နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး တင်သွင်းလွှာအမှတ် (၁/၂၀၁၁)ကို ကြားနာပြီး နှစ်ပတ် အတွင်း အပြီးသတ် ဆုံးဖြတ်ချက်ချ မှတ်ခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အားလုံးပါဝင်သော ခုံရုံးသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၁၃ အရ တင်သွင်းလာသည့် တင်သွင်းလွှာအမှတ် (၁/၂၀၁၁) ကို ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် ခုံရုံး ရုံးခန်းအမှတ်(၁)၌ ကြားနာခဲ့သည်။
ထိုသို့ ကြားနာခဲ့ပြီးနောက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အားလုံးပါဝင်သော ခုံရုံးသည် ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရုံးခန်း အမှတ် (၁)၌ ရုံးထိုင်ပြီး တင်သွင်း လွှာအမှတ် (၁/၂၀၁၁)ကို အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၁၃ အရ ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့် သဘောထားရယူရန် ကိစ္စများ ပေါ်ပေါက်ပါက နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့သည် ခုံရုံးသို့ တိုက်ရိုက် တင်သွင်းခွင့်ရှိသည်ဟု သိရသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏လုပ်ငန်းတာဝန်များထဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်း၊ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ် လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသည့်ဥပဒေများသည် ဖွဲ့စည်း ပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ-မရှိ စိစစ်ခြင်းတို့လည်း ပါဝင်သည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌမှာ ဦးသိန်းစိုး ဖြစ်ပြီး အဖွဲ့ဝင်များမှာ ဒေါက်တာ တင်အောင်အေး၊ ဒေါ်ခင်လှမြင့်၊ ဦးထွန်းကြည်၊ ဦးစိုးသိန်း၊ ဦးခင်ထွန်း၊ ဦးဆန်းမြင့်၊ ဦးမြင့်ကြိုင်၊ ဒေါ်မိမိရီတို့ ဖြစ်ကြသည်။
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။