Monday, July 18, 2011
ဘယ်နှာခေါင်းမျိုးနဲ့ အသက်ရှူနေသလဲ၊ နှာခေါင်း ၁၄ မျိုး ရှိကြောင်း အစ္စရေးပညာရှင် ခွဲခြားပြ
အစ္စရေးနိုင်ငံ၊ ဘင်ဂူရီယန် တက္ကသိုလ်မှ ပါမောက္ခတစ်ဦးက ဥရောပတစ်လွှားနှင့် အစ္စရေးမှ စိတ်ဝင်စားဖွယ် နှာခေါင်း အသွင်အပြင် ရှိသူများကို ဓာတ်ပုံ မှတ်တမ်းယူခဲ့ပြီး ဓာတ်ပုံ ၁၃၀၀ ကျော်ကို တူရာခွဲ စုစည်းခဲ့ရာ ယေဘုယျအားဖြင့် နှာခေါင်းပုံစံ ၁၄ မျိုး ရှိကြောင်း၊ ကြီးမားထူထဲသော နှာခေါင်းများမှသည် ဒဏ္ဍာရီဆန်သော နှာခေါင်းများ အထိ တွေ့ရှိခဲ့ရကြောင်း သိရသည်။ ဥရောပသားများ ဖြစ်သောကြောင့် အမျိုးသားများတွင် ကြီးမားထူထဲသော နှာခေါင်းပုံစံများကို အများအားဖြင့် တွေ့ရပြီး စိတ်ဓာတ် ပြင်းထန်သူများတွင် တွေ့ရသည်ဟု ဆိုသည်။ သို့ရာတွင် ယင်းနှာခေါင်းပုံစံမျိုးနှင့် သိမ်းငှက်နှာခေါင်း ကဲ့သို့သော နှာယောင်ကောက်သည့် နှာခေါင်းများမှာ ဆွဲဆောင်မှု အနည်းဆုံးဟု ဆိုသည်။
ထူးခြားချက် အနေဖြင့် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ၀ိန်းရွန်နီ၏ နှာခေါင်းကဲ့သို့ တိုပြီး ထိပ်အနည်းငယ်လန်သော နှာခေါင်းမှာ ဆွဲဆောင်မှုရှိသည့် နှာခေါင်းများထဲတွင် ပါဝင်သည်။ သို့ရာတွင် မရင့်ကျက်သေးသော သူအဖြစ် ရှုမြင်ခံရတတ်သည့် နှာခေါင်း အမျိုးအစားလည်း ဖြစ်သည်ဟု ဆိုသည်။ သရုပ်ဆောင် တွမ်ခရုစ်ကဲ့သို့ ရိုမန်နှာခေါင်းမျိုးမှာမူ လေ့လာခဲ့သမျှ၏ ၉ ရာခိုင်နှုန်းတွင်သာ တွေ့ရပြီး ရည်မှန်းချက်ကြီးသူများ၊ သတ္တိရှိသူများ၊ အတွေးရှင်းသူများတွင် တွေ့ရသည့် နှာခေါင်းမျိုးဟု သုံးသပ်သည်။ ဂရိနှာခေါင်းဟု ဆိုနိုင်သော အာဆင်နယ် အသင်းခေါင်းဆောင် ဖာဘရီဂတ်စ်၏ နှာခေါင်းမျိုးကိုလည်း ၃ ရာခိုင်နှုန်းတွင်သာ တွေ့ရပြီး ဟယ်ရီပေါ်တာ သရုပ်ဆောင် ဒန်နီယယ်ရက်ကလစ်ဖ်၏ နှာခေါင်းမျိုးမှာမူ စီးပွားရေး ဦးစားပေးသည့် သွေးအေးသော စနစ်ကြီးသမားများတွင် တွေ့ရလေ့ရှိသည် ဆိုသည်။
၁ - တို၍ အနည်းငယ်လန်သော ရွန်နီ၏ နှာခေါင်းပုံစံသည် ဆွဲဆောင်မှုရှိသည့် အထဲတွင် ပါဝင်သည်။
၂ - ကိတ်မစ်ဒယ်တန်၏ နှာထိပ်အထိ တစ်ဖြောင့်တည်းသွားသော နှာခေါင်းပုံစံကို အနုပညာသမားများတွင် တွေ့ရသည်။
၃ - ဘုရင်မကြီး ကြင်ယာတော် ဖီးလစ်၏ ကြီးမားထဲထူပြီး အဆီများသော နှာခေါင်းပုံစံသည် ဥရောပရှိ အမျိုးသားများတွင် အတွေ့ရများသည်။
၎ - ဘာဘရာစထရက်ဆန်၏ သိမ်းငှက်နှာခေါင်းမျိုးမှာ ဆွဲဆောင်မှု မရှိသည့် အထဲတွင် ပါဝင်သည်။
၅ - Queen ဇာတ်ကားမှ ဇာတ်ဆောင် ဟယ်လင်၏ နှာခေါင်းမျိုးမှာ ပါးပြီး ထိပ်ချွန်သည်။
၆ - ဖာဘရီဂတ်စ်၏ ဂရိ နှာခေါင်းမျိုးမှာ မော်လ်ဒယ်များတွင် တွေ့ရသည်။
၇ - ဒန်နီယယ်ရက်ကလစ်ဖ်၏ လင်းယုန်နှာခေါင်းမျိုးမှာ စည်းနှင့်ကမ်းနှင့် လုပ်တတ်သည့် ပညာရှင်များတွင် တွေ့ရသည်။
၈ - တွမ်ခရုစ်၏ ရိုမန်နှာခေါင်းမျိုးမှာ ထိပ်တွင် လျှောစောက် ဖြစ်သွားပြီး ရည်မှန်းချက် ကြီးသူမျိုးတွင် တွေ့ရသည်။
၉ - ကောက်သည့်အပြင် လုံးဝန်း ပွယောင်းသော သရုပ်ဆောင် လီယွန်မက်ကန်း၏ နှာခေါင်းမျိုးမှာ လူ ၂၀၀ လျှင် တစ်ယောက်၌သာ တွေ့ရသည်။
၁၀ - သရုပ်ဆောင် ကာရေးမူလီဂန်၏ နှာခေါင်းမျိုးမှာအထက်သို့ လန်သော်လည်း သေးသွယ်ပြီး ဒဏ္ဍာရီဆန်သည့် အသွင် ရှိသည်။
၁၁ - ပြန့်ကားပြီး နှာခေါင်းပေါက် ကျယ်သော လီနင် နှာခေါင်းမျိုးမှာ လူ ၂၅ ဦးလျှင် တစ်ဦးတွင်သာ တွေ့ရသည်။
၁၂ - စပါးအသင်းနည်းပြ ဟယ်ရီရက်နက်ပ်၏ နှာခေါင်းမျိုးမှာလည်း လူ ၅၀ လျှင် တစ်ဦးတွင်သာ တွေ့ရသည်။
၁၃ - အမေရိကန်သမ္မတ နစ်ဆင်၏ ရှည်ပြီး နှာမောင်း အသွင် ရှိသော နှာခေါင်းမျိုးမှာ လူ ၁၀၀ တွင် တစ်ယောက်သာ တွေ့ရသည်။
၁၄ - မော်လ်ဒယ်နှင့် ရုပ်သံတင်ဆက်သူ ပါလ်မာတွမ်ကင်ဆန်၏ နှာခေါင်းမျိုးမှာကား လေ့လာခဲ့သမျှ ၁၃၀၀ တွင် တစ်ကြိမ်သာ တွေ့ရသည်။
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။