မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း (မြန်မာအပိုင်း)၏ မန္တလေးအပိုင်း ပိုက်လိုင်း သွယ်တန်းရေးလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ် ရွှေစာရံကျေးရွာအုပ်စု ကျွဲနဖားတောင်ကွင်း ပိုက်လိုင်းသွယ်တန်းရေး လုပ်ငန်းခွင်စခန်းတွင် ၂၀၁၀ ပြည့်နှစ် ဇွန်လ ၃ ရက်နေ့က စတင် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ အဆိုပါပိုက်လိုင်း စီမံကိန်းလုပ်ငန်းခွင် အတွင်း လုပ်ငန်းလိုအပ်ချက်အရ ဒေသခံကာယ လုပ်သားများအားခေါ် ယူလုပ်ကိုင်လျက်ရှိကြောင်း တွေ့ရှိရသည်။
မြန်မာ - တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာတွင် နှစ်နိုင်ငံ သဘောတူညီချက် ဖြင့် China Petroleum Pipeline Bureau (CPP) နှင့် CNPC, South East Asia Pipeline Company တို့မှ တာဝန်ယူတည်ဆောက်နေခြင်း ဖြစ်ပြီး စီမံကိန်းစတင်ချိန်က ပိုက်လိုင်းတည်ဆောက်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံသား ပညာရှင်များနှင့် တရုတ်လုပ်သားများဖြင့်သာ တည်ဆောက်ဆောင်ရွက်ခဲ့ရာမှ လုပ်အား လိုအပ်ချက် ရှိလာသည်ဖြစ်၍ဒေသခံ မြန်မာလုပ်သားများကို ခေါ်ယူအသုံး ပြုလာခြင်းဖြစ်သည်ဟု သိရသည်။
မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် မြစ်ငယ်မြစ်ဖြတ်
ပိုက်လိုင်းတံတား တည်ဆောက်မှုလုပ်ငန်းခွင် တစ်နေရာကို ဇူလိုင်လ ၁၀ ရက်နေ့က တွေ့ရစဉ်
“လုပ်ငန်းပိုင်း ကျွမ်းကျင်မှု မရှိပေမယ့် သံပြားဖြတ်တာ၊ သယ်တာ၊ ပိုက်လိုင်းတပ်ဆင်တာတွေမှာ သူတို့ ဦးဆောင်မှုနဲ့ ကာယလုပ်သားအဖြစ် ၀င်ရောက်လုပ်ကိုင်တာပါ။ အရင်ကဆို ဒေသထဲက တောတွေတောင်တွေ မှာ ထင်းခုတ်တာ၊ မျှစ်ချိုးတာမျိုးပဲ လုပ်ခဲ့ရတယ်။ အခုဒီအလုပ် ပေါ်လာတဲ့အတွက် လခစားအဖြစ် ၀င်လုပ် ဖြစ်တာပါ။ ပြီးခဲ့တဲ့လက အိမ်ကို ကျပ်လေးသောင်းလောက် ပို့နိုင်ခဲ့တယ်”ဟု ပုသိမ်ကြီးမြို့နယ် ကဒီ ကျေးရွာမှ လာရောက်လုပ်ကိုင်နေသူ တစ်ဦးက ပြောပြခဲ့သည်။
“အခုလုပ်ငန်းခွင်ကို ရောက်တာ နှစ်လလောက် ရှိပါပြီ။ ပထမလက ကျပ် ရှစ်သောင်းရတယ်။ ပြီးခဲ့တဲ့လကတော့ တစ်သောင်းတိုးရပြီး ကျပ်ကိုးသောင်းစီ ရကြတယ်။ ကျွန်တော်တို့က ဒီကျေးရွာအုပ်စုက အယောက် ၃၀ လောက်လာပြီး လုပ်နေကြတာပါ။ လုပ်ငန်းခွင်အနေနဲ့ကတော့ သိပ်ပြီးပင်ပန်းတယ်လို့ ပြောလို့ မရပါဘူး။ နေ့လယ်ခင်းပိုင်းဆို နေက အရမ်းပူတော့ သူတို့လည်း လုပ်ငန်းခွင် မ၀င်နိုင်ကြဘူး။ အဲလို အချိန်ဆို သူတို့က လေအေးစက်တွေ တပ်ထားတဲ့အဆောင်တွေထဲ ၀င်နားကြပြီး သက်သောင့် သက်သာတော့မှ ပြန်ပြီးလုပ်ကြတာ။ ညနေကတော့ ၆ နာရီဝန်းကျင်လောက် လုပ်ငန်းသိမ်းပါတယ်။ ပုံမှန်တော့ မရှိဘူးပေါ့”ဟု လုပ်သားတစ်ဦးက ဆိုပါသည်။
တရုတ်-မြန်မာ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကို ၂၀၁၃ ခုနှစ်အတွင်း ပြီးစီးဆောင်ရွက်ရန် လျာထား တည်ဆောက်လျက်ရှိပြီး ဆောင်ရွက်ပြီးစီးပါက ဒေသခံ လုပ်သားများပိုက်လိုင်း တည်ဆောက်မှုနှင့် ပတ်သက်သော နည်းပညာများ ရရှိအောင် ဆောင်ရွက်ပေးရန် သဘောတူထားကြောင်း သိရသည်။
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။