အရေးပေါ် ကယ်ဆယ်ရေး သမားများ သင်္ဘောနစ်မြုပ်သွားရာ နေရာသို့ ဇူလိုင် ၁၁ ရက်နေ့ သွားရောက်နေစဉ်
အဆိုပါ ဖြစ်ရပ်ကြောင့် နိုင်ငံတစ်ဝန်းတွင် ၀မ်းနည်းခြင်း အဖြစ် အလံများကို တစ်ဝက်သာ လွှင့်ထူခဲ့ပြီး နိုင်ငံအတွင်းရှိ ရုပ်သံနှင့်ရေဒီယို ဌာနများမှ ဖျော်ဖြေရေးနှင့် စီးပွားရေး ကြော်ငြာ အစီအစဉ်များကို ဖျက်သိမ်းခဲ့သည်။
အနည်းဆုံး လူ ၁၁၆ ဦး သေဆုံးခဲ့မှုကို ဖြစ်စေခဲ့ခြင်းသည် ခရီးသွား ကုမ္ပဏီ၏ လစ်ဟင်းမှုကြောင့် ဖြစ်ကြောင်း၊ AgroRech Tour ကုမ္ပဏီဥက္ကဋ္ဌနှင့် ဒေသ ဘေးကင်းလုံခြုံမှု စောင့်ကြည့်ရေး အရာရှိချုပ် တို့ကို
ထိန်းသိမ်းထားကြောင်းနှင့် ၎င်းတို့သည် ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်ခံရနိုင်ကြောင်း ရုရှားနိုင်ငံ၏ အာဏာအရှိဆုံး ထောက်လှမ်းရေး ကော်မတီ၏ ထုတ်ပြန်မှု တစ်ခုတွင် ဖော်ပြခဲ့သည်။
အသက် ရှင်ကျန်ရစ်သူများကို ရှာဖွေမှုများ ပြုလုပ်မှုသည် ကြောက်လန့်စရာကောင်းသည့် ကယ်ဆယ်မှု မျိုးဖြစ်ပြီး အသက်ကယ် အင်္ကျီများကို ၀တ်ဆင်ကာ အလောင်းများကို မီတာ ၂၀ အနက်မှ သယ်ယူရခြင်း ဖြစ်သည်။
ရေငုပ်သမားများက အဆိုပါ ယာဉ်ကိုစစ်ဆေးရာတွင် ကုန်များ ထိန်းသိမ်းရာ နေရာတွင် ကလေး ၄၀ နီးပါးကို တွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေး အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက Interfax သတင်းဌာနသို့ ပြောကြားခဲ့သည်။
ခရီးသည် စာရင်းများတွင် အသက် ၁၄ နှစ် အရွယ်ကလေး ၃၀ နှင့် ငယ်ရွယ်သူများ ပါဝင်သည်ဟု ဖော်ပြထားသော်လည်း အသက်ရှင်ကျန်သည့် ကလေး အရေအတွက်မှာ စာရင်းရှိထက် များပြားနေခဲ့သည်။
နစ်မြုပ်သွားသည့် Bulgaria သင်္ဘောပေါ်တွင် ခရီးသည် ၂၀၀ ကျော် ပါဝင်ပြီး သင်္ဘော နစ်မြုပ်ချိန်တွင် ကလေးများ ပိတ်မိနေခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းသင်္ဘော၏ သက်တမ်းမှာ ၅၆ နှစ် ရှိပြီ ဖြစ်ပြီး သင်္ဘော၏ ခရီးသည်တင်ခွင့် လိုင်စင် သက်တမ်းမှာ ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း၊ ခွင့်ပြု အရေအတွက်ထက် ပိုတင်မှု အပါအ၀င် ပြစ်မှုများစွာဖြင့် စုံစမ်း စစ်ဆေးမည် ဖြစ်ကြောင်း အစီရင်ခံစာများက ဖော်ပြခဲ့သည်။
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။