ်တယ်။ သခင်နု မဟုတ်မှန်းလည်း မြင်လိုက်ရတယ်။ ဒါနဲ့ ထရပ်ကား ရပ်ထားတဲ့ နေရာကို ပြန်သွားပါတယ်။ လက်ဖက်ရည် ဆိုင်တစ်ဆိုင် ၀င်ပြီး လက်ဖက်ရည်တစ်ခွက် သောက်ပါတယ်။
နောက်တစ်သုတ်မှာ သုခက ဂျစ်ကား အာရ်စီ ၁၈၁၄ ကိုမောင်းပြီး မောင်စိုး၊ သက်နှင်း၊ စိန်ကြီးနဲ့ ရန်ကြီးအောင် တို့က ရိုင်ဖယ် မောင်းပြန်သေနတ်များကို ကိုင်ကာ စစ်ဝတ်စုံများ ၀တ်ဆင်ပြီး လိုက်သွားကြပါတယ်။ အတွင်းဝန်ရုံး တစ်နေရာကို ရောက်တဲ့အခါမှာ သုခက ကားရပ်ပြီး လက်နက်ကိုင် လေးယောက်က အတွင်းဝန်ရုံး အနောက်ဖက် လှေကားမှ တက်သွားတယ်။
ဝန်ကြီးများ အစည်းအဝေးဆောင်ကို ၀င်ရောက် ပစ်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းကရပ်ပြီး လက်ဟန်ပြ တားမြစ်သေးတယ်။ သူ့ရဲဘော်များ မှားယွင်း ၀င်လာသည် ထင်၍လား၊ သူ့လုပ်ဖော်ကိုင်ဖက် ၀န်ကြီးများကို
ကာကွယ်လို၍လား၊ မသမာ သူများကမူ ဗိုလ်ချုပ်အောင်ဆန်းကိုသာ အဓိက ပစ်မှတ် အဖြစ် ထားတယ်။ သူ့အား ပယ်ပယ်နယ်နယ် ပစ်ခတ်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျည် ၁၃ ချက်သင့်၍ သေဆုံးသွားရပါတယ်။
အစည်းအဝေးဆောင် တစ်ခုလုံးကိုလည်း အနှံ့အစပ် ပစ်ခတ်ကြတယ်။ ၀န်ကြီးပျော်ဘွယ်ဦးမြ၊ ဦးဘဂျမ်းနဲ့ ဦးအောင်ဇံဝေ တို့က ကံသီ၍ လွတ်ကြတယ်။ အတွင်းဝန် ဦးရွှေဘော်လည်း လွတ်မြောက်သွားတယ်။ အလားတူ
ကျန်ဝန်ကြီးများနဲ့ အတွင်းဝန် ဦးအုန်းမောင်တို့ ဒဏ်ရာဒဏ်ချက် များစွာနဲ့ နေရာတွင် ကျဆုံးကြတယ်။ မိုင်းပွန်စော်ဘွားနဲ့ ဒီးဒုတ်ဦးဘချို တို့လည်း ဆေးရုံတွင် နာရီအနည်းငယ်သာ ခံကြတယ်။ သို့ရာတွင် ဆရာဝန်ကြီးများနဲ့ သမားတော်ကြီး ဒေါက်တာ ဘသန်း၊ လက်ထောက်ဆရာဝန် ဒေါက်တာအောင်သန်း တို့က ကြိုးစား ၍ အသက်လုကြသော်လည်း မရကြပါ။ ဗိုလ်ချုပ်အောင်ဆန်း တို့ကို လုပ်ကြံပြီး အပြန် အတွင်းဝန်ရုံး လှေကားတွင် လူသတ်သမား တို့က ၀န်ကြီး ဦးရာဇတ်ရဲ့ သက်တော်စောင့် မောင်ထွေးကို အဖျားခတ် ပစ်သွားကြတယ်။
သေနတ်သံများ ကြားပါတယ်။ ပစ်ကုန်ကြပြီ ဆိုတာ သိနိုင်ပါတယ်။ တ၀ုန်းဝုန်း တဒိုင်းဒိုင်းနဲ့ မကြားရပါ။ အရွက်များတဲ့ သရက်ပင်ကြီးကို ကျောက်စရစ်ခဲလေးများနဲ့ ဆုပ်ပြီး လှမ်းပစ်လိုက်သလို မလှမ်းမကမ်းက ကြားရသလောက် ပါပဲတဲ့။ ဘယ်လို ဖြစ်နေသလဲ သူတို့ကပဲ ပစ်နေကြသလား။ အပြန်အလှန် ပစ်နေကြသလား စသည်ဖြင့် ဘညွန့်က တွေးတောနေမိပါတယ်။
ခဏကြာတော့ အနောက်ဘက် လှေကားမကြီးအတိုင်း မောင်စိုးတို့ ခပ်သုတ်သုတ် အပြေးကလေး ဆင်းလာကြပြီး ကားပေါ်တက်ကြတယ်။ စတော့ကိတ်လမ်း အတိုင်း ကန်တော်ကြီးဘက်ကို တက်လာပါတယ်။
သူတို့ ခြံသို့ရောက်တဲ့အခါ ခါတိုင်းလို တံခါးအဖွင့်ကို စောင့်မနေရဘဲ အသင့်စောင့်နေသူက ဖွင့်ပေးပါတယ်။
ကားပေါ်ကနေ ဦးစောကို လှမ်းကြည့်လိုက်တယ်။ မတွေ့ဘူး။ ဟိုကြည့် ဒီကြည့်နဲ့ အတော်လေးကြာမှ ကန်စောင်းဘက်ကနေ ဦးစော လာနေတာကို တွေ့ရတယ်။ မောင်စိုးနဲ့ သက်နှင်း တို့က လက်သီးဆုပ်မြှောက်ကာ ''အောင်ပြီ အောင်ပြီ'' လို့ ကြွေးကြော် နှုတ်ဆက်လိုက်တယ်။ အိမ်ထဲရောက်တော့ ထိုင်ကြတဲ့အခါမှာ ပစ်ခတ်သူတွေက ဘယ်လိုပစ်လိုက်တာပဲ ဘယ်လိုဖြစ်သွားတာပဲ စသည်ဖြင့် ဆူညံနေတာပဲ။
ဦးစောရဲ့ စေခိုင်းချက် အရ မောင်စိုးတို့ အဖွဲ့က အာဇာနည် ခေါင်းဆောင်ကြီးများကို သွေးအေးအေးနဲ့ ပစ်သတ်ခဲ့ကြပါတယ်။
ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခြင်း ခံရတယ်လို့ အမှတ်ပြုကြတယ်။ အာဇာနည်ကုန်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂူမှာလည်း အဲဒီလိုပဲ ကမ္ပည်းထိုးထားပါတယ်။ တကယ်ကျတော့ ထပ်မံ လေ့လာကြတဲ့ အခါ ၁၀ နာရီ ၁၀ မိနစ်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးကြတယ် ဆိုပဲ။
ဒီကနေ့ ဆိုရင် ဒီသမိုင်းဝင် အဖြစ်အပျက်ကြီးဟာ နှစ်ပေါင်း ၆၄ နှစ် တိုင်ခဲ့ပါပြီ။ ဒါပေမဲ့လို့ ပြည်သူတွေနဲ့ စာရေးသူတို့ဟာ အာဇာနည်ကြီးများကို မမေ့မလျော့ ရင်ထဲ အသည်းနှလုံးထဲ အစဉ်အောက်မေ့ သတိရလျက် ရှိနေကြပါတယ်။
အာဇာနည် သူရဲကောင်းကြီးများ ကောင်းရာသုဂတိ လားပါစေလို့ ဆုတောင်းပါရစေလား။

အားလုံး ငြိမ်းချမ်းသာယာမှု အဖြာဖြာ ကျရောက်ပါစေ။ကျန်းမာ၊ ချမ်းသာကြပါစေ။

 လုပ်ကြံခံရခြင်း

AddThis Social Bookmark Button
w64127
နိုင်ငံတကာ လုပ်ကြံမှုများ
အေဗရာဟင်လင်းကွန်းသည် ၁၈၀၉ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ကင်တပ်ဆီပြည်နယ်၊ လယ်တဲလေး တစ်လုံးတွင် မွေးဖွားခဲ့သည်။ ဘ၀ကား ခက်ခဲ ကြမ်းတမ်းလှ၏။ ၁၅ နှစ် အရွယ်တွင် စာရေးတတ်၊ ဖတ်တတ်သာ ရှိသေး၏။ ဘ၀ကို ပင်ပန်းကြီးစွာ ရုန်းကန်၍ တိုးတက်မြင့်မားအောင် လုပ်ခဲ့၏။ သူ၏ လုံ့လ ၀ီရိယ ကြီးမားမှုကြောင့် ဆင်းရဲဒုက္ခ ဟူသမျှ ကျော်ဖြတ်၍ အမေရိကန် ပြည်ထောင်စု၏ ၁၆ ယောက်မြောက် သမ္မတကြီး ဖြစ်ခဲ့လေသည်။
အမေရိကန် တောင်ပိုင်း၊ မြောက်ပိုင်းခွဲရေး ဟူသော အယူအဆကြောင့် ပြည်တွင်းစစ်ကြီး ဖြစ်ရာ လင်းကွန်းက ခွဲရေးသမားတို့အား နိုင်အောင် တိုက်ခဲ့၏။ အမေရိကန်နိုင်ငံရှိ ကျွန်အားလုံးကို ၁၈၆၃ ခုနှစ်တွင် လွတ်မြောက်ခွင့်ပေးကာ ကျွန်စနစ်ကို ဖျက်သိမ်းခဲ့၏။ ထို့ကြောင့် တောင်ပိုင်းသားတို့က လုံးဝ မကျေနပ်ကြ။
လင်းကွန်းအား မကျေနပ်သူ လူတစ်စုက လင်းကွန်းကို လုပ်ကြံဖို့ ကြိုးပမ်းရာ ၈၂ ကြိမ်တိတိ ရှိသတဲ့။ ၁၈၆၅ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့တွင် ၈၃ ကြိမ်မြောက် လုပ်ကြံမှ လုပ်ကြံမှု အောင်မြင်သွားလေ၏။ လုပ်ကြံသူမှာ ဂျွန်ဝီလ်ကီစ်ဘုသ် ဖြစ်၏။ အမှန်တရားကို ရှာဖွေရသည်မှာ အန္တရာယ်ကြီးလှ၏။ သိပ်တော့ မလွယ်ကူလှ။
ဂျွန်အက်ဖ်ကနေဒီသည် အမေရိကန် ပြည်ထောင်စု၏ ၃၅ ယောက်မြောက် သမ္မတ ဖြစ်၏။ သူ့ကို ၁၉၁၇ ခုနှစ်၊ မေလ ၂၉ ရက်တွင် မက်ဆာချူးဆက်ပြည်နယ်၊ ဘရွတ်ကလင်မြို့၌ မွေးဖွားခဲ့၏။ ၁၉၆၀ ပြည့်နှစ်တွင် သမ္မတ ဖြစ်ခဲ့၏။ ကနေဒီသည် သမ္မတ တာဝန် နှစ်နှစ်နှင့် ၁၀ လမျှ တာဝန်ထမ်းဆောင်ပြီး ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် လုပ်ကြံခံရ၏။ လုပ်ကြံသူသည် အသက် ၂၄ နှစ်အရွယ်ရှိ လီးဟာဗေးအော့စ်ဝဲ ဆိုသူ ဖြစ်၏။ သူသည် လက်ဝဲ၀ါဒယိမ်းသူ ဖြစ်၏။
ဂျွန်အက်ဖ်ကနေဒီ၏ညီ ရောဘတ် ကနေဒီသည်လည်း ၁၉၆၈ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ ဒီမိုကရက်တစ် ပါတီ၏ သမ္မတလောင်း မဲဆွယ်ပွဲတွင် လုပ်ကြံခံရပြန်၏။ လုပ်ကြံသူကား အသက် ၂၄ နှစ် အရွယ်ရှိ ပါလက်စတိုင်းလူမျိုး ရှာဟန်ဘီရှာဟန် ဆိုသူ ဖြစ်၏။ ရောဘတ်ကနေဒီက အစ္စရေးနိုင်ငံအား ထောက်ခံသဖြင့် ရန်သူဟု သတ်မှတ်ထားသူ ဖြစ်၏။
မစ္စတာဂန္ဒီသည် အ၀ိဟိံသ၀ါဒီ - ငြိမ်းချမ်းရေးသမား ဖြစ်၏။ အိန္ဒိယ နိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဖြစ်၏။ နိုင်ငံသား အများစုက အိန္ဒိယ၏ မဟာဝိညာဉ်တော်ကြီး အဖြစ် ''မဟတ္တမ'' ဟူ၍ ဂုဏ်ပုဒ်တပ်ကာ မဟတ္တမဂန္ဒီဟု ခေါ်ကြ၏။ ၁၈၆၉ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ပေါ်ဘန်ဒါနယ်၌ မွေးဖွားခဲ့၏။

အမြင်မှန်ရမည်၊ အယူအဆ မှန်ရမည်၊ အတွေးအခေါ် မှန်ရမည်၊ မှန်မှန်ကန်ကန် ပြောရမည်၊ မှန်မှန်ကန်ကန် လုပ်ရမည်၊ မှန်မှန်ကန်ကန် အသက်မွေးဝမ်းကျောင်း ပြုရမည်၊ မှန်ကန်စွာ အားထုတ်ရမည်၊ အမှန်တရားကို အာရုံပြုရမည်၊ အမှန်တရားကို စိတ်ထဲ၌ ထားရမည်၊ မိမိတို့၏ ကံသုံးပါး သစ္စာတရားနှင့် ယှဉ်ခဲ့သော် လုပ်ကြံမှုမှ လွတ်မြောက်ပါလိမ့်မည် .....
ဂန္ဒီသည် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလထဲတွင် ဟိန္ဒူ-မူဆလင် ပဋိပက္ခ အတွက် အစာငတ်ခံ ဆန္ဒပြခဲ့၏။ အကျိုးဆက်ကား လူများစု ဟိန္ဒူများက အလျှော့ပေး၍ ပြေလည်အောင် လုပ်ပါမည်ဟု ကတိပေးကြ၏။ ထိုအတွက် အစွန်းရောက် ဟိန္ဒူများက ဂန္ဒီကို မကျေနပ်ကြ။ ထို့ကြောင့် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် သတင်းစာ အယ်ဒီတာ နာသူရမ်ဗွီရုဆီး ဆိုသူ အစွန်းရောက် ဟိန္ဒူ လူရွယ် တစ်ယောက်က အနီးကပ် သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံလိုက်လေသည်။
အင်ဒီရာဂန္ဒီသည် အိန္ဒိယ လွတ်လပ်ရေး ခေါင်းဆောင် ဂျဝါဟလာနေရူး၏ သမီး ဖြစ်သည်။ ပညာရည် မြင့်မား၍ ထူးချွန်ထက်မြက်သည်၊ ရဲဝံ့ပြတ်သားသည်၊ ထိုအရည်အသွေးများက သူမအား နိုင်ငံ့ခေါင်းဆောင်ကောင်း အဖြစ်သို့ ပို့ဆောင်ပေးခဲ့၏။ သူမသည် ၁၉၆၆ ခုနှစ်မှ ၁၉၈၄ ခုနှစ် အထိ နှစ်ပေါင်း ၂၀ နီးပါးမျှ ၀န်ကြီးချုပ် အဖြစ်နှင့် အိန္ဒိယနိုင်ငံကြီးကို ဦးဆောင်ခဲ့သည်။
၁၉၈၄ ခုနှစ်တွင် ဘာသာရေးနှင့်စပ်၍ အစွန်းရောက် ဆစ်ခ် စစ်သွေးကြွများကို အပြတ်အသတ် နှိမ်နင်းလိုက်သည်။ ထိုအတွက်ကြောင့် ယင်းနှစ် အောက်တိုဘာလ ၃၁ ရက်တွင် အင်ဒီရာဂန္ဒီ၏ သက်တော်စောင့် အမှုထမ်းသက် ရှစ်နှစ်မျှ ရှိသူ ဆစ်ခ်လူမျိုး လူယုံတော် ဘီယန်ဆင်း က အနီးကပ် သေနတ်ဖြင့် လုပ်ကြံသည်ကို အင်ဒီရာဂန္ဒီ ခံလိုက်ရသည်။
အင်ဒီရာဂန္ဒီ၏သား ရာဂျစ်ဂန္ဒီ သည် ၁၉၈၄ ခုနှစ်တွင် မိခင်၏ ရာထူးကို ဆက်ခံကာ ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၁၉၉၁ ခုနှစ် အိန္ဒိယသည် အခြေအနေဆိုးလျက် ရှိသည်။ အစိုးရအဖွဲ့တွင် အရည်အချင်း မရှိသူများနှင့် ပြည့်နှက်လျက် ရှိသည်၊ အာဏာ မက်သူများနှင့် မိမိနှင့် ဆိုင်ရာများ ကောင်းစားရေးကို ရှေ့တန်းတင်သူ အကျင့်ပျက်များက ကြီးစိုးနေကြသည်။ ဘာသာစွဲ၊ ဒေသစွဲ များကလည်း တစ်မှောင့် ဆိုသလို ရှိသည်။
တမီးလ်လူမျိုး အစွန်းရောက်တို့ ပြဿနာက အကြီးမားဆုံး ဖြစ်သည်။ ၁၉၉၁ ခုနှစ် မေလ ၂၁ ရက်နေ့ လူထုအစည်းအဝေးပွဲကြီးတွင် အသေခံ ဗုံးခွဲသူ တမီးလ် အမျိုးသမီးငယ် ဒီဟာနု(ခ)လာယာတီ၊ ရူဘဟာ (ခ)ရှာလီနီ တို့၏ လုပ်ကြံမှုကြောင့် ရာဂျစ်ဂန္ဒီ ကွယ်လွန်ရသည်။ ဤကား နိုင်ငံတကာ လုပ်ကြံမှုများမှ အထင်ရှားဆုံး လုပ်ကြံမှုများ ဖြစ်သည်။
ပါဠိစာပေလာ လုပ်ကြံမှုများ
အရှင်မောဂ္ဂလာန် ပရိနိဗ္ဗာန် ပြုသောအခါ ခိုးသားငါးရာ တို့၏ လုပ်ကြံမှုကို ခံရ၍ ပရိနိဗ္ဗာန် ပြုရ၏။ သူသည် အတိတ်ဘ၀ တစ်ခုက အိမ်သူသက်ထား၏ မဟုတ်မမှန် လုပ်ကြံ ကုန်းချောမှုကြောင့် မိဘနှစ်ပါးကို လုပ်ကြံခဲ့လေ၏ ဤအဖြစ်အပျက်မျိုးသည် ပါဠိစာပေ၌ မြောက်မြားစွာ ရှိသည်။
သောတာပန် ကျောင်းဒကာ ဗိမ္ဗိသာရ မင်းကြီးသည် သားမိုက် အဇာတသတ်၏ လုပ်ကြံမှုကြောင့် နတ်ရွာစံရသည်။ အဇာတသတ်မင်းလည်း သားမိုက် ဥဒယ မင်းသား၏ လုပ်ကြံမှုကြောင့် နတ်ရွာစံရသည်၊ ဥဒယမင်းလည်း သားမိုက် မဟာမုဏ္ဍိက မင်းသား၏ လုပ်ကြံမှုကြောင့် နတ်ရွာစံရသည်၊ မဟာမုဏ္ဍိကမင်းလည်း သားမိုက် အနုရုဒ္ဓါ မင်းသား၏ လုပ်ကြံမှုကြောင့် နတ်ရွာစံရသည်၊ အနုရုဒ္ဓါမင်းလည်း သားမိုက် နာဂဒါသ မင်းသား၏ လုပ်ကြံမှုကြောင့် နတ်ရွာစံရသည်။ နောက်ဆုံး ထိုအစဉ်အလာ ဆိုးကြီးကို တိုင်းပြည်က အဆုံးသတ်လိုက်ရသည်။
အရှင်ဒေ၀ဒတ်နှင့် အဇာတသတ်တို့ ပူးပေါင်း ကြံစည်မှုဖြင့် ဘုရားရှင်ကို လုပ်ကြံဖို့ နာဠာဂိရိဆင်ကြီးကို အရက် မူးအောင်တိုက်ပြီး ဘုရားရှင် ဆွမ်းခံလမ်းကို မျက်နှာချင်းဆိုင်မှ လွှတ်လိုက်ကြ၏။ သို့သော် ဘုရားရှင်၏ မေတ္တာတော် အနန္တကြောင့် လုပ်ကြံမှု မအောင်မြင်ခဲ့။
အရှင်ဒေ၀ဒတ်သည် ဘုရားရှင်ကို လုပ်ကြံဖို့ ဘုရားရှင် ဂိဇ္ဈကုဋ်တောင်ရိပ် စကြံလျောက်ခိုက် ဂိဇ္ဈကုဋ် တောင်ပေါ်မှနေ၍ ကျောက်တုံးကြီးကို လှိမ့်ချလိုက်၏။ သို့သော် ဘုရားရှင်၏ တန်ခိုးတော် အနန္တကြောင့် နံဘေးက တောင်နှစ်လုံးက လာခံထား၍ ကျောက်တုံးကြီးက အောက်မကျဘဲ တင်နေလေ၏။ လုပ်ကြံမှု အထမမြောက်လိုက်။ သို့သော် ကျောက်တုံး ခပ်သေးသေး တစ်ခု ပဲ့၍ ဘုရားရှင်၏ ခြေမတော်ပေါ် ကျသဖြင့် အတွင်းကြေကြေကာ အနာဖြစ်၍ ခွဲစိတ်ကုသမှုကိုတော့ ခံယူရသေး၏။
တိတ္ထိတို့သည် ဘုရားကို မတုပနိုင်သဖြင့် မဟုတ်မမှန် လုပ်ကြံကာ စိဉ္စမာဏ၀ိကာကို ကိုယ်ဝန် အတုအယောင်ဖြင့် ဘုရားရှင် တရားပွဲရှိရာသို့ သွားပြီး ''ရှင်ကြီး ဂေါတမနှင့် ရထားသော ကိုယ်ဝန်ပါ''ဟူ၍ လူပုံအလယ်တွင် ဂုဏ်သိက္ခာကျအောင် လုပ်ကြံ စွပ်စွဲစေလေ၏။ ဘုရားသော်မှ လုပ်ကြံမှု အမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရ၏။

w64125
အောင်ဆန်းအက်တလီစာချုပ် ချုပ်ဆိုခဲ့စဉ်က

w64126
ဘီအိုင်အေ စစ်သေနာပတိ ဘ၀ ဗိုလ်ချုပ်အောင်ဆန်း
နိုင်ငံတော် လုပ်ကြံမှုကြီး
လွန်ခဲ့သော နှစ်ခြောက်ဆယ်ကျော် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁၀ နာရီခွဲခန့် အချိန်တွင် ရန်ကုန်မြို့၊ အတွင်းဝန်ရုံး၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသော လုပ်ကြံမှုသည် ယခုထက်တိုင် ဂျာနယ်လစ်များ ရေး၍ မပြီးဆုံးနိုင်အောင် မဟာလုပ်ကြံမှုကြီး ဖြစ်၏။ လုပ်ကြံသူများမှာ ၁။ဦးစော၊ ၂။ မောင်စိုး ၃။ သက်နှင်း ၄။ မောင်စိန် ၅။ ရန်ကြီးအောင် ၆။ သုခ ၇။ ခင်မောင်ရင် ၈။ မောင်နီ ၉။ မှုန်ကြီး ၁၀။ ဘညွန့် တို့ဖြစ်ကြ၏။
လုပ်ကြံခံရသူများမှာ ၁။ ၀န်ကြီးဦးအောင်ဆန်း ၂။ ၀န်ကြီးဦးဘချို ၃။ ၀န်ကြီးသခင်မြ ၄။ ၀န်ကြီးဦးဘ၀င်း ၅။ ၀န်ကြီးမန်းဘခိုင် ၆။ ၀န်ကြီးဦးရာဇတ် ၇။ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း ၈။ အတွင်းဝန်ကလေး ဦးအုန်းမောင် ၉။ အပါးတော်မြဲ မောင်ထွေး တို့ဖြစ်ကြသည်။
လုပ်ကြံမှုကြီးကို ဦးစောက ဦးဆောင်၍ အကောင်အထည်ဖော်သော်လည်း နောက်ကွယ်၌ အထောက်အပံ့တွေ များစွာ ရှိနေသည်ဟု ယူဆကြသည်။ နိုင်ငံတော် လုပ်ကြံမှုတိုင်းကလည်း ဤနည်းနှင်နှင်သာ ဖြစ်သည်။ လုပ်ကြံမှု တစ်ခု၏ နောက်ကွယ်၌ အုံနှင့်ကျင်းနှင့် ရှိတတ်ကြသည်။ ဦးစော၏ နောက်ကွယ်၌ ''မစားရတဲ့ အမဲ သဲနှင့်ပက်၊'' ''မင်းသားကြီး မလုပ်ရ ပတ်မကြီး ထိုးဖောက်''ဟူသော အယူအဆ ရှိသူများကတော့ အဓိက ကျနေပေလိမ့်မည်။
လူမိုက်အားပေး၊ မြှောက်ထိုးပင့်ကော်၊ အားပေးအားမြှောက် ပြုနိုင်သူများမှာ အရင်းရှင် ဓနရှင်များလည်း ပါဝင်ပေလိမ့်မည်၊ (ဗိုလ်ချုပ်က ကုန်သည်ကြီးများကိုခေါ်၍ သူတို့ အစိုးရ လက်ထက်တွင် အားလုံး ပြည်သူပိုင် သိမ်းမည်ဟု ကြိုတင်၍ ပြောထားသောကြောင့်)၊ ''လူဆိုတာ လေးဆယ်ကျော်ရင် ယုတ်မာတော့တာပဲ''ဟူသော ဘားနဒ်ရှော့၏ အဆိုအတိုင်း ဗိုလ်ချုပ်နှင့် ဆန့်ကျင်ဘက် အသက်လေးဆယ်ကျော် အာဏာ၏ အရသာကို မြည်းစမ်းဖူးသူ နိုင်ငံရေး လုပ်စားလိုသူ နိုင်ငံရေးသမား ဟောင်းကြီးများလည်း ပါဝင်ပေလိမ့်မည်။ နောက်မှ မွေးလာသူက 'မိဦး' ဖြစ်နေတာကို မနာလို မရှုဆိတ်နိုင်သော ဣဿာမစ္ဆရိယတွေကတော့ တွန်းအား ဖြစ်လိမ့်မည်၊ အများ ထင်ထားကြသူ တစ်ဦးတစ်ယောက်ကလည်း သူ၏ စိတ်ဓာတ်အရ ဖြစ်နိုင်ခြေတော့ ရှိသည်။ (မြန်မာရာဇ၀င်လာ လုပ်ကြံမှုများကို နောင်မှ တသီးတသန့်ရေးဖို့ ရည်ရွယ်ထားသည်)
လုပ်ကြံမှုဟူသည်
လုပ်ကြံမှုကို မြန်မာအဘိဓာန်က ''၁။ ဖြစ်မြောက်အောင် ကြံဆောင်သည်၊ ၂။ ကြိုးပမ်း တိုက်ခိုက်သည်၊ ၃။ တစ်စုံတစ်ဦးအား ကြိုတင်စီစဉ် သတ်ဖြတ်သည်၊ ကြိဝိ-လီဆယ် ဖန်တီး၍''ဟူ၍ ဖွင့်သည်၊ သို့ဆိုသော်လည်း အများစုက လီဆယ် ဖန်တီးမှုကိုသာ လုပ်ကြံမှုဟု နားလည်ကြသည်။
မဟုတ်မမှန် လုပ်ကြံဟု ဆိုသည့်အတိုင်း မဟုတ်မမှန်သော အမှု ဟူသမျှ လုပ်ကြံမှုသာ ဖြစ်သည်၊ နားလှည့်ပါးရိုက်ခြင်း၊ ပျားရည်နှင့်ဝမ်းချခြင်း၊ လက်တစ်လုံးခြားလုပ်ခြင်း၊ လူပါးဝခြင်း၊ လူလည်ကျခြင်း၊ ခြံစည်းရိုး၌ခွထိုင်ခြင်း၊ သာပေါင်းညာစားခြင်း၊ ပဉ္စလက်နည်းနှင့် လှည့်စားခြင်း စသော ပညာဉာဏ် ဦးစီးသော ကြံရည်ဖန်ရည် မဟုတ်ဘဲ မာယာဉာဏ် ဦးစီးသော ဉာဏ်နီဉာဏ်နက် သုံး၍ အကြံအဖန် လုပ်ဆောင်မှု ဟူသမျှ လုပ်ကြံမှုသာ ဖြစ်သည်။
ဆုတ်ကပ်၌ မဟုတ်မဟတ်တွေက များလှသည်၊ သားရောင်းသူ တချို့က ရေထိုး၍ရောင်းသည်၊ ငါးရောင်းသူတချို့က ခဲထည့်၍ ရောင်းသည်၊ ပဲရောင်းသူတွေလည်း တချို့က ခဲထည့်၍ ရောင်းသည်၊ နို့မှုန့်ထဲမှာ မယ်လမင်းဓာတ်တွေ ထည့်သွင်း လုပ်သဖြင့် လူမမယ် ကလေးငယ်များ ဒုက္ခရောက်ရသည်၊ မဟုတ်မဟတ် ဟူသမျှ လုပ်ကြံမှုတွေသာ ဖြစ်သည်၊ ဆုတ်ကပ်၌ လုပ်ဇာတ်တွေက များလှသည်၊  မဟုတ်မဟတ် လုပ်ဇာတ် ဟူသမျှ လုပ်ကြံမှုသာ ဖြစ်သည်။
အများ နားလည်ကြသော လုပ်ကြံမှုသည် ပါဏာတိပါတ အမှုနှင့်သာ ဆိုင်သလို ရှိသည်။ အမှန်စင်စစ် လုပ်ကြံမှု ဟူသည် အဒိန္နာဒါန အမှုနှင့်လည်း ဆိုင်သည်၊ မုသာဝါဒ အမှုနှင့်လည်း ဆိုင်သည်၊ ယင်းပါဏာတိပါတ၊ အဒိန္နာဒါန၊ မုသာဝါဒ အမှုတို့သည် အများပြည်သူနှင့် သက်ဆိုင်ပါက နိုင်ငံတော် လုပ်ကြံမှုသာ ဖြစ်သည်။
လုပ်ကြံမှုတွင် မာယာ ပါသည်၊ လုပ်ကြံမှုတွင် သာဌေယျ ပါသည်၊ လုပ်ကြံမှုတွင် ဉာဏ်နီဉာဏ်နက် ပါသည်၊ ကလိန်စေ့ကို ငြမ်းဆင်ခြင်းသည် လုပ်ကြံမှုပင် ဖြစ်သည်။
လုပ်ကြံခံရခြင်း
ပုထုဇဉ်လူသား အဖို့ ဟုတ်မှန်တာတွေက နည်းနေပြီ မဟုတ်မမှန်တာတွေက များနေသည်။ သညာဝိပလ္လာသ၏ လုပ်ကြံမှုကို ခံနေရသည်၊ စိတ္တ၀ိပလ္လာသ၏ လုပ်ကြံမှုကို ခံနေရသည်၊ ဒိဋ္ဌိဝိပလ္လာသ၏ လုပ်ကြံမှုကို ခံနေရသည်၊ သညာဝိပလ္လာသက အမှတ်မှားအောင် လုပ်ကြံထားသည်၊ စိတ္တ၀ိပလ္လာသက အသိမှားအောင် လုပ်ကြံထားသည်၊ ဒိဋ္ဌိဝိပလ္လာသက အယူမှားအောင် လုပ်ကြံထားသည်။
မမြဲသော ရုပ်နာမ်သဘောကို မြဲသယောင်၊ အတည်တကျ မရှိသော ရုပ်နာမ် သဘောကို အတည်တကျယောင်ဆောင် အမှတ် မှားနေသည်၊ အသိ မှားနေသည်၊ အယူ မှားနေသည်၊ မကောင်းသော၊ ဆင်းရဲသော ရုပ်နာမ်နှစ်ပါးကို ကောင်းသယောင်၊ ချမ်းသာသယောင် အမှတ်မှားနေသည်၊ အသိမှားနေသည်၊ အယူမှားနေသည်၊ အစိုးမရသော၊ အကောင်အထည် မဟုတ်သော၊ ငါမဟုတ်သော ရုပ်နာမ် သဘောကို အစိုးရသယောင်၊ အကောင်အထည် ဟုတ်သယောင်၊ ငါဟုတ်သယောင် အမှတ် မှားနေသည်၊ အသိ မှားနေသည်၊ အယူ မှားနေသည် မတင့်မတယ် နှစ်သက်ဖွယ် မဟုတ်သော ရုပ်နာမ်သဘောကို တင့်တယ်သယောင်၊ နှစ်သက်ဖွယ် ကောင်းသယောင် အမှတ်မှားနေသည်၊ အသိ မှားနေသည်၊ အယူ မှားနေသည်၊ ပုထုဇဉ် ဟူသည် ၀ါးတားတားမှ တကယ့် ၀ါးတားတား ဖြစ်သည်၊ လုပ်ကြံခံထားရခြင်းကြောင့် ဖြစ်သည်။
လုပ်ကြံမှုမှလွတ်ရာလမ်း
လုပ်ကြံမှုမှ လွတ်မြောက်ဖို့ အတွက် အစွန်း မထွက်သော မဇ္ဈိမ ပဋိပဒါလမ်းကို ရွေးချယ်၍ လျှောက်ရမည်၊ အမြင်မှန်ရမည်၊ အယူအဆ မှန်ရမည်၊ အတွေးအခေါ် မှန်ရမည်၊ မှန်မှန်ကန်ကန် ပြောရမည်၊ မှန်မှန်ကန်ကန် လုပ်ရမည်၊ မှန်မှန်ကန်ကန် အသက်မွေးဝမ်းကျောင်း ပြုရမည်၊ မှန်ကန်စွာ အားထုတ်ရမည်၊ အမှန်တရားကို အာရုံပြုရမည်၊ အမှန်တရားကို စိတ်ထဲ၌ ထားရမည်၊ မိမိတို့၏ ကံသုံးပါး သစ္စာတရားနှင့် ယှဉ်ခဲ့သော် လုပ်ကြံမှုမှ လွတ်မြောက်ပါလိမ့်မည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀ပုံရိပ်နှင့် သူ၏ ဒဿန အမြင်များ

w64020
ကန်တော်မင် ပန်းခြံတွင် တရားဟောခဲ့စဉ်


w64021
ဗိုလ်ချုပ်နှင့်ဇနီး ဒေါ်ခင်ကြည် မိသားစု

ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း
၂၀၁၁ ခု ဇူလိုင်လ(၁၉)ရက် အာဇာနည်နေ့
''နှစ်လရာသီ--အခါရာသီ ရွေ့ပေမယ့် အာဇာနည်နေ့ကိုဖြင့်--မမေ့သင့်ပါပြီ'' all india ရေဒီယိုမှ မေလှမြိုင်၏ တေးသီချင်း တစ်ပိုင်းတစ်စကို ကြားလိုက်ရသည်။ ဗိုလ်ချုပ်တို့ ကျဆုံးချိန်က ကျွန်တော်မှာ ခြောက်နှစ်၊
ခုနစ်နှစ်သားအရွယ် ရောက်နေပါပြီ။ ရွာတွင် လူကြီးမိဘများနှင့် ရဟန်း သံဃာများ မျက်ရည်စက်လက် ဖြစ်နေပုံကို ယခု အနှစ် ၆၀ ကျော်လာသည့်တိုင် ပြန်လည် မြင်ယောင်နေပါသည်။ သို့အတွက် Weekly Eleven မှ တစ်ဆင့် ပြည်သူတို့ တင်ပြရန် ဤဆောင်းပါးကို ရေးရခြင်း ဖြစ်ပေသည်။
ဗိုလ်ချုပ်အောင်ဆန်းကို ၁၂၇၆ ခု တပေါင်းလဆန်း ၁ ရက် (၁၃-၂-၁၉၁၅) နေ့တွင် မကွေးခရိုင် နတ်မောက်မြို့ ရှေ့နေကြီး ဦးဖာ၊ ဒေါ်စု တို့က မွေးဖွားခဲ့သည်။ ဇာတာ အမည် (မောင်ထိန်လင်း) ဖြစ်ပြီး သူ့အစ်ကို ဦးအောင်သန်း အမည်နှင့် လိုက်ဖက်အောင် (အောင်ဆန်း)ဟုပင် ခေါ်ခဲ့ကြသည်။ ဗိုလ်ချုပ်မှာ မင်းတုန်းမင်းကြီး၏ အမတ်တစ်ဦး ဖြစ်သော ခမ်းပတ်မင်းကြီးနှင့် သမားတော် ဦးကျော်ဇံ၊ တောင်တွင်း ရှင်အဂ္ဂသမာဓိ တို့၏ မျိုးဆက် ဖြစ်ကြောင်း သိရသည်။
ဗြိတိသျှတို့အား လက်နက်ကိုင် တော်လှန်ခဲ့သော ဦးမင်းရောင် (ခ) ဗိုလ်လရောင်မှာ ဗိုလ်ချုပ်နှင့် အဖိုးလေး တော်သည်။ ဗိုလ်ချုပ်မှာ ငယ်စဉ်ကပင် မဟုတ်မခံ၊ မမှန်တာမလုပ်။ တစ်ဦးတည်း ငူတူတူ စဉ်းစားနေတတ်သူ ဖြစ်သည်။
ခုနစ်နှစ်သား အရွယ် နတ်မောက်မြို့ ဦးသောဘိတထံ စာသင်ရာ ၁၂ နှစ်သားတွင် လေးတန်းအောင်သည်။ ထို့နောက် ရေနံချောင်း အ.ထ.က သို့ ပြောင်း၍ သင်ကြားသည်။ တစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာ ကျောင်းများတွင် ပထမ စွဲသဖြင့် ဆရာကြီး ဦးရွှေခိုင်က ရွှေတံဆိပ်ဆု ပေးခဲ့သည်။

သခင်အောင်ဆန်း ဘ၀က ရေးခဲ့သော (နိုင်ငံရေးအမျိုးမျိုး) ဆောင်းပါးတွင် 'နိုင်ငံရေးသည် လူမှုသူမှု ကိစ္စအားလုံးပင် ဖြစ်၏။ လူဟူ၍ ကမ္ဘာတွင် ဖြစ်လာသည့်အခါ လူတန်းစား အလျောက် လူလိုနေ၊ လူလိုစား၊ လူလိုသောက်၊ လူလိုလုပ်ချင်လာ၏။ လူလိုလုပ်ရန် ကြိုးစားရင်း အထမြောက် အောင်မြင်လာသည်။ ပိုမို ကျယ်ပြောလာ၏။ လူနှင့်တိရစ္ဆာန် ကွဲပြားမှုမှာ လူတွင် တတ်သည့်အစွမ်း၊ မြင်သည့် အစွမ်း ရှိခြင်းပင် ဖြစ်သည်'ဟူ၍ ရေးခဲ့  . . .

ဗိုလ်ချုပ် ၈ တန်း ရောက်သော အခါ ဖခင် ဦးဖာ ကွယ်လွန်ရှာသည်။ ၁၉၃၂ ခုနှစ်တွင် ၁၀ တန်း အောင်သဖြင့် ရန်ကုန်တက္ကသိုလ်သို့ တက်ခဲ့သည်။ အင်္ဂလိပ်စာ၊ သမိုင်း History နှင့် Political Science ဘာသာဘွဲ့ကို ရယူသည်။ တစ်နှစ်တစ်တန်း အောင်ခဲ့သော်လည်း ၁၉၃၅၊ ၃၆ ခုနှစ်များတွင် ကျောင်းသားသမဂ္ဂ လုပ်ငန်းများ ရှုပ်ထွေးနေသဖြင့် စာမေးပွဲ မဖြေလိုက်ရပါ။ ၁၉၃၇ ခုနှစ်ကျမှ ၀ိဇ္ဇာဘွဲ့ရသည်။ ကိုအောင်ဆန်းသည် တက္ကသိုလ် ရောက်ချိန်မှ စပြီး ပဲခူးကျောင်းဆောင်၌ နေထိုင်ပြီး နိုင်ငံရေး စာအုပ်များကို သဲသဲမဲမဲ ဖတ်မှတ်ခဲ့သည်။
၁၉၃၅-၃၆ ခုနှစ်တွင် သူသည် တက္ကသိုလ် သမဂ္ဂအဖွဲ့ အမှုဆောင် E.C ဖြစ်လာပြီး အိုးဝေမဂ္ဂဇင်းကို တာဝန်ခံ ထုတ်ဝေခဲ့သည်။ (ခွေးသရမ်းကြီး လွတ်နေသည်) ဆောင်းပါးကြောင့် အိုးဝေ အယ်ဒီတာ ကိုအောင်ဆန်းနှင့် သမဂ္ဂဦးနု တို့ကို ကျောင်းထုတ်ပစ်လိုက်သည်။ ၁၉၃၆ ခုနှစ် ဖေဖော်ရီလတွင် ပထမဆုံးအကြိမ် တက္ကသိုလ်သပိတ်ကြီး ပေါ်ပေါက်လာရာ လူငယ်များ နိုင်ငံရေး နိုးကြားစ ပြုလာသည်။ ကိုအောင်ဆန်းနှင့် ကိုနုတို့ နယ်ဆင်း၍ ခရိုင်မြို့နယ်များ၌ သမဂ္ဂအဖွဲ့များ ဖွဲ့သည်။ ၃၇/၃၈ ခုနှစ်တွင် ကိုအောင်ဆန်း တစ်ယောက် ဗမာနိုင်ငံလုံးဆိုင်ရာ (ဗကသ)ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။


w64022
ကိုအောင်ဆန်း (ခ) ထိန်လင်း
နိုင်ငံရေးဘ၀ရောက်ခဲ့ရ
ထိုနှစ်မှာ သခင်ကိုယ်တော်မှိုင်းနှင့် သခင်မြတို့ ဦးစီးသော ဒို့ဗမာအစည်းအရုံးကြီး ပေါ်လာရာ ကိုအောင်ဆန်းမှာ အထွေထွေ အတွင်းရေးမှူး ဖြစ်လာပြီး (သခင်အောင်ဆန်း) အမည်ကို ရရှိခဲ့သည်။ ကျောင်းသားထုက ၀ိုင်းဝန်း ထောက်ခံသဖြင့် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့၏ ကော်မတီဝင် တစ်ဦးလည်း ဖြစ်လာသည်။ ၁၉၃၉ ခုနှစ်က မော်လမြိုင်၌ သခင်ညီလာခံကြီး ပြုလုပ်နေစဉ် ဒုတိယ ကမ္ဘာစစ်ကြီး စဖြစ်သည်။ ထိုအခါ ဗိုလ်ချုပ်တို့က အင်္ဂလိပ်အခက် - ဗမာအချက်ဟု ကြွေးကြော်ခဲ့သည်။ ထို့နောက် ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ သခင်သန်းထွန်း တို့သည် အိန္ဒိယနိုင်ငံ ရမ်ဂါ မြို့တွင် ကျင်းပသော ကွန်ဂရက် ညီလာခံသို့ တက်ခဲ့သည်။ ညီလာခံမှအပြန် သခင်အားလုံးကို အစိုးရက ဖမ်းဝရမ်း ထုတ်သည်။
အောင်ဆန်းကိုမိလျှင် ငွေ ၅ိ/- ဆုချမည်ဟု ဟင်္သာတခရိုင် ရဲဝန် မစ္စတာ ဇေဗီးယားက ပြောင်လှောင်ကာ ဆုငွေများ ထုတ်သည်။
ဗိုလ်ချုပ်တို့က အင်္ဂလိပ်ထံ လက်ဝါးဖြန့် တောင်းခံနေရုံမှဖြင့် လွတ်လပ်ရေးကို ရနိုင်မည် မဟုတ်။ လက်နက်ကိုင် တိုက်ပွဲဝင်မှ ရမည်ဟု ဆုံးဖြတ်ပြီး ဂျပန်နှင့် စေ့စပ်ကြည့်သည်။ ဂျပန်တို့က ကူညီမည် ဆိုသဖြင့် ဗိုလ်တေဇ (ခ) ကိုအောင်ဆန်းတို့ အဖွဲ့ ဂျပန်ပြည်သို့ ထွက်ခွာခဲ့ရာ ၂၄-၈-၁၉၄၀ ရက်နေ့တွင် အမွိုင်သို့ ရောက်သည်။ ထိုနှစ် နိုဝင်ဘာလတွင် တိုကျိုသို့ သွားကာ လျို့ဝှက်စကား ဆိုခဲ့ကြသည်။ သဘောတူညီချက် ရသဖြင့် ဗိုလ်ချုပ်တို့ မြန်မာနိုင်ငံသို့ ပြန်လာသည်။ ၁၉၄၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ရန်ကုန်သို့ ခေတ္တ ပြန်ရောက်ကာ မျိုးချစ် လူငယ်များကို တစ်သုတ်ပြီး တစ်သုတ် ခေါ်ထုတ်သွားရာ ဟိုင်နန်ကျွန်းပေါ်သို့ ရဲဘော်သုံးကျိပ်လုံး ရောက်ရှိသွားသည်။
ဗိုလ်တေဇနှင့် သခင်လှမြိုင်တို့ ဦးဆောင်၍ ဟိုင်နန်ကျွန်းတွင် စစ်ပညာများ အပတ်တကုတ် သင်ယူပြီး ၁၉၄၁ ခုနှစ်မှာပင် ယိုးဒယားဘက်သို့ ထွက်ခွာလာခဲ့သည်။ ဘန်ကောက်သို့ ရောက်လျှင် ၂၆-၁၂-၁၉၄၁ ရက်နေ့တွင်
ဗမာ့လွတ်လပ်ရေး တပ် မတော် BIA (Burma Independence Army) ကို ဖွဲ့စည်းကာ စစ်ကြောင်းများ ခွဲ၍ ဂျပန်တပ်များနှင့်အတူ မြန်မာနိုင်ငံတွင် ပြန်ဝင်လာခဲ့ကြသည်။ ရန်ကုန်တိုင်း အရှေ့တောင်ဘက်မှ စ၀င်သည်။
စစ်ကြီးအတွင်း ၁၁-၁၂-၁၉၄၁ ရက်နေ့က ရန်ကုန်မြို့ ဗုံးဒဏ်ခံရပြီး လူ ၆၀၀ ကျော် သေဆုံးသွားသည်။
ဗိုလ်တေဇ၏ စစ်ဗိုလ်ချုပ်ဘဝ
အင်္ဂလိပ်တပ်များ ရန်ကုန်မှ ဆုတ်ခွာသွားရာ ၈-၃-၁၉၄၂ ရက်နေ့တွင် B.I.A ဦးစီး ဂျပန်တပ်များက ရန်ကုန်မြို့ကို သိမ်းယူခဲ့သည်။ ထိုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် B.I.A ကို B.D.A (Burma Defence Army) အဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။ ဗိုလ်တေဇမှာ ဗိုလ်မှူးကြီးမှ စစ်ဦးစီး သေနာပတိချုပ် ဖြစ်လာသည်။ BIA တပ်မတော်တွင် စစ်သေနာပတိချုပ် တာဝန် ထမ်းဆောင်နေစဉ် ဗိုလ်ချုပ်အောင်ဆန်း အကြီးအကျယ် ဖျားနာခဲ့သည်။ အလံပြဘုရားလမ်း စစ်ဆေးရုံ၌ တက်ရောက် ကုသနေစဉ် သူနာပြု ဆရာမကြီး ဒေါ်ခင်ကြည်နှင့် မေတ္တာမျှပြီး ၁၉၄၂ ခုနှစ် မေလတွင် လက်ထပ်လိုက်ကြသည်။ သားနှစ်ဦး၊ သမီးတစ်ဦး ထွန်းကားခဲ့သည်။
၁၉၄၃ ခု မတ်လတွင် ဒေါက်တာ ဗမော်နှင့် ဗိုလ်ချုပ်ကို ဂျပန်ပြည်သို့ ခေါ်ကာ ဂျပန်ဘုရင်က ဗိုလ်ချုပ်အား မေဂျာဂျင်နရယ် အဆင့် တိုးမြှင့်ပေးလိုက်သည်။ ၁-၈-၁၉၄၃ ရက်နေ့တွင် ဗမာနိုင်ငံကို လွတ်လပ်ရေးပေးကြောင်း ဂျပန်က ကြေညာခဲ့သည်။
ဂျပန် လွတ်လပ်ရေးမှာ အတုအယောင် ဖြစ်သဖြင့် ဗိုလ်ချုပ်က ဖက်ဆစ်ကို တော်လှန်ရန် ထိုနှစ် သြဂုတ်လမှာပင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖ၊တ၊ ပ၊ လ)ကို ဖွဲ့စည်းသည်။ နောင်အခါ ဖ၊ တ၊ ပ၊ လ မှာ (ဖ၊ ဆ၊ ပ၊ လ) အဖွဲ့ကြီး ဖြစ်လာပြီး ၂၇-၃-၁၉၄၅ ရက်နေ့တွင် ဗိုလ်ချုပ်ဦးစီး ဗမာ့တပ်မတော်က ဂျပန်များကို တော်လှန်ရေး လုပ်ခဲ့သည်။ ထိုတော်လှန်ရေးတွင် မြန်မာတို့က အနိုင်ရရှိခဲ့သည်။
ထိုသို့ ဂျပန်ကို အောင်မြင်စွာ မောင်းထုတ်လိုက်နိုင်သဖြင့် အင်္ဂလိပ်တို့က ဗိုလ်ချုပ်ကို အထင်ကြီးလာသည်။ ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်နှင့် ဘုရင်ခံ ဆာဒေါ်မံစမစ် တို့က ဗိုလ်ချုပ်အား ဘုရင်ခံ၏ အတိုင်ပင် ကောင်စီတွင်
ရာထူးကြီး ပေးသော်လည်း လက်မခံခဲ့ပါ။ ၃-၅-၁၉၄၅ ရက်နေ့တွင် အင်္ဂလိပ်တို့ ရန်ကုန် ပြန်ဝင်လာပြီး (ကက်စ်ဘီ စစ်အုပ်ချုပ်ရေး)ကို စတင်ခဲ့သည်။ ထိုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် နေသူရိန် အစည်းအဝေးကြီးကို ကျင်းပကာ ဗြိတိသျှကို ဆန့်ကျင်ခဲ့သည်။

ဂျပန်ကို အောင်မြင်စွာ မောင်းထုတ်လိုက်နိုင် သဖြင့် အင်္ဂလိပ် တို့က ဗိုလ်ချုပ်ကို အထင်ကြီးလာသည်။ ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်နှင့် ဘုရင်ခံ ဆာဒေါ်မံစမစ် တို့က ဗိုလ်ချုပ်အား ဘုရင်ခံ၏ အတိုင်ပင် ကောင်စီတွင် ရာထူးကြီး ပေးသော်လည်း လက်မခံခဲ့ပါ  . . .
၁၉၄၆ ခုနှစ်တွင် ဆာဟူးဘတ်ရန့် ဘုရင်ခံဖြစ်လာရာ အမှုထမ်းပေါင်းစုံ သပိတ်ကြီး ပေါ်လာပြီး ဗိုလ်ချုပ် တို့၏ ဖဆပလ ယာယီ အစိုးရ တက်လာသည်။ နောက်တစ်နှစ် ၁၇-၁-၁၉၄၇ ရက် နေ့စွဲတွင် အင်္ဂလန်၌ ဗိုလ်ချုပ်နှင့် မစ္စတာ အက်တလီတို့ လွတ်လပ်ရေး အကြို လက်မှတ် ရေးထိုးခဲ့သည်။ ဗိုလ်ချုပ်တို့ မြန်မာပြည် ပြန်ရောက်သော အခါ တိုင်းရင်းသား ညီညွတ်ရေး အတွက် ၄၇ ခု ဖေဖော်ဝါရီလတွင် ပင်လုံညီလာခံကို ကျင်းပသည်။ ဗြိတိသျှတို့ဘက်မှ မစ္စတာ ဗော့တွန်မလေ တက်သည်။
၁၉၄၇ ခု ဧပြီလတွင် ပထမဆုံး အကြိမ် ရွေးကောက်ပွဲကြီးကို ကျင်းပရာ ဗိုလ်ချုပ်တို့ပင် အနိုင်ရခဲ့သည်။ ထိုသို့ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေး အမြန်ရအောင် ကြိုးပမ်း ဆောင်ရွက်နေစဉ် ဗိုလ်ချုပ်နှင့် အာဇာနည်
ခေါင်းဆောင်ကြီးများကို ၁၉-၇-၁၉၄၇ ရက်နေ့က ဦးစော အဖွဲ့က လုပ်ကြံလိုက်သည်။ သို့နှင့် ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၃၃ နှစ် အရွယ်မှာပင် ကွယ်လွန်ခဲ့ကြောင်း ၀မ်းနည်းစွာ တင်ပြရပါသည်။

w64023
ပင်လုံညီလာခံမှ ဗော့တွန်မလေနှင့် ဗိုလ်ချုပ်
ဗိုလ်ချုပ်၏ နိုင်ငံဒဿန အမြင်များ
ဗိုလ်ချုပ်မှာ မျိုးချစ် နိုင်ငံရေးသမား တစ်ဦး ဖြစ်သကဲ့သို့ စာရေးကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ သူ၏လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အတွေးအခေါ်များမှာ ကျွန်ဘ၀ ရောက်နေသော မြန်မာနိုင်ငံ အတွက် အလွန် တန်ဖိုး ရှိသည်။ သခင်အောင်ဆန်း ဘ၀က ရေးခဲ့သော (နိုင်ငံရေး အမျိုးမျိုး) ဆောင်းပါးတွင် ''နိုင်ငံရေးသည် လူမှုသူမှု ကိစ္စအားလုံးပင် ဖြစ်၏။ လူဟူ၍ ကမ္ဘာတွင် ဖြစ်လာသည့် အခါ လူတန်းစား အလျောက် လူလိုနေ၊ လူလိုစား၊ လူလိုသောက်၊ လူလိုလုပ်ချင်လာ၏။ လူလိုလုပ်ရန် ကြိုးစားရင်း အထမြောက် အောင်မြင်လာသည်။ ပိုမို ကျယ်ပြောလာ၏။ လူနှင့်တိရစ္ဆာန် ကွဲပြားမှုမှာ လူတွင် တတ်သည့် အစွမ်း၊ မြင်သည့် အစွမ်း ရှိခြင်းပင် ဖြစ်သည်'' ဟူ၍ ရေးခဲ့သည်။ဗမာ့နိုင်ငံရေးဝါဒနှင့် စပ်လျဉ်းပြီး ''ဗမာပြည်မှာဆိုရင် အုပ်စိုးကြတဲ့ လူများရဲ့ နိုင်ငံရေးက တစ်မျိုး (နယ်ချဲ့စနစ်ကို အမှီပြုနေသည်) အုပ်စိုးခံရသော ဗမာ လူမျိုးများ၏ နိုင်ငံရေးက တစ်မျိုး (လွတ်လပ်ရန် အခြေခံသည်) လွတ်လပ်ရေး လိုချင်သည် ဆိုရာမှာလည်း ဗမာတွေ ငတ်ပြတ်နေရာမှ ၀၀လင်လင် စားချင်လို့၊ ကုသိုလ်လုပ်ချင်လို့ပင် ဖြစ်သည်''ဟု ရှင်းလင်း ရေးသားခဲ့ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံ မခံရမီ ငါးရက်အလို ၁၄-၇-၁၉၄၇ ရက်နေ့က အတွင်းဝန်ရုံး၌ စာပေပညာရှင်များနှင့် ပြောခဲ့ပုံမှာ ဗိုလ်ချုပ်၏ ဒဿနအမြင်ကို ထင်လင်းစေပါသည်။ သူက ဒီးဒုတ်ဦးဘချိုအား ''ကျွန်တော်လည်း နိုင်ငံရေးက ထွက်မှာပါပဲ ဆရာ။ ထွက်ပြီးတော့ စာရေးမယ်ကြံတယ်။ ကျွန်တော် ကျောင်းမှာနေတုန်းက ပါဠိရော မြန်မာစာကိုပါ ယူခဲ့တယ်။ မြန်မာစာမှာ အမှတ် ကောင်းကောင်း ရတယ်။ ကျွန်တော် ကြိုးစားရင် ဒစ်စ်စတေးရှင်းတောင် ရမှာပဲ'' ဟုပြောခဲ့ပုံမှာ ဗိုလ်ချုပ်၏ ၀ါသနာကို ဖော်ညွှန်းနေပေသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာဖြင့် ဆောင်းပါး ၁၆ ပုဒ် ရေးခဲ့သည်။ ဘာသာရေး၊ လူမှုရေး၊ သမိုင်းရေး၊ စစ် စာပေ စုံလှ၏။ ပဲခူးကဝေ၊ အညာသားလေး၊ မောင်အောင်ဆန်း၊ သခင်အောင်ဆန်း ကလောင် အမည်များကို အသုံးပြုခဲ့သည်။ (Burma and Buddhism) ဆောင်းပါးကို အင်္ဂလိပ်လိုရေးခဲ့သည်။ ဘာသာရေးပိုင်း အစုံအလင် ပါသည်။ ကာလာမသုတ္တန် (Kalama Suta)ကို ကိုးကား၍ ရေးခဲ့သည်။ ဗုဒ္ဓဘုရားက 'ကြားရရုံဖြင့် မယုံကြည်ရန်၊ မြင်ရရုံဖြင့်လည်း မယုံကြည်ရန်၊ ရှေးဆရာများ ပြောခဲ့ရုံမျှဖြင့်လည်း မယုံကြည်ရန် ဟောဖူးကြောင်းကို ''Lord Buddha Said; Do not believe in anything because you have heard; Do not believe in tradition by they have been handed down; Do not belive in anything, because it is rumoured and spoken by many''ဟူ၍ ရှင်းလင်း ရေးသားခဲ့ပါသည်။
မောင်အောင်ဆန်း အမည်ဖြင့် ရေးသော ၀ိဟာရဆောင်းပါးတွင် ''သတ္တ၊ သင်္ခါရ၊ သြကာသ လောကကြီးသည်ကား ငါတို့အားလုံး အဖိုး မဖြတ်နိုင်သော ၀ိဇ္ဇာပညာကို သင်ရာ ကြားရာ၊ မှတ်ရာ တက္ကသိုလ်ကျောင်းကြီး အစစ်ပင်တည်း။
. . . ရာဇ၀င် အစုံစုံကို ကြည့်မည် ဆိုလျှင် ပထမ လူရိုင်းခေတ်၊ ထို့နောက် အိမ်ထောင်ယာချ ပြုသောခေတ်၊ နောက်တစ်ဦးနှင့်တစ်ဦး ကူးလူးဆက်ဆံ၊ ခိုက်ရန်ဖြစ်ပွား၊ လောဘမီး၊ ဒေါသမီး တောက်လောင်သော ခေတ်ဖြစ်၏။ သို့ဖြင့် မင်းကျင့်တရား ဆယ်ပါး၊ သင်္ဂဟတရား လေးပါး စသော ၀တ္တရားများကို ထမ်းဆောင်နိုင်မှု မရှိ။ ပျက်ကွက်သဖြင့် ဝေသန္တရာမင်းကြီး တိုင်းပြည်မှ ထွက်သွားရသည်။ သီဟဗာဟု မင်းသား တိုင်းပြည်မှ အနှင်ခံလိုက်ရ၏' စသည်ဖြင့် အကိုးအထောက်နှင့် တကွ ရေးသားခဲ့သည်။
ဗိုလ်ချုပ်သည် 'အောင်ဆန်းနှင့် စာပေဆောင်းပါး'တွင် လူထုလူတန်းစား အသီးသီးကို ဤသို့ လှုံ့ဆော်ခဲ့သည်။
''ဒါကြောင့် ကျွန်တော်တို့ ပြုစုရမယ့် စာပေ အရေးအသားဟာ ဒီသဘောတရားများနဲ့ ပြည့်စုံတဲ့ စာပေမျိုး ဖြစ်ရမယ်။ ဒါမှလည်း ကျွန်တော်တို့ရဲ့ စာပေဟာ ကမ္ဘာ့အဆင့်အတန်းကို မီမယ်။ ကမ္ဘာ့အဆင့်မီမှ ကျပ်ပြည့်ဒင်ပြည့် တန်ဖိုး ရှိမယ်။ ယဉ်ကျေးမှု စနစ်ကြီးလည်း ချက်ချင်း တိုးတက်လာလိမ့်မယ်။ ယဉ်ကျေးမှု စနစ်ကြီး တိုးတက်ပြောင်းလဲခြင်း မရှိဘဲနှင့် ခေတ်ပြောင်း၊ စနစ်ပြောင်း တိုးတက်ရေး မအောင်မြင်နိုင်ဘူး။''
''တစ်ကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေချိန် ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျန်အောင် အမီလိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံကြီးမှာ ကမ္ဘာ့တေးသံစုံတွေကို လိုက်ပြီး ကနိုင်တဲ့ ကမ္ဘာကြီး ဖြစ်အောင် ဖန်တီး ပြုပြင်ကြစို့။ လက်ဝယ်ရှိတဲ့ လုပ်ငန်း တာဝန်တွေ အလိုက် ကျွန်တော်တို့ အလုပ်လုပ်ကြစို့။ ကျွန်တော်တို့ အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာ၊ သတင်းစာ ဆရာများပါ ဗမာတစ်မျိုးလုံး . . . ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့''ဟူ၍ ရေးသားခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ စာပေ သဘောတရားများကို နိဂုံးချုပ် တင်ပြရပါသည်။
ကျမ်းကိုး
ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ (မြဟန်)
မြန်မာ့ရေးရာသုတပဒေသာ
မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၅)

 နံနက်ခင်းမိုးလင်းတိုင်းမှာ . . .

AddThis Social Bookmark Button
BoGyoke-Aung-San
(၁)
လူ့ဘ၀ဆိုတာ ခဏလေးပါပဲ။ ဘာလိုလိုနဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေကြီး ကိုထူးအိမ်သင် ကွယ်လွန်တာ မနေ့တစ်နေ့ကလို ထင်ဆဲမှာ ၇ နှစ် ပြည့်သွားပြီ။ သူ့သီချင်းကို စကြားဖူးတာ လွန်ခဲ့တဲ့ အနှစ် ၃၀၊ ၁၉၈၀-၈၁ ၀န်းကျင်က။ တစ်နေ့ ကျွန်တော့် သူငယ်ချင်း အောင်ဇော်ဦးက သီချင်းခွေတစ်ခွေ ပေးပါတယ်။ "ဒီအခွေက မထွက်သေးဘူး။ ပုသိမ်က ငါ့သူငယ်ချင်းတစ်ယောက် ကျော်မြင့်လွင် ဆိုတာ ဆိုထားတာ။ နားထောင် ကြည့်စမ်းကွ။ သူကိုယ်တိုင်ရေး၊ သူကိုယ်တိုင် ဆိုထားတာ။ ငါက တနင်္ဂနွေမှာ မွေးတယ်။ သူက တနင်္လာ။ မင်းက သောကြာနေ့မှာ မွေးတယ်။ ငါတို့က အသက်တူ တစ်ပတ်တည်း မွေးကြတာ"။ ဒီတော့ ကျွန်တော် စိတ်ဝင်စားသွားပါတယ်။ အောင်ဇော်ဦးဆိုတာကလည်း ကျွန်တော်တို့အတန်းထဲမှာ Hero၊ လူရည်ချွန် ခြောက်ထပ်ကွမ်း၊ ဆေးတက္ကသိုလ် ၀င်တော့ Roll No.1။ ကျွန်တော်တို့လည်း သူ့အရပ်၊ သူ့ဇာတ်တော်ပေမယ့် အောင်ဇော်ဦးက Genius။ စာတစ်ပုဒ်ကို ကျွန်တော်တို့သင်မပြီးခင်မှာပဲ သူက အားလုံးအလွတ်ရနေပြီ။ သူ့လိုလူမျိုးက ညွှန်းတယ်ဆိုတော့ ကျွန်တော်အစအဆုံး နားထောင်ပြီး ကြိုက်သွားတယ်။ အဲဒီထဲမှာ "သူငယ်ချင်းအတွက်" ဆိုတဲ့သီချင်းကို ကျွန်တော်ကြိုက်သွားတယ်။
သူငယ်ချင်းအတွက်
ရေး/ဆို-ထူးအိမ်သင်

ကလေးများအားလုံးလည်း စာသင်မယ့် ဆရာကိုမျှော်နေတယ် . . .
စာသင်ခုံတွေလည်း ဖရိုဖရဲ ပိုးစားခြကိုက်နဲ့ . . .
ခေါင်းလောင်းကြီး လည်းအိပ်ပျော်နေဆဲ . . .
အသံမမြည်နိုင်ရှာတယ် စာအံသံတွေကြားချင်ပါတယ် ...
ကွက်လပ်ဖြည့် လိုက်ပေါ့ကွယ် . . .

ကျေးလက်ကဆရာ သူငယ်ချင်းရယ်
စိတ်ဓာတ်လေးဖြူစင်သန့်ရှင်းထားတယ်
အများအကျိုးအတွက် တာဝန်တွေထမ်းဆောင်မယ့် မင်းအတွက် တို့ဂုဏ်ယူလိုက်ပါတယ် . . .

ဆေးပေးခန်းထဲပင့်ကူတွေလည်း အခိုင်အမာ အိမ်ရာဖွဲ့ . . .
လူနာကုတင်တွေလည်း ဖရိုဖရဲပိုးစား ခြကိုက်နဲ့ . . .
ဆင်းရဲလွန်းတဲ့ဘ၀တွေတကယ်ပဲ ချူချာနေရှာတယ် . . .
လူတွေအကုန်ကျန်းမာရေး အတွက် ကွက်လပ်ဖြည့်လိုက်ပေါ့ကွယ်...
ကျေးလက်က "ဒေါက်တာ"သူငယ်ချင်းရယ် . . .
စိတ်ဓာတ်လေးဖြူစင်သန့်ရှင်းတယ်
အများအကျိုးအတွက် တာဝန်တွေထမ်းဆောင်မယ့် မင်းအတွက်တို့ ဂုဏ်ယူလိုက်ပါတယ်။

အဲဒီသီချင်းဟာ သာမန်လို့ ထင်ရပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ က ပညာရေး၊ ကျန်းမာရေးကို ထင်ဟပ်သလို "ဆင်းရဲလွန်းတဲ့ဘ၀တွေ တကယ်ပဲ ချူချာနေရှာတယ်" ဆိုတဲ့ ကရုဏာသံနဲ့ဆိုတဲ့ စာသားကလည်း အခုလက်ရှိ ဘ၀အထိ ခေတ်မီနေတုန်းပါပဲ။ အဲဒီတုန်းက ဒီလောက်ခေတ်ကို ထင်ဟပ်တဲ့သီချင်းကို ဖန်တီးသူရဲ့ အသက်က ၁၇-၁၈၊ နားထောင်ပြီး ကြိုက်တဲ့ ကျွန်တော်တို့ တစ်တွေကလည်း ၁၇-၁၈။


( ၂ )

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျွန်တော် ၁၀ တန်း အောင်ခဲ့တဲ့ ပခုက္ကူအထက (၁) က အာစရိယပူဇော်ပွဲကို ရောက်ခဲ့ပါတယ်။ ပခုက္ကူကို လွန်ခဲ့တဲ့ ၁၅ နှစ် အနှစ် ၂၀ လောက်က ရောက်ပေမယ့် ကျွန်တော် ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း ပညာသင်ခဲ့တဲ့ ဒီကျောင်းကို မရောက်တာ ၁၀ တန်း အောင် တုန်းကတည်းကပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က စံပြကျောင်းအဖြစ် အသိအမှတ်ပြုခံရတဲ့ ကျွန်တော်တို့ကျောင်းရဲ့အဆောက်အဦတွေက ဘာမှအများကြီးပြောင်းလဲ တိုးတက်လာပုံမရပါဘူး။ ကျွန်တော်တို့ ၈ တန်းတုန်းက စာသင်ခဲ့တဲ့ အားကစားရုံကတော့ အမိုးတွေဖရိုဖရဲနဲ့ အသုံးပြုလို့မရလို့ ဒီအတိုင်းပစ်ထားပုံရပြီး ၉ တန်းတုန်းက စာသင်ခဲ့တဲ့ ဓမ္မာရုံကတော့ အသုံးပြုလို့ရနေပါသေးတယ်။ ၁၀ တန်းရောက်တော့ စာသင်ရတဲ့ အဓိကအဆောင်ကြီးကလည်း ဘာမှမပြောင်းပါဘူး ကျွန်တော်တို့ စာသင်ခဲ့တဲ့ ဆရာ၊ ဆရာမတွေ အားလုံးနီးပါးလည်း ပင်စင်ယူပြီး ဖြစ်နေကြပါပြီ။ အချို့လည်း ကွယ်လွန်ခဲ့ပါပြီ။ အချို့လည်း အသက် ၇၀-၈၀ ကျော်တဲ့အထိ ကျန်းမာရေးကောင်းတုန်းဖြစ်သလို အရင်တုန်းကလိုပဲ စိတ်ဓာတ်တွေမာတုန်းပါပဲ။ လွန်ခဲ့တဲ့ အနှစ် ၃၀ တုန်းက ကျွန်တော်တို့ကို ကျူရှင်ပြဖို့ဆိုတာ ဝေလာဝေး အပြင် ကျူရှင်တောင် ယူစရာမလိုအောင် သင်ပေးခဲ့တာမျိုး ဒီခေတ်မှာတော့ ရှားသွားပြီ ထင်ပါတယ်။

တကယ်တော့ ကျွန်တော့်အဖို့ ပညာရေးကဏ္ဍက စိမ်းလွန်းလှပါ တယ်။ ကျွန်တော် အလုပ်တွေ ရှုပ်လွန်းတော့ ကျွန်တော့်ရဲ့သား နှစ်ယောက် (အခု ၉ တန်းနဲ့ ၃ တန်း) ပညာရေးတောင် ဇနီးသည်ကပဲသိပြီး ကျွန်တော် ဘာမှမသိသလောက်ပါပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း ကျောင်းတွေဖွင့်လိုက်၊ ပိတ်လိုက် လေးနှစ်နဲ့ ဘွဲ့ရရမှာ သုံးနှစ်နဲ့ဘွဲ့ရ၊ အနီးကပ် ၁၀ရက်တက်ရင် တစ်တန်းအောင်၊ စာမေးပွဲမှာပါမယ့် စာကိုပဲသင်ပေး၊ ဆေးကျောင်းလို ကျောင်းမျိုး တောင် Textbook မဖတ်ဘူး။ လူသေအလောင်း မခွဲဘူး။ ကိုယ်ကို မေးခွန်းထုတ်မယ့် ပါမောက္ခက ကျူရှင်ပေး၊ ၁၀ ရာခိုင်နှုန်းလောက် ကျောင်းပျက်ရင်ပဲ စာမလိုက်နိုင်တဲ့ ဆေးကျောင်းမှာ ကျောင်းတက်ရက် ၅၀ ရာခိုင်နှုန်းလောက်ပဲ ကျောင်းတက်ပြီး ဆရာဝန်ဖြစ်လာသူတွေ ဒုနဲ့ဒေး ဖြစ်လာ။ အခြေခံကျောင်းတွေမှာလည်း ကိုယ့်တပည့်ကို ကျူရှင်ပေး၊ ကျူရှင်မယူရင် နည်းမျိုးစုံနဲ့ ပညာပေး၊ အချို့အခန်းတွေမှာ Aircon တပ်ထားပြီး ကျန်တဲ့ ကလေးတွေအတွက် သိမ်ငယ်စိတ် ဖြစ်ပေါ်စေတာတွေ၊ နုနယ်တဲ့ ကလေးဘ၀ကတည်းက ခွဲခြားဆက်ဆံခံရတာတွေ၊ နိုင်လိုမင်းထက် ပြုမူခံရတာတွေ၊ အငုံ့စိတ်၊ အရိုင်းစိတ် ဖြစ်ပေါ်ခံခဲ့ရတာတွေဟာ ကျွန်တော်တို့ ငယ်ငယ်ကနဲ့တော့ မတူတာ အမှန်ပါပဲ။

ကျွန်တော့်ကို ဒီလိုလက်ရှိဘ၀မျိုး ရောက်ရှိအောင် အမှားအမှန်ကို ခွဲခြားတတ်တဲ့ အရည်အချင်းတွေ ရေစုန်မှာမျောမလိုက်တတ်တဲ့ စိတ်ဓာတ်တွေကို အစပြုသင်ကြားပေးခဲ့တာ ဒီအထက (၁) ပခုက္ကူမှာပါ။ တာဝန်ယူတတ်တဲ့ စိတ်ဓာတ်၊ ပြင်ပဗဟုသုတကို လေ့လာလိုက်စားတတ်တဲ့ အလေ့အကျင့်တွေကို အစပြုခဲ့တဲ့ လူရည်ချွန်ဖြစ်ခွင့်တွေကို အစပြုခဲ့တဲ့ ဒီကျောင်းတော်ရဲ့ ကျေးဇူးဟာ ကျွန်တော့်အပေါ်မှာ အများကြီးရှိပါတယ်။  စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် ဒေသတွင်းနိုင်ငံက ကလေးတွေ၊ မြန်မာနိုင်ငံက နိုင်ငံတကာကျောင်းက ကလေးတွေအဖို့ အင်တာနက်ကို ငါးနှစ်သားလောက်ကတည်းက စတင်အသုံးပြုချိန်မှာ ကျွန်တော့်ရဲ့မိခင်ကျောင်းက အထက်တန်းကျောင်းသားတွေဟာ အင်တာနက်တောင် မသုံးဖူးကြပါဘူး။ ပညာရေးနိမ့်ကျရင် အတွေးအခေါ်နိမ့်ကျရင် ဘယ်တော့မှ တိုးတက်တဲ့ နိုင်ငံ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီအာစရိယပူဇော်ပွဲမှာ ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ ကျွန်တော်ပြောခွင့်ရတဲ့အခါ "ကျွန်တော့်ကို စေတနာအစစ်နဲ့ ပညာသင်ပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေရဲ့ ကျေးဇူး ကျွန်တော့်ရဲ့ ကျောင်းတော်ကြီးရဲ့ ကျေးဇူးကို ပြန်ဆပ်တဲ့အနေနဲ့ ကျွန်တော်ရောက်ရှိနေတဲ့ ဂျာနယ်လစ်တစ်ယောက်ရဲ့ နေရာကနေ ကျွန်တော်တို့နိုင်ငံရဲ့ပညာရေး တိုးတက်မြင့်မားလာအောင် မြို့ကြီးနဲ့ နယ်က ကလေးတွေ ညီမျှတဲ့ ပညာရေးရအောင် ရရှိတဲ့နေရာကနေ ကြိုးစားပါမယ်" လို့ ပြောခဲ့ပါတယ်။

( ၃ )

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ပြင်ဆင်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းနိုင်မှုတွေ အရေးကြီးသလို စိတ်ပိုင်းဆိုင်ရာ ပြုပြင်မှုတွေဟာလည်း အရေးကြီးပါတယ်။ ပညာအရည်အသွေးရှိပြီး မိမိရဲ့ စားဝတ်နေရေးအတွက် မိမိကိုယ်မိမိယုံ ကြည်နိုင်စွမ်းရှိနိုင်မယ့် ဆရာ၊ ဆရာ မများရဲ့ HR ပြဿနာဟာ အကြီးမားဆုံး စိန်ခေါ်မယ့် ပြဿနာပါပဲ။ ကျူရှင်မပေးရဆိုတာ တစ်ခုတည်းဟာ လုံလောက်တဲ့ ဖြေရှင်းမှု မဟုတ်နိုင်ပါဘူး။ ပညာရေးလာကကို ပြုပြင်ရမယ့်အရာဟာ ကျန်းမာရေးလောကကို ပြုပြင်ရမယ့် အရာထက်တောင် ပိုမိုနက်နဲ ရှုပ်ထွေးလွန်းပါတယ်။

မြန်မာနိုင်ငံမှာ လူငယ်တွေ၊ ကျောင်းသားတွေမှာ အရေးကြီးဆုံး ပျောက်ဆုံးလာနေတာက အမှားအမှန်ကို ဆင့်ပွားဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးအခေါ်ပညာ (Critical Thinking) ပါ။ ဒီလိုအခြေအနေမျိုး ပညာတတ်မှ ဖန်တီးနိုင်တဲ့ ပညာရေးဝန်းကျင်ကို အခြေခံအဆင့် သာမက တက္ကသိုလ်အဆင့်မှာပါ ပျောက်ဆုံးနေပါတယ်။ တက္ကသိုလ် ဆိုတာဟာ ကျောင်းသားလူငယ်တွေကို ကျောင်းပညာတစ်ခုတည်း သင်ကြားပေးတဲ့နေရာ မဟုတ်ပါဘူး။ ပေါင်းသင်းဆက်ဆံရေး၊ အတွေးအခေါ် အယူအဆ၊ ရုပ်ပိုင်းစိတ်ပိုင်း ပေါင်းစပ်အသုံးချဖြေရှင်းနိုင်မှု ဒါတွေကို မသင်ဘဲနဲ့ ရရှိနိုင်တဲ့နေရာတွေပါ။ ခေတ်စနစ်ကို ထင်ဟပ်နိုင်မယ့် အတွေးအခေါ် အယူအဆတွေ၊ မိမိကိုယ်ကို တာဝန်ယူစိတ်တွေ မိမိရဲ့ ၀န်းကျင် မိမိနိုင်ငံအတွက် တာဝန်ယူတတ်တဲ့ သူတွေဖြစ်အောင် သင်ကြားပေးနိုင်တဲ့ ၀န်းကျင်မျိုးဖြစ်ဖို့ လိုအပ်တာ အမှန်ပါ။


အရေးကြီးဆုံး ပျောက်ဆုံးလာနေတာက အမှားအမှန်ကို ဆင့်ပွား ဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးအခေါ်ပညာ (Critical Thinking) ပါ။

( ၄ )

ကျန်းမာရေးပညာရေးစတဲ့ လူထုနဲ့ ဆက်စပ်တဲ့ကဏ္ဍတွေ ပြုပြင်ပြောင်းလဲမှုရဲ့ အရှိန်အဟုန်ဟာ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်ပြောင်းလဲမှုနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ အခြေအနေဟာ နောက်ပြန်သွားပြီး တစ်ကနေပြန်စကြဖို့ မရှိသလို အခု ရောက်နေတဲ့နေရာမှာ ရပ်တန့်ပြီး နေလို့မရနိုင်တဲ့ အခြေအနေပါ။ ကမ္ဘာကြီးမှာ ဖြစ်ပေါ်လာနေတဲ့ မြန်ဆန်တဲ့ အပြောင်းအလဲတွေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ အံ့သြဖွယ် ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ပြည်သူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခတွေကြောင့် အပြောင်းအလဲတွေကို မြန်မြန်ဆန်ဆန်၊ သွက်သွက်လက်လက်နဲ့ အကောင်အထည်ဖော်ပြီး သတ္တိအပြည့်နဲ့ ရှေ့ခရီးဆက်ရမယ့် အခြေအနေပါ။

နိုင်ငံရေးအနေနဲ့လည်း နိုင်ငံအတွက် အရေးကြီးတဲ့ အမျိုးသားပြန်လည်ညီညွတ်ရေးအတွက် လုပ်ဆောင်သင့်တဲ့ အရာအားလုံးကို လုပ်ဆောင်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းထဲကို ပြန်ဝင်ရောက်ဖို့ အရေးကြီးကာလကို ရောက်ရှိနေပါပြီ။ အတိတ်ဆိုတာ သင်ခန်းစာယူသင့်တဲ့အရာ ဆိုတာထက် ပိုမတွေးကြဘဲ နိုင်ငံနဲ့ လူထုရဲ့ ပစ္စုပ္ပန်၊ အနာဂတ် အကျိုးစီးပွားကိုသာ စဉ်းစားကြဖို့ လိုပါတယ်။ အတိတ်က မိမိရောက်ရှိခဲ့တဲ့နေရာ မိမိရဲ့အယူအဆ ကိုင်စွဲချက်၊ မိမိရဲ့ လက်ရှိရောက်ရှိနေတဲ့ အနေအထားတွေအပေါ်မှာ အာရုံစိုက်နေတာထက် လက်တွေ့ကျတဲ့ တွေ့ဆုံဖြေရှင်းမှုမျိုးကို လိုအပ်ပါတယ်။ တွေ့ဆုံဖြေရှင်းမှုများ ငြိမ်းချမ်းရေး တည်ဆောက်မှုများ လုပ်နေစဉ်ကာလအတွင်းမှာပဲ လူထုအတွင်းမှာ ဗဟိုချုပ်ကိုင်မှုကနေ ဒီမိုကရေစီ အခြေခံထောက်တိုင်(Democratic Institution) တွေနဲ့ အခွင့်အရေးတွေကို ခံစားထိတွေ့ခွင့် ရရှိလာအောင် လုပ်ဆောင်ရပါမယ်။ မတရားမှုတွေ၊ ဥပဒေမဲ့ပြုမူမှုတွေ လျော့ကျသွားအောင် လုပ်ရပါမယ်။

ပြည်တွင်း နိုင်ငံရေး ယုံကြည်မှုတည်ဆောက်ရေးနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း ၀င်ရောက်ရေးရဲ့ ပထမဆုံးအတားအဆီးကို ကျော်ဖြတ်ရေးဟာ အများကြီးအရေး ပါပါတယ်။ မိမိရဲ့ နိုင်ငံရေး ယုံကြည်မှုကြောင့်၊ ပုဒ်မအမျိုးမျိုးနဲ့ အကျဉ်းကျခံထားကြရတဲ့ သူတွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ပါ တရားစီရင်ရေး အခွင့်အရေးတွေပေးပြီး ဥပဒေနဲ့အညီ ပြန်လည်လွှတ်ပေးရေးဟာလည်း အမြန်ဆုံး ဆောင်ရွက်သင့်တဲ့ကိစ္စပဲဖြစ်ပါ တယ်။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အနေနဲ့လည်း  ARAB SPRING လို ကိစ္စမျိုးဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ဆိုရင် လက်တွေ့မဆန်လှဘဲ မူလနေရာကို ပြန်ရောက်သွားနိုင်တယ် ဆိုတာကိုတော့ သတိပြုကြဖို့ လိုပါတယ်။

နိုင်ငံရဲ့ စီးပွားရေးတည်ဆောက်မှု၊ Good Governance Clean Government တွေဟာ လမ်းကြောင်း မှန်လို့ပြောဖို့  စောသေးပေမယ့် အသိအမှတ်ပြုရမယ့် အချက်တွေတော့ ရှိပါတယ်။ လူထုအတွက် ရေတိုမှာ အကျိုးစီးပွားမရှိတဲ့ စီမံကိန်းတွေ၊ ဘတ်ဂျက်တွေကို ရဲရဲဝံ့ဝံ့ဖြတ်တောက်ပြီး ပင်စင်လစာ တိုးပေးတဲ့ ကိစ္စတွေ၊ ကျန်းမာရေး ပညာရေးမှာ ငွေပိုမိုသုံးစွဲခွင့်ရအောင် ဆောင်ရွက်နေတာတွေဟာ ချီးကျူးရမယ့် ကိစ္စတွေပဲ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုလျှော့ချရေး ဆောင်ရွက်နေတဲ့ တစ်ချိန်တည်းမှာ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်တဲ့ လူလတ်တန်းစားအလွှာ ပိုမိုကျယ်ပြန့်လာအောင် မူတွေချမှတ်သင့်ပါတယ်။ စီးပွားရေး တိုးတက်မှုဟာ နိုင်ငံရေး ပြဿနာ အဖြေရှာရေးကို အညမည ဖြစ်စေပါတယ်။ အပြန်အလှန် ထောက်ကူစေပါတယ်။

( ၅ )

လာမယ့် ဇူလိုင်လ ၁၉ ရက်ဆိုရင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်တာ (၆၄) နှစ် ပြည့်ခဲ့ပါပြီ။ ဗိုလ်ချုပ်ဟာ အသက် ၁၈ နှစ်ဝန်းကျင်ကစပြီး သူသေဆုံးတဲ့အထိ အချိန်တိုင်း၊ မနက်လင်းတိုင်းမှာ တိုင်းပြည်လွတ်လပ်ရေးအတွက် စဉ်းစားခဲ့တယ်လို့ သိရပါတယ်။ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ခွန်အားဟာ သူ့ရဲ့ဝန်းကျင် သူ့ရဲ့အသိုင်းအ၀ိုင်း မိတ်ဆွေ၊ ပြည်သူကြားမှာပျံ့နှံ့ပြီး လွတ်လပ်ရေးရခဲ့တာဖြစ်ပါတယ်။ အခုလည်း ကျွန်တော်တို့နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ဖို့ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ကို အစိုးရရော၊ အတိုက်အခံတွေရော၊ ကျွန်တော်တို့ တစ်ဦးချင်းစီပါ ၀ိုင်းဝန်းစဉ်းစားကြရင် လိုချင်တဲ့ အဖြေ ရလာပါလိမ့်မယ်။ ဒီအဖြေရရင် ၁၀နှစ် အတွင်း ဗီယက်နမ်၊ အနှစ် ၂၀အတွင်း ထိုင်းလို နိုင်ငံမျိုးလို ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ မနက်ခင်း မိုးလင်းတိုင်းမှာ စဉ်းစားကြဖို့ လိုပါတယ်။
နိုင်ငံတိုးတက်ဖို့ ...၊
ပြဿနာတွေ ပြေလည်ဖို့ ....။
ကျွန်တော်တို့ရဲ့ စိတ်ဓါတ်ခွန်အားတွေဟာ ကျွန်တော်တို့အနာဂတ်ဖြစ်ရမယ်လို့ ယုံကြည်ပါတယ်။


သန်းထွဋ်အောင်
(၁၅.၇.၂၀၁၁)
ဝါဆိုလပြည့်နေ့ (သောကြာနေ့)

ဆင်းရဲခြင်းမှ အစပြုခဲ့သည်

AddThis Social Bookmark Button
b41422
ကားရပ်ရန်နေရာ (parking) ပြဿနာကြောင့် ကိစ္စကြီးငယ် မရှိဘဲ မြို့လယ်ခေါင်သို့ မရောက်ဖြစ်သည်မှာ ကြာပြီ။ ၃၈ လမ်း၊ ပန်းဆိုးတန်း၊ လမ်း ၃၀၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်ချုပ်လမ်း ၀န်းကျင်သို့ မသွားမဖြစ် သွားရတော့မည် ဆိုလျှင်တော့ ပါကင်တစ်နေရာရဖို့ အတော်ရှာပြီးမှ သွားလိုရာ သွားနိုင်ခဲ့သည်။ ထို့ကြောင့်လည်း တော်ရုံတန်ရုံ ကိစ္စမရှိဘဲ မြို့လယ်ဝန်းကျင်သို့ မရောက်ဖြစ်တော့ခြင်း ဖြစ်သည်။ မြို့ထဲ ရောက်ပြန်လျှင်လည်း ပလက်ဖောင်းတွေက လမ်းလျှောက်လို့ မ ကောင်း။ တချို့နေရာတွေမှာ ပလက်ဖောင်း ကျောက်ပြားတွေက ထိုးထိုးထောင်ထောင်။ တချို့နေရာမှာတော့ မြေအောက် လျှပ်စစ်ကြိုးတွေ၊ ရေပိုက်တွေ တူးဖော်ထားပြီး နဂိုအတိုင်း ပြန်ခင်းမထားတော့၍ ချိုင့်ကြီး ကျင်းကြီးတွေ ကာလရှည် ဖြစ်နေခဲ့သည်။ ခရီးသွားတို့က ထိုကျင်းများ၊ ချိုင့်များကို ကျော်ကာ၊ ခွကာ သွားကြရသည်။ သည်ကြားထဲ ပလက်ဖောင်း ဈေးသည်များက ပလက်ဖောင်း၏ ဟိုဘက်ခြမ်း သည်ဘက်ခြမ်း ပိတ်ဆို့ကာ ဈေးရောင်းနေကြသဖြင့် ရန်ကုန်မြို့လယ် ပလက်ဖောင်းများမှာ ဈေးတန်းကြီးသဖွယ် ဖြစ်၍ လမ်းလျှောက်မရတော့။ တစ်နေရာ အမြန်ရောက်လို အမြန်သွားလိုလျှင် ကားလမ်းမပေါ် ဆင်းလျှောက်ရသည်။ လမ်းမပေါ် ကျပြန်တော့လည်း ယာဉ်ကျောအတိုင်း မမောင်းဘဲ ကျော်ခွမောင်းလာသည့် 'ယာဉ်' အန္တရာယ်ကို သတိထားရ ပြန်သေးသည်။
ပလက်ဖောင်း ဈေးသည်များကြောင့် ခရီးသွားများက လမ်းမပေါ် ဆင်းလျှောက်၊ လမ်းမပေါ်က ယာဉ်များက ခရီးသည်ကို ရှောင်တိမ်းမောင်း။ သည်လိုနှင့် ရန်ကုန်မြို့လယ်ကြီး စည်ကားနေခဲ့သည်မှာ အတန်ကြာခဲ့ပြီ။ ယခုတော့ လမ်းကြားဈေးသည် တွေကို ညနေ ၃ နာရီ အထိ ဈေးမရောင်းရဟု တင်းတင်းကြပ်ကြပ် စည်းကမ်း ထုတ်ပြန်လိုက်ပြီ ဖြစ်ရာ နံနက်ပိုင်း ညနေ ၃ နာရီ မြို့လယ် ပလက်ဖောင်းများ ပေါ်မှာ အေးအေးလူလူ လမ်းလျှောက်နိုင်ခဲ့ပြီ။ တစ်နေ့က ၃၉ လမ်းတွင် ပါကင်ထိုးပြီး အနော်ရထာလမ်း အတိုင်း လွစ္စလမ်း(ဆိပ်ကမ်းသာလမ်း)၊ ပန်းဆိုးတန်း၊ ဆူးလေ၊ ရွှေဘုံသာ အထိ လမ်းလျှောက်ခဲ့ရာ လမ်းဘေးဈေးသည်တွေ မရှိတော့၍ အတော်ပင် စိတ်ချမ်းသာသွားသည်။ ဟိုတုန်းကဆိုလျှင် ၃၈ လမ်းထိပ် တစ်ဝိုက် ဆိပ်ကမ်းသာလမ်း တစ်ဝိုက် ပန်းဆိုးတန်းမှ ဆူးလေ အထိ ပလက်ဖောင်းပေါ်မှာ တိုးကြိတ်ပြီး လမ်းလျှောက်ရသည်။ လမ်းဘေးဈေးသည်တွေကလည်း အစုံ။ ရာသီပေါ်သီးနှံ ရောင်းချသူမှ အစ၊ ၀က်သားဒုတ်ထိုး လက်သုတ်စုံ ရောင်းသူ အလယ်၊ ဆေးလိပ် ကွမ်းယာသည် အဆုံး တစ်အုန်းအုန်း ရောင်းချနေရာ ရန်ကုန် မြို့လယ်ခေါင်ကြီး စည်ကားနေသော်လည်း အတော်လေး ဗရုတ်ဗရက် နိုင်လှသော မြင်ကွင်း ဖြစ်နေသည်။
ယခုတလော ရေးသား ပြောဆိုနေကြသော အကြောင်းအရာများထဲတွင် ပလက်ဖောင်းဈေးသည် ကိစ္စလည်း တစ်ခု အပါအ၀င် ဖြစ်သည်။ သည်ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးကြလျှင် မြန်မာ့ရုပ်သံတွင် ပြသနေသော
'စကားနပန်း'လို၊ 'လမ်းဘေး ဈေးရောင်းတာ ကောင်းတယ်'၊ 'လမ်းဘေးဈေးရောင်းတာ မကောင်းဘူး' ဆိုပြီး လူရွှင်တော်တွေကို စကားနပန်း သတ်ခိုင်းရမလို ဖြစ်နေပါပြီ။ ပလက်ဖောင်းဈေးသည် ပြဿနာမှာ အစိုးရ အဆက်ဆက်၊ ခေတ်အဆက် ဆက်ရင်ဆိုင်လာရသော ပြဿနာ တစ်ခု ဖြစ်သည်။ ယခုထိ ပြေလည်မှု မရသေး။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ပလက်ဖောင်းပေါ်မှာ မြူနီစပယ်နှင့် ဈေးသည် လိုက်တမ်းပြေးတမ်း ကစားနေကြတာ မြင်တွေ့ခဲ့ဖူးသည်။ 'ဟိုမှာ ဂဠုန်တွေ လာနေပြီ' 'ပြေးပြေး' ဆိုပြီး မြူနီစပယ် တာဝန်ရှိသူတွေက လိုက်၊ ဈေးသည်တွေက ပြေး ရုတ်ရုတ်သဲသဲ မြင်ကွင်းတွေ။ နောက်ကျတော့လည်း လမ်းဘေး ဈေးသည်တွေက ပလက်ဖောင်းပေါ်က အလျှိုလျှို ပြန်ရောက်လာစမြဲ။ သည်ဘက်ခေတ်မှာ ကျတော့ 'စည်ပင်ရဲ' ဆိုပြီး ယူနီဖောင်းဝတ် ၀န်ထမ်းတွေ ပေါ်လာသည်။ စည်းကမ်းတွေ ချမှတ်၊ ထုတ်ပြန်ခဲ့သော်လည်း နောက်ဆုံးမှာ ပလက်ဖောင်းပေါ် စည်ကားမြဲ၊ စည်ကားဆဲ။


အနှစ်ချုပ်ရလျှင် အရာအားလုံးသည် 'ဆင်းရဲခြင်းမှ အစပြုခဲ့သည်' ဟုပဲ ဆိုရမည်။ ဆင်းရဲကြသည်။ အလုပ်အကိုင် မရှိ။ မျှော်လင့်ချက် မရှိ။ အားကိုးရာ မရှိ။ လမ်းမပေါ် ဈေးတက်ရောင်းတော့ အထိုက်အလျောက် စားဝတ်နေရေး အဆင်ပြေသည်။ မိသားစု ထမင်းဝိုင်းလေး စိုပြည်သည်။ အိမ်က ကလေး ကျောင်းထားနိုင်သည်။ သည်ပလက်ဖောင်းလေးက သူတို့ဘ၀။ သူတို့ မျှော်လင့်ချက် .  .  .
လမ်းဘေး ဈေးသည်တွေကလည်း လမ်းဘေးဈေးသည် ပါပဲ။ သူတို့ စားဝတ်နေရေး အတွက် မဖြစ်မနေ ပလက်ဖောင်းပေါ်မှာ ဈေးတက်ရောင်းရသည်ဟု ဆိုသော်လည်း ပလက်ဖောင်းပေါ် လမ်းလျှောက်လို့ မရအောင် ပိတ်ဆို့ ရောင်းချတာကတော့ ခရီးသွားတွေ အတွက် ငြိုငြင်စရာ ဖြစ်လာသည်။ ၃၈ လမ်းထိပ်က သစ်သီးဆိုင်တချို့ ဆိုလျှင် ပလက်ဖောင်းပေါ် ကျော်ပြီး လမ်းမပေါ် ဗန်းခင်းထားသည်။ လမ်းထဲ ကားဝင်ဖို့ သူတို့ဈေးဗန်းကို ရှောင်တိမ်း မောင်းနှင်ရသည်။ လွစ္စလမ်း (ဆိပ်ကမ်းသာ လမ်း) ထိပ်မှာတော့ ညနေစောင်းပြီဆိုလျှင် မီးခွက်ဈေး ဆိုပြီး သားငါးပုစွန်တွေ လမ်းမပေါ် ချရောင်းနေတာ ညီစော်နံလွန်းလှသည်။ တချို့က ထင်းမီး တမြိုက်မြိုက်ဖြင့် ဆီကြော်အိုးကြီး လမ်းမပေါ်ချကာ အကြော် ကြော်ရောင်းနေသည်။
ယခု မြို့တော်ဝန်အသစ် တက်လာတော့ သည်ပြဿနာ ဖြေရှင်းသည့် အနေဖြင့် ညနေ ၃ နာရီ မတိုင်မီ ပလက်ဖောင်းပေါ် ဈေးမရောင်းရဟု အမိန့် ထုတ်လိုက်သည်။ ကာလ အတန်ကြာအောင် သည်ပလက်ဖောင်းကို အမှီပြု၍ မိသားစု စားဝတ်နေရေး ဖြေရှင်းနေကြသော ဈေးသည်များဘက်မှ အသံ ထွက်လာသည်။ 'သူတို့ ဒုက္ခရောက်နေကြပြီ'၊ 'ဈေးမရောင်းရသဖြင့် စားဝတ်နေရေး ထိခိုက်ရသည်'ဟု အသံ ထွက်လာသည်။ သူတို့ဘက်က ကြည့်ပြန်တော့လည်း မမှား။ သူတို့၏ စီးပွားရေး အသိုက်အမြုံကလေးကို ဖျက်ဆီးပစ်လိုက်သည်နှင့် တူ၏။ ပလက်ဖောင်းများ ပေါ်မှာတော့ အတော့်ကို ရှင်းသွားသည်။ အေးအေးလူလူ လမ်းလျှောက်လို့ ရသွားသည်။
စည်ပင်ဝန်ထမ်းတွေကတော့ ညနေ  ၃ နာရီ မထိုးမချင်း ပလက်ဖောင်းများပေါ်မှာ ဟိုတစ်စုသည်တစ်စု စောင့်ကြပ်နေကြရသည်။ ဈေးသည်တွေကတော့ အနော်ရထာ၊ ဗန္ဓုလ၊ ဗိုလ်ချုပ်လမ်းမပေါ် ဈေးတက်မရောင်းရသဖြင့် လမ်းကြားတွေထဲမှာ ဖြစ်သလို ကပ်ရပ်ပြီး နေကြတာ တွေ့ရသည်။ ညနေ ၃ နာရီထိုးမှ အဓိက ပလက်ဖောင်းပေါ် သူတို့ ပြန်တက်လာပြီး ဈေးရောင်းကြမည်။ ယခု လောလောဆယ်မှာတော့ လမ်းလျှောက် မကောင်းသော ခနော်နီခနော်နဲ့ ပလက်ဖောင်း ကျောက်ပြားတွေကို ခွာပြီး အသစ် ပြန်ခင်းဖို့ လုပ်နေတာတွေ တွေ့ရသည်။ ပလက်ဖောင်း ကျောက်ပြားတွေကလည်း ခေတ်အဆက်ဆက် ခင်းခဲ့ကြပြီးသား။ သေသေချာချာ ခင်းထားသော ပလက်ဖောင်းက မြေအောက်ဓာတ်ကြိုး ပေါက်လျှင်သော် လည်းကောင်း၊ ရေပိုက် ပေါက်လျှင်သော် လည်းကောင်း တူးဆွခံရပြီး စနစ်တကျ ပြန်မခင်းဘဲ သည်အတိုင်း ပစ်ထားကြသော အခါ နဂိုအတိုင်း ခနော်နီခနော်နဲ့ ပြန်ဖြစ်သွားကြတာများသည်။
ရန်ကုန်မြို့လယ်၊ ပလက်ဖောင်း ဈေးသည် ပြဿနာက သည်ပုံစံအတိုင်း ပြေလည်သွားဖို့က မလွယ်ကူလှ။ စည်ပင် ၀န်ထမ်းတွေက ဟိုတစ်ဖွဲ့၊ သည်တစ်ဖွဲ့နှင့် အချိန်ပေးပြီး ဘယ်လောက် စောင့်ကြည့်နိုင်မည်လဲ။ စောင့်ကြည့်နေသူ မရှိလျှင် သည်ဈေးသည်တွေက ပလက်ဖောင်းပေါ် ပြန်ရောက်လာကြဦးမှာပင်။ သည်ပြဿနာ ဖြေရှင်းဖို့ လမ်းဘေး ဈေးသည်တွေကို လဟာပြင်ဈေးလို နေရာမျိုးမှာ နေရာချပေးမည်ဟု ကြားရသည်။ ထွက်လာသောအသံက 'လဟာပြင်ဈေး'လို နေရာမျိုးးမှာ သူတို့ မရောင်းချကြတဲ့။ သိမ်ဖြူ မီးရထားဝင်းထဲက 'ချမ်းမြေ့'ဈေးမှာ နေရာချပေးထားတာ ဈေးသည် တစ်ရာကျော် အနက် နှစ်ဆယ်လောက်ပဲ ကျန်သည်တဲ့။ သည်ဈေးသည်တွေက သူတို့ နဂိုအတိုင်း ရောင်းချသည့် ပလက်ဖောင်းပေါ်ကိုပဲ ပြန်သွားချင်နေကြသည်။ သည်တော့ ပလက်ဖောင်းဈေးသည် ပြဿနာက ဂျာအေး သူ့အမေ ရိုက်နေသည်။
ဂျာနယ် တစ်စောင်ထဲမှာတော့ ဆောင်းပါးရှင် တစ်ဦးက ပလက်ဖောင်းဈေးသည် ပြဿနာကို သီးသန့် ဇုန်တစ်ခု သတ်မှတ်ပြီး အရင် ပြုလုပ်စေလိုသည်ဟု အကြံပြုထားသည်။ ယခုလို မြို့နယ်အားလုံး မဟုတ်ဘဲ စံပြမြို့နယ်တစ်ခု သတ်မှတ်ကာ စည်းကမ်းချက်ကို စံပြုမြို့နယ် တစ်ခု အတွက်ပဲ ကနဦး ထားရှိပြီး ဆောင်ရွက်စေလိုသည်ဟု အကြံပြုထားသည်။ စံပြမြို့နယ်မှာ လမ်းဘေးဈေးသည်တွေ ရှင်းလင်း၊ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း အစစအရာရာ တိုးတက်မှု ရှိလာမှ နောက်ထပ် မြို့နယ် တချို့ကို ထပ်မံ တိုးချဲ့ဖို့ တိုက်တွန်းထားသည်။ သည်အကြံပြုချက်ကလည်း စဉ်းစားစရာ ကောင်းပါသည်။
တစ်ခုကောင်းလျှင်၊ တစ်ခုမကောင်း ဆိုသလို ပလက်ဖောင်းပေါ် ဈေးရောင်းနေကြသူတို့၏ စားဝတ်နေရေး ပြဿနာ။ သူတို့အတွက် စားဝတ်နေရေး အခက်ကြုံရပြီ။ လူမှု ဒုက္ခတွေနှင့် ရင်ဆိုင်ကြရပြီ။ သည်ပြဿနာကို ဘယ်လို ရှင်းမည်လဲ။
အလုံးစုံကို အနှစ်ချုပ်ရလျှင် အရာအားလုံးသည် 'ဆင်းရဲခြင်းမှ အစပြုခဲ့သည်'ဟုပဲ ဆိုရမည်။ ဆင်းရဲကြသည်။ အလုပ်အကိုင် မရှိ။ မျှော်လင့်ချက် မရှိ။ အားကိုးရာ မရှိ။ လမ်းမပေါ် ဈေးတက်ရောင်းတော့ အထိုက်အလျှောက် စားဝတ်နေရေး အဆင်ပြေသည်။ မိသားစု ထမင်းဝိုင်းလေး စိုပြည်သည်။ အိမ်က ကလေး ကျောင်းထားနိုင်သည်။ သည်ပလက်ဖောင်းလေးက သူတို့ဘ၀။ သူတို့ မျှော်လင့်ချက်။
ဆင်းရဲခြင်းက လူတို့ကို Desperate ဖြစ်စေသည်။ မျှော်လင့်ချက် ကုန်ဆုံးခြင်း၏ နောက်ကွယ်တွင် အကျင့်သီလ၊ စာရိတ္တတို့ ချွတ်ယွင်း တိမ်းပါးလာသည်။ စည်းကမ်းလိုက်နာမှု မရှိကြတော့။ ပရမ်းပတာ အသွင် ဆောင်လာသည်။ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစား ကိုယ်ချင်းစာတရား ခေါင်းပါးလာသည်။ ကျွန်တော်တို့၏ ပရမ်းပတာ ဖြစ်နေသော လူ့အဖွဲ့အစည်း၏ အရင်းခံမှာ ''ဆင်းရဲခြင်း''မှ အစပြုခဲ့သည်။ လောင်းကစား ပပျောက်ရေး စီမံချက်တွေ ချသည်။ နှစ်လုံး၊ သုံးလုံး၊ တစ်လုံးမှ အစ လောင်းကစား မှန်သမျှ အရေးယူသည်။ ဟိုအရင်တုန်းကလည်း သည်လိုပဲ စီမံချက်တွေ ရှိခဲ့ဖူးသည်။ ချခဲ့ဖူးသည်။ နောက်တော့လည်း ပလက်ဖောင်းဈေးသည်တွေလိုပဲ လမ်းမပေါ် ပြန်ရောက်လာသည်။ ပြန်ခေါင်းထောင်လာသည်။ ပြဿနာ တစ်ခုရဲ့ 'ရင်းမြစ်'ကို သိမှ အဖြေမှန်ကို ရှာလို့ရမည်။ ရင်းမြစ်က 'ဆင်းရဲခြင်း'။
လူအများစု ဆင်းရဲနေခြင်း ပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မည့် နည်းလမ်းသည်သာလျှင် ပြဿနာ အားလုံး၏ တစ်ခုတည်းသော 'အဖြေ'ဟု ဆိုချင်ပါသည်။

ပြိုင်ဘက်ဟာ ရန်သူလား

b41420
သူ့ရှင် ရာဇာဓိရာဇ် လွန်သည်ကို ကြားရလျှင် ဘုရင်မင်းခေါင်သည် မိမိနှင့်ယခင်က အချင်းချင်း စစ်ခင်းခဲ့ကြပုံ၊ တစ်ဦးနှင့်တစ်ဦး အမျိုးမျိုး အဖုံဖုံ ပြုမူခဲ့ကြပုံများကို အောက်မေ့သဖြင့် ၀မ်းနည်းကြေကွဲ၍ ငိုတော်မူ၏။
(နိုင်ပန်းလှ၏ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း၊ သတ္တမအကြိမ်၊ မြ၀တီစာပေတိုက်၊ ၁၉၉၈ နိုဝင်ဘာလ၊ စာ- ၄၂၁)
''ရန်''ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို ကြိယာအားဖြင့် အပိုဆောင်းသည်၊ ရည်မှန်းသည်၊ သတ်မှတ်သည်ဟူ၍ လည်းကောင်း၊ ကြိယာကို ထောက်ပံ့ပေးသော စကားလုံး၊ ဖြစ်အံ့သော ကြိယာကို နာမ၀ိသေသန သဘော ဆောင်စေနိုင်သော စကားလုံး၊ ကြိယာကို ကြိယာနာမ် ဖြစ်စေသော စကားလုံး ဟူ၍ မှတ်သားဖူးပါသည်။
သို့သော်ငြားလည်း ဤ 'ရန်' ဟူသော စကားလုံး၏ အများသုံးဟု ဆိုရမည့်၊ အများသူငါ ရုတ်ခြည်း သဘောပေါက်လေ့ ရှိသည့် အဓိပ္ပာယ်မှာ တစ်စုံတစ်ဦးအား ထိခိုက်စေမည့် အနှောင့်အယှက် အန္တရာယ်၊ ဆန့်ကျင်ထိပါး တိုက်ခိုက်မှု၊ မိတ်ဖက် မဟုတ်သော အရာ ဟူ၍ ဖြစ်သည်။(မြန်မာအဘိဓာန် အကျဉ်းချုပ် အတွဲ - ၄၊ ပထမအကြိမ်၊ မြန်မာစာအဖွဲ့၊ ၁၉၈၀ ဖေဖော်ဝါရီလ၊ စာ- ၃၅)
မြန်မာစကားပုံများတွင်လည်း 'ရန်ကိုရန်ချင်း မတုံ့နှင်းနှင့်'၊ 'ရန်မလိုမှ ရန်ပြိုသည်'၊ 'ရန်ကိုရန်ကြွေး အတိတ်မှာဆေး' စသည်ဖြင့် ရေးသားကြပါသည်။ တစ်ဖန် 'ရန်လျှင် အောင်မှုကြောင်း ဆယ်ခု'ဟူ၍ ရန်မီး မပွားကြောင်း
ရန်ကိုအောင်မြင်ရေး သြ၀ါဒပေးကာ ညွှန်ကြားလာသည် တို့ကို ဖတ်ရှုရပြန်ပါသည်။
လွယ်လင့်တကူ ပြောရမည် ဆိုပါက 'ရန်' ဟူသည် 'လက်ခံနိုင်ရေး ဝေးစွတကား'၊ 'နှစ်သက်ဖွယ်အရာ ရှာမရနိုင်တကား'ဟု ပြောနိုင်သည်။'ရန်'ကို ဆောင်ကြဉ်းလာသော၊ မိမိအား ရန်ဝဲသြဃတွင် တစ်ရစ်ပြီး တစ်ရစ် လည်စေသော၊ အမုန်းမီးကို ပွားစေသော၊ တရားမျှတမှု တို့ကို လျစ်လျူရှုကာ မိမိအသာရရေး (၀ါ) အနိုင်ရရေးကိုသာ ဦးထိပ်ပန်ဆင် စေသော သူသည်ကား ရန်သူပင်။
ရန်သူသည် နယ်ပယ်မှ လွန်မြောက်၏။ ဒေသမှ လွန်မြောက်၏။ အချိန်မှ လွန်မြောက်၏။ ကာလမှ လွန်မြောက်၏။

ပြိုင်ဆိုင်မှုမရှိက မတိုးတက်နိုင်ဟု ဆိုပါသည်။ ယှဉ်ပြိုင်ခြင်း၏ တရား ကိုယ်သဘောကို စေ့စေ့ငုငု စောကြောရန် လိုပါမည်။ ပြိုင်ဘက်နှင့် ရန်ဘက်ကို ခွဲခြားတတ်ရပါမည်။ ပြိုင်ဘက်ကို ပြိုင်ဘက်သာ ဖြစ်စေသင့်ပါသည်။ ရန်ဘက်အသွင် မဆောင်စေသင့်ပါ။ ယှဉ်ပြိုင်သူများကို ရန်သူများ မဖြစ်စေလိုပါ...
ယှဉ်ပြိုင်ခြင်းသည် နယ်ပယ် တစ်ခုတွင် ဖြစ်နိုင်၏။ နယ်ပယ် အများတွင်လည်း ဖြစ်နိုင်၏။ ဒေသတစ်ခုအတွင်း၌လည်း ဖြစ်နိုင်၏။ ဒေသ အများတွင်လည်း ဖြစ်နိုင်၏။ အချိန်တစ်ခု အတွင်းတွင်လည်း ဖြစ်နိုင်၏။
အချိန်တစ်ခုမကတွင်လည်း ဖြစ်နိုင်၏။  ကာလတစ်ခုတွင်လည်း ဖြစ်နိုင်၏။ တစ်ခုမကသော ကာလများတွင်လည်း ဖြစ်နိုင်၏။
မောင်စံပေါတို့ ငယ်စဉ်က ကျောင်းပညာ သင်ကြားရာတွင် စာပြိုင်ကြသည်။ အဆင့်ပြိုင်ကြသည်။ ကျူရှင် မရှိသေးသောခေတ် ဖြစ်ရကား ဆရာ သင်ကြားသမျှ အာရုံစိုက်ကာ လေ့လာကြသည်။ စာသင်ရင်း စာကျက်ကြသည်။
ဆရာတစ်ဦး ဆိုလျှင် စာသင် အလွန်ကောင်းသည်။ သင်ခန်းစာ အသစ်တက်၊ သင်ပြီးသည်နှင့် ချက်ချင်း စာမေးသည်။ မရသူကို မတ်တပ်ရပ်စေပြီး ရသူ ထိုင်စေသည်။ မတ်တပ်ရပ်ရသူတို့မှာ ဂုဏ်ငယ်ကြကုန်၏။ စာဖြေနိုင်၍ ထိုင်ရသူတို့မှာ သိကြားမင်း ဖန်ဆင်းကာ ချီးမြှင့်လိုက်သော နေရာဝယ် စံမြန်းရသည့်နှယ်။
စာပြိုင်ဘက်များ ဖြစ်ကြသော်လည်း တစ်ဦးနှင့်တစ်ဦး မလိုမုန်းတီး မရှိကြ။ အကောက်မကြံကြ။ မညစ်ပတ်ကြ။ ချစ်ခင်ရင်းနှီး ပျော်ရွှင်စွာဖြင့် အတန်းများ တစ်တန်းပြီး တစ်တန်း တက်ခဲ့ကြသည်။ 'ဒီကောင်ကြောင့် ငါလူရည်ချွန် ပြုတ်သွားတာ၊ သင်းသာမရှိရင် ငါရမှာ။ သင်းဒီကနေ ပြောင်းမှ အေးမှာ'ဟူသော အတွေးများ မတွေးကြ။ ငါပိုပြီး ကြိုးစားရမှာ ဟူ၍သာ နှလုံးသွင်းကြ၏။
မနိုင်နိုင်အောင် လုပ်ရမှာဘဲဟု စိတ်စွဲကာ နည်းလမ်း အသွယ်သွယ်ဖြင့် နိုင်အောင် လုပ်ကြသူများမရှိ ဟူ၍ကား မဆိုချင်ပါ။ အနည်းငယ် မဆိုစလောက် ရှိနိုင်ပါသည်။
မောင်စံပေါတို့ခေတ်က စတုတ္ထတန်းမှာ မြို့နယ်စစ် ဖြစ်၏။ ဂုဏ်ထူးပေး၏။ အောင်ချက်ရာခိုင်နှုန်း ပြိုင်ကြ၏။ ဂုဏ်ထူး အရေအတွက် ပြိုင်ကြ၏။ ပထမ၊ ဒုတိယ၊ တတိယ အဆင့် ပြိုင်ကြ၏။
မြို့နယ်ပညာအုပ် (မြို့နယ်ပညာရေးမှူး)၏ သမီးသည်လည်း စတုတ္ထတန်း စာမေးပွဲ ၀င်ဖြေ၏။ သူငယ်တန်းမှ တတိယတန်း အထိ ကာလအတွင်းသော် လည်းကောင်း၊ စတုတ္ထတန်း လပတ် စာမေးပွဲနှင့် အစမ်း စာမေးပွဲများတွင် လည်းကောင်း၊ သူ့အဆင့်မှာ ၃၀ ၀န်းကျင်သာ၊ ကျောင်းသား အရေအတွက် ၅၇ ယောက် ရှိသော စတုတ္ထတန်းတွင် အလယ်မျှသာဟု ဆိုနိုင်သည်။
စတုတ္ထတန်း အတန်းတင် စာမေးပွဲကြီး အောင်စာရင်း ထွက်တော့ မောင်စံပေါတို့ အားလုံး တွက်ဆထားကြသည့် အတိုင်း ပညာအုပ်သမီးက ဘာသာစုံ ဂုဏ်ထူးနှင့် အောင်ပြီး တစ်မြို့နယ်လုံး ပထမ ရသွားခဲ့သည်။ သူ့ခမျာ ပထမသာ ရခဲ့သည်။ ပြည့်ပြည့်၀၀ မပျော်နိုင်ခဲ့။ 'ကံကောင်းလွန်းလို့ ပါဟယ်။ ဒါကျက်၊ ဒါရ၊ ဒါမေး၊ ဒါဖြေ ဖြစ်သွားလို့ပါ'ဟု ရှက်ပြုံးနှင့် သူငယ်ချင်းများကို ဖြေရှင်းရသည်က ခဏခဏ။ အမြဲလိုလို ပထမ စွဲနေသော မောင်ကျောင်းသားမှာ ဒုတိယသာရပြီး မမြဲသော သဘောကို ငယ်ငယ်ရွယ်ရွယ်နှင့် စောကြောရရှာ၏။
နောက်အတန်းများတွင်လည်း ပညာအုပ် သမီးမှာ သူလိုငါလိုပင် တန်းစဉ် အောင်ခဲ့ပြီး သူလိုငါလို ဘွဲ့တစ်ခုရခဲ့သည်။ သူလိုငါလိုပင် သူငယ်ချင်းများ ရှိခဲ့သည်။ ထိုအထဲမှာ သူငယ်ချင်းတစ်ဦး၏ ဖခင်မှာ မစ နိုင်သော ပုဂ္ဂိုလ်ကြီး ဖြစ်၏။ ထိုသူငယ်ချင်း၏ ကျေးဇူးဖြင့် အလုပ်ကြီး အကိုင်ကြီးများ လုပ်ခဲ့ရပြီး လုပ်ငန်းရှင်ကြီး ဖြစ်ခဲ့သည်။ 'ကံကောင်းလွန်းလို့ပါဟယ်'၊ အလုပ်တွေက အဆင်ပြေတော့ အရမ်းကျန်တယ်လေ'တဲ့။
သည်လိုနှင့် မောင်စံပေါ တဖြည်းဖြည်း အသက်ကြီးလာခဲ့သည်။ ဖြတ်သန်းခဲ့သည့် နေရာဌာန ကာလများနှင့် အတူ လူအမျိုးမျိုး အဖုံဖုံကို ကြုံခဲ့ရသည်။ ကိုယ်တွေ့လည်း ရှိခဲ့ဖူးသည်။ 'ကိုယ်မြင်'လည်း ပါဝင်ခဲ့သည်။ 'ကိုယ်ကြား'လည်း မနည်းမနောပင်။ 'ကိုယ်သိ'မှာမူ အပုံအပင်။ နည်းလမ်း အသွယ်သွယ်ဖြင့် တွေ့မြင်ကြားသိခဲ့ရသည် တို့တွင် ပြိုင်ပွဲ အမျိုးမျိုးတို့သည် ပါဝင်ကြကုန်၏။ ပြိုင်ဘက် အမျိုးမျိုးတို့၏ သဘောကို စောကြောမိ၏။
နိုင်ငံကြီး တစ်နိုင်ငံ၏ သမ္မတ ရွေးကောက်ပွဲကို အမှတ်ရမိသည်။ ပါတီကြီး (၂) ခု အနက် တစ်ခု၏ သမ္မတလောင်း အဖြစ် အရွေးခံရရေး အတွက် အလောင်းအလျာ (၂)ဦး သည် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။ တစ်ဦးက ရှုံးနိမ့်ပြီး တစ်ဦးက အနိုင်ရသွားခဲ့သည်။ အနိုင်ရသူအား ရှုံးသူမှ ဂုဏ်ပြုစကား ဆိုခဲ့သည်။ နိုင်သူ သမ္မတ ဖြစ်ရေး အတွက် အားပေးခဲ့သည်။ လှုံ့ဆော်ခဲ့သည်။ ကူညီခဲ့သည်။ မကြာမတင်မီ ကာလ ပြိုင်ဘက် ဖြစ်ခဲ့ကြသည်ကို ချန်ထားရစ်ခဲ့သည်။ နိုင်သူ သမ္မတ ဖြစ်လာသော အခါတွင်လည်း အစိုးရအဖွဲ့တွင် ၀င်ရောက် တာဝန်ထမ်းကာ နိုင်ငံအကျိုးကို စွမ်းသမျှ သယ်ပိုးလေတော့သည်။
ပြိုင်ဘက် ဖြစ်ခဲ့ကြသည်။ ရန်ဘက်များ မဟုတ်ခဲ့ကြ။ ပါတီသမ္မတလောင်း ဖြစ်ရေးအတွက် ပြိုင်ဆိုင်ခဲ့ကြသည်။ ကာလတစ်ခု ကျော်ဖြတ်ခဲ့ပြီးနောက် ရှုံးနိမ့်ခဲ့သည့်တိုင် နိုင်သူ သမ္မတဖြစ်ရေး ကူညီပေးခဲ့သည်။ မိမိကိုယ်ကျိုးကိစ္စ မဖြစ်ခဲ့ရသော်ငြားလည်း ပါတီအကျိုး အတွက် ဆက်သယ်ပိုးခဲ့သည်။ မင်းသားကြီး မလုပ်ရရင် ပတ်မကြီး ပေါက်ပစ်လိုက်မယ် ဟူ၍ မရှိခဲ့။ မိမိပါတီ အနိုင်ရရေး ဟူသော ရည်မှန်းချက် အပြီးတွင် နိုင်ငံအတွက် ဆက်၍ တာဝန်ထမ်း၏။ ''ကောင်းလေစွ''။
ပြိုင်ဆိုင်မှု မရှိက မတိုးတက်နိုင်ဟု ဆိုပါသည်။ ယှဉ်ပြိုင်ခြင်း၏ တရားကိုယ်သဘောကို စေ့စေ့ငုငု စောကြောရန် လိုပါမည်။
ပြိုင်ဘက်နှင့် ရန်ဘက်ကို ခွဲခြားတတ်ရပါမည်။ ပြိုင်ဘက်ကို ပြိုင်ဘက်သာ ဖြစ်စေသင့်ပါသည်။ ရန်ဘက်အသွင် မဆောင်စေသင့်ပါ။ ယှဉ်ပြိုင်သူများကို ရန်သူများ မဖြစ်စေလိုပါ။
ယှဉ်ပြိုင်ခြင်း၏ နောက်ဆက်တွဲ အဖြစ် ရလဒ်တစ်ခုကတော့ ပါလာမည် ဖြစ်မည်။ မည်သို့သော အကြောင်းတရားများကြောင့် ဤရလဒ်ကို အကျိုးအဖြစ် ပေါ်ပေါက် ရရှိခဲ့သနည်း မေးခွန်းကိုလည်း အဖြေရှာရပါမည်။
မိမိထက် သာလွန်သော ပြိုင်ဘက်က အနိုင်ရသွားသည့်အခါ ပြိုင်ဘက်ကို အသိအမှတ် ပြုသင့်သည်။ မင်းတော်လို့ မဟုတ်ဘူး။ ငါညံ့လို့ပါ ဟူ၍ ပြောဆိုကြသည်များ ကြားဖူးမည် ဖြစ်သည်။ ငါ့ထက်ပိုပြီး မင်းညံ့ရင် ငါနိုင်မှာ ဟူ၍ အတွန့်တက် တတ်ကြသည်။
စောဒကများဖြင့် တိုးတက်မှု ရစေမည်ဟု မယုံကြည်ပါ။ ''သူ့မြေမှာ ဖြူပြာ ပွင့်လျှင်ဖြင့်၊ ငါ့မြေမှာ နီဝါ တင့်ရမပေါ့''ဟူသောစိတ် ထားရပါမည်။ အခွင့်အခါကို မျှော်နေယုံဖြင့် မပြီးပါ။ အခွင့်သာသည့်အခါ မလင့်ရအောင် အရန်သင့် ဖြစ်နေရပါမည်။ ဥယျာဉ်တော် သာယာရေးကို ရှုမြင် မျှော်ခါခါ တွေးရုံဖြင့် မပြီးပါ။ မနှေးအောင် လျှောက်ရပါမည်။ အားထုတ်ရပါမည်။ ပေါင်းနုတ်ရပါမည်။ အကြောင်းညီသည့်အခါ လှပသော ပန်းချီကားတစ်ချပ် သပ်ရပ် သန့်ရှင်းစွာ ပေါ်လာပါမည်။
ဆိုပါဦးမည်။ ဘာသာစကား ဟူ၍ စတင် ပေါက်ဖွားခဲ့ချိန်မှ စပြီး လက်ခံ သယ်ဆောင် ဖြည့်စွက် လက်ဆင့်ကမ်းကာ ဘာသာစကား သစ်ပင်ကြီးများ ကြီးထွား ရှင်သန်ခဲ့ကြသည်။ မျိုးကူးခြင်း၊ ကိုင်းဆက်ခြင်း စသော သမရိုးကျ မဟုတ်သည့် နည်းလမ်း အသွယ်သွယ်အားဖြင့်လည်း ပိုမို အရောင်စုံ လှပလာကြသည်။ လှပသော ပန်းပွင့်ကလေး အချို့ကို မျှဝေလိုပါသည်။
''ကျုပ်က ဘယ်သူနဲ့မှ မပြိုင်ရပေါင်ဗျာ။ ကိုယ့်ဖာသာကိုယ်ဘဲပြိုင်တယ်။ ဒီကနေ့ ငါဟာ မနေ့ကငါထက် ကောင်းသော ကိစ္စရပ်များမှာ ပိုပြီး သာလွန်ရမယ်။ မနေ့ကငါထက် ပိုပြီး ကိုယ့်ကိုယ်ကိုယ် ကြည်ညိုနိုင်စရာ ပိုဖြစ်ရမယ်။ နက်ဖြန်ခါဟာ မသေချာဘူး ဆိုတောင်မှ ဒီကနေ့ဟာ နက်ဖြန်ခါ အတွက် အခြေခံကောင်းတွေ ဖြစ်ရမယ်။နက်ဖြန်ခါဟာ ဒီနေ့ထက် မလွဲမသွေ သာနေစေရမယ်တဲ့ ခင်ဗျား။

Wednesday, April 27, 2011

ဆူးငှက်

ဒေါက်တာဇော်မြင့်နီ

ဆူးငှက်

ဝင်းနိုင်ထွန်း

ပါမောက္ခဒေါက်တာမြင့်မြင့်ခင်

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ