သစ်တောများ ပြုန်းတီးခြင်း၊ အလွန်အကျွံဖမ်းဆီးခြင်း၊ ထုတ်လုပ် ခြင်းစသည် တို့ကြောင့် မြန်မာနိုင်ငံ၌ တိရစ္ဆာန်နှင့် အပင်မျိုးစိတ်ပေါင်း ၂၀၀ ၀န်းကျင်မှာ မျိုးသုဉ်းမည့် အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံသည် အရှေ့တောင် အာရှဒေသတွင် ဇီဝမျိုးစုံမျိုးကွဲစုံလင် များပြားသော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေပြီး တောရိုင်းတိရစ္ဆာန် မျိုးစိတ်များစွာ၊ အပင်မျိုးစိတ်များစွာ တည်ရှိနေသည်။ ဇီဝမျိုးစုံမျိုးကွဲ များတွင် အပင်မျိုးစိတ် ၁၁၈၀၀၊ ကြိမ်မျိုးစိတ် ၃၇ မျိုး၊ ၀ါးမျိုးစိတ် ၇၀၊ ဆေးဘက်ဝင်အပင်များ ၈၄၁ မျိုး၊ နို့တိုက်သတ္တ၀ါများ ၂၅၁ မျိုး၊ တွားသွားသတ္တ၀ါများ ၂၇၂ မျိုး၊ ကုန်းနေရေနေသတ္တ၀ါ ၈၂ မျိုး၊ ငှက် မျိုးစိတ် ၁၀၅၆ မျိုး၊ ပင်လယ်ငါး ၄၆၅ မျိုး တို့ရှိနေသည်။
“မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ သဘာဝအနေအထား ကောင်းမွန်တဲ့နိုင်ငံဖြစ်ပါတယ်။ မျိုးစိတ်များစွာလည်း ကျက်စားနေထိုင်ကြတယ်။ ငှက်မျိုးစိတ်၊ အပင်မျိုး စိတ်အများအပြား တွေ့နိုင်တယ်”ဟု European Union မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခုအခါတွင် ဇီဝမျိုးစုံမျိုးကွဲများအနက် အချို့မှာ မျိုးသုဉ်းမည့် အန္တရာယ်နှင့်ကြုံတွေ့နေရပြီး နေထိုင်ရာ စားကျက်ပျောက်ဆုံးခြင်း၊ လိုအပ်သည်ထက် ပိုမိုဖမ်းဆီးထုတ်လုပ်ခြင်း၊ ပြင်ပမှ မျိုးစိတ်သစ် ရောက်ရှိခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် အနည်ကျခြင်း၊ ရာသီဥတုပြောင်းလဲ ခြင်းတို့သည် ယင်းအန္တရာယ်ကို ကြုံ တွေ့စေလာသည့် အကြောင်းအရင်း များဖြစ်ကြသည်။
ယင်းသို့ မျိုးသုဉ်းမည့်အန္တရာယ်နှင့် ကြုံတွေ့နေရသည့် မျိုးစိတ်များတွင် နို့တိုက်သတ္တ၀ါမျိုးစိတ် ၃၉ မျိုး၊ ငှက်မျိုးစိတ် ၄၅ မျိုး၊ တွားသွား သတ္တ၀ါ ၂၁ မျိုး၊ ငါးမျိုးစိတ် ၅၈ မျိုး၊ အပင်မျိုးစိတ် ၃၈ မျိုး ပါဝင်နေသည်။
“အလွန်အကျွံ ထုတ်လုပ်သုံးစွဲတာကလည်း မျိုးသုဉ်းမှုအန္တရာယ် ကို ကြုံတွေ့လာစေတယ်။ တစ်ချက်ကတော့ အသိပညာ နည်းတာပေါ့။ နောက်တစ်ချက်ကတော့ ဆင်းရဲတာပေါ့။ ဆင်းရဲတဲ့အခါမှာ တခြားဘာ မှ မစဉ်းစားနိုင်ပါဘူး။ စီးပွားရေး သမားတွေကတော့ ၀ိသမလောဘ တစ်ခုတည်းကြောင့်လုပ်တာ။ ဒေသခံ တွေလို ဆင်းရဲတယ်ဆိုတာကြောင့် မဟုတ်ဘူး။ သတ္တုရှာတယ်။ သစ်တောတွေ ပြုန်းကုန်တယ်။ တိရစ္ဆာန် တွေ နယ်စပ်ကနေ ပို့တာနဲ့ ပတ်သက်လို့တော့ ထိုင်း၊ တရုတ်နယ်စပ် နှစ်ခုရှိတယ်။ ထိုင်းကိုတော့ အိမ်မွေး တိရစ္ဆာန်အနေနဲ့ သွားတာများတယ်။ တရုတ်ကတော့ တောထွက်အများစု ကို အားဆေးအတွက် သုံးတာ။ နယ်စပ်မှာ စစ်ဆေးတယ်ဆိုပေမယ့် နယ်စပ်က အရှည်ကြီး။ တောထဲက သစ်ခွခြောက်တွေ၊ မျောက်တွေ၊ လိပ်တွေ၊ မြွေတွေ၊ တောက်တဲ့တွေနဲ့ တခြားရှိသမျှ ပို့နေတာပါ”ဟု မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ ဥက္ကဋ္ဌ ဦးစိုးညွန့် က ပြော ပါသည်။
မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုး ကွဲများအနက် ရှားပါးလာသော မျိုးစိတ်များတွင် မျိုးသုဉ်းလုနီးပါး အခြေအနေရှိ အပင်နှင့် သတ္တ၀ါ ၃၅ မျိုး၊ မျိုးသုဉ်းမှုအန္တရာယ်နှင့် ကြုံတွေ့နေ ရသော အပင်နှင့်သတ္တ၀ါ ၅၁ မျိုး၊ မျိုးသုဉ်းမှုအန္တရာယ်နှင့် ကြုံရမည့် အဆင့်သို့ ရောက်ရှိသွားနိုင်သော အပင်နှင့်သတ္တ၀ါမျိုးစိတ် ၁၁၅ မျိုးတို့ ပါဝင်နေသည်။ “နယ်စပ်မှာ လိပ်တွေ ထောင်နဲ့ချီပြီးမိတယ်။ မူဆယ်နယ် စပ်မှာ ဖမ်းမိတာ သူ့ရဲ့ မူရင်းနေတဲ့ ရခိုင်ပြည်နယ်ကို ပြန်ပို့ရတယ်။ ရခိုင် ပြည်နယ်မှ မဟုတ်ရင် မနေနိုင်ဘူး” ဟု ဇီဝမျိုစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်း စောင့်ရှောက်ရေးအသင်း (BANCA) မှ Executive Committee Member ဦးတင့်ထွန်းက ပြော ကြားသည်။

0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။