ကျပ်သန်း ၁၅၀၀၀ ဖြင့် လေလံတင် ရောင်းချခဲ့သည့် ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းရှိ ပြည်သူ့အင်အား
ဦးစီးဌာနရုံး အဆောက်အဦးဟောင်းကို မေလ တတိယပတ်အတွင်းက တွေ့ရစဉ်
“ကျွန်တော်တို့ လေလံအောင်တဲ့အခါ ပထမအသုတ်အနေနဲ့ ၃၀ ရာခိုင်နှုန်းကို မတ်လက ပေးသွင်း ပြီးသားပါ။ ကျန်တဲ့ ၇၀ ရာခိုင် နှုန်းကိုတော့ နောက်ထပ်ခြောက်လခွာပြီး စက်တင်ဘာလမှာ ပေးသွင်းရမယ်လို့ သဘောတူထားတာရှိပါ တယ်။ အခု ရုတ်တရက် ပေးသွင်းရမယ်ဆိုတော့ လက်ထဲမှာငွေမရှိဘူး။ ကျပ်သန်း ၁၀၀၀ အထက်ဆို ရင်တော့ ၃၀ ရာခိုင်နှုန်း ပေးသွင်းပြီးသားဆိုရင် ဘဏ်ကနေ ငွေချေးပေးမယ် ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ၃၀ ရာခိုင်နှုန်း ပေးသွင်းပြီးသား ဆိုတော့ ကျန်တာကိုလည်း အဆုံး မခံနိုင်တော့ဘူး၊ ပေးရမှာပါပဲ”ဟု လေလံအောင်ထားသော လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။
ယင်းကဲ့သို့ လေလံအောင်ထားသူများ အနေဖြင့်မူ လေလံအောင်ထား သည့်ဈေးနှုန်းများမှာ အိမ်ခြံမြေ ဈေးအမြင့်ဆုံး ရောက်နေသောအချိန် ဖြစ်သောကြောင့် လက်ရှိအိမ်ခြံမြေဈေး မှာ ယင်းကာလနှင့်နှိုင်းယှဉ်ပါက အနည်းငယ် အေးနေသောကြောင့် လေလံအောင်ထားသော်လည်း လတ်တလော ငွေသွင်းရန်မဖြစ်နိုင်တော့ သည့်သူများလည်း ရှိနေကြောင်း သိရှိရသည်။
“ကျွန်တော်ကတော့ ငွေမသွင်းနိုင်လို့ လုံးဝပြန်အပ်ရမှာပါ။ ရွှေပြည်သာ ကမြေကွက်နဲ့ အဆောက်အအုံကို ကျပ်သိန်း ၁၇၀၀ ကျော်နဲ့ အောင်ခဲ့တာပါ။ ငွေကတော့ အခုထိလုံးဝ မသွင်းရသေးပါဘူး။ သွင်းနိုင်တဲ့ အခြေအနေလည်း မရှိတော့လို့ ပြန်အပ်တာပါ။ အဲလို ဆိုရင်လည်း လက်ခံပေးပါတယ်။ ကျွန်တော်တို့ ကျတော့ ကျပ်သန်း ၁၀၀၀ မရှိတော့ ဘဏ်ကလည်း ငွေချေးပေးမှာ မဟုတ်ပါဘူး”ဟု ရွှေပြည်သာမှမြေကွက်အား လေလံအောင်ထားသူ လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
“အခုခေါ်ပြီး ပြောတယ်ဆိုတာ လေလံအောင်ပြီး ငွေမသွင်းနိုင်တဲ့ လူတွေပါ။ ရှေ့အသုတ်တွေမှာလည်း လေလံအောင်ပြီးငွေမသွင်းနိုင်သူတွေလည်း ရှိတဲ့အတွက် ခေါ်ပြီးအသိပေးတာပါ။ ၂၉ ရက်နေ့ အားလုံး ပေးရမယ်ဆိုတာမျိုးထက် အမြန်ဆုံး ပေးသွင်းနိုင်ဖို့ ခေါ်ပြောတာပါ။ သူတို့မှာငွေမရှိရင်လည်း ကျပ်သန်း ၁၀၀၀ အထက်ကို ဘဏ်က သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ သတ်မှတ်ထားတဲ့ အတိုးနှုန်းတွေအတိုင်း ချေးပေးသွားမှာပါ။ တချို့ ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင် နှုန်းလောက်ပဲ ပေးသွင်းထားကြ သေးတဲ့သူတွေလည်း ရှိပါတယ်”ဟု နိုင်ငံပိုင်လုပ်ငန်းများ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးနှင့် နိုင်ငံပိုင် သိမ်းဆည်းထားသော ပစ္စည်းများ စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူတစ်ဦးကလည်း ပြောပြခဲ့သည်။
လတ်တလော အခြေအနေတွင်မူ ဘဏ်မှငွေထုတ်ချေးပေးရန် သက်ဆိုင်ရာ criteria နှင့် မကိုက်ညီသူများ ၎င်းတို့တွင်ရှိသော ငွေမာများ၊ ရွှေ စသည်တို့ဖြင့် ငွေပြန်ဖော်ရဖွယ် ရှိကြောင်းနှင့် ငွေမာဈေး ကျနေသောကြောင့်လည်း နောက်ထပ်ဆုံးရှုံးမှုများ ကြုံနိုင်သေးကြောင်းလည်း သုံးသပ်ကြသည်။
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။