ဇူလိုင်လ ၂၉ ရက်နေ့က တဟီရာ ရင်ပြင်ရှိ လမ်းမီးတိုင်ပေါ်တက်ပြီး အီဂျစ်အလံကို ကိုင်မြှောက်ထားသည့် ကန့်ကွက်ဆန္ဒပြသူ တစ်ဦး
မူဘာရက်နှင့် ၎င်း၏သားနှစ်ဦး၊ ပြည်ထဲရေးဝန်ကြီးဟောင်း အပါအ၀င် အစိုးရဟောင်းလက်ထက် တာဝန်ရှိသူများကို သြဂုတ် ၃ ရက်တွင် တစ်ပြိုင်တည်း စစ်ဆေးမည် ဖြစ်ကြောင်း တရားရေး တာဝန်ရှိသူများက ဇူလိုင် ၂၈ ရက်တွင် ပြောကြားသည်။ ရုံးတင် စစ်ဆေးမှုတွင် လုံခြုံရေး တင်းကြပ်စွာ ချထားမည် ဖြစ်ပြီး မူဘာရက်ကိုလည်း သံလှောင်အိမ် တစ်ခုတွင် ထားရှိသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ယခင်က မူဘာရက်၏ ပြိုင်ဘက် ရန်သူများသည်လည်း ယင်းကဲ့သို့ လှောင်အိမ်ထဲတွင် ထည့်၍ စစ်မေးခံရကြောင်း သိရသည်။
အသက် ၈၃ နှစ်ရှိ မူဘာရက်သည် ပင်လယ်နီ အပန်းဖြေစခန်းမြို့ရှိ ဆေးရုံမှ ကိုင်ရိုမြို့သို့ ရွှေ့ပြောင်းရန် အတွက် ကျန်းမာရေး ကောင်းမွန်နေကြောင်း ကျန်းမာရေးဝန်ကြီး အမ်မာဟယ်လ်မီက ပြောကြားသည်။ မူဘာရက်သည် ခြစားမှု၊ ဆန္ဒပြသူများကို ပစ်ခတ်ရန် ညွှန်ကြားမှု စသည်တို့ဖြင့် ရုံးတင် စစ်ဆေးခံရမည် ဖြစ်သည်။
မူဘာရက်လက်ထက် ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဆောင်သော အီဂျစ်စစ်ဘက်ကောင်စီသည် မူဘာရက်နှင့် အပေါင်းအပါများကို တရားစွဲဆိုရန် အချိန်ဆွဲနေကြောင်း ပြည်သူများက ဝေဖန်ခဲ့သည်။
ကိုင်ရိုမြို့ရှိ ကွန်ဗင်းရှင်းစင်တာတွင် စာအုပ်နှင့်ကုန်သွယ်ရေး ပြပွဲများ ပြုလုပ်လေ့ရှိပြီး ရှေ့နေများ၊ သတင်းထောက်များ၊ ဆန္ဒပြမှု အတွင်း သေဆုံးခဲ့သူများ၏ မိသားစုဝင်၊ ဆွေမျိုးများ တက်ရောက်နိုင်သည် အထိ ကျယ်ဝန်းကြောင်း တရားရေး ဒုတိယ၀န်ကြီး မိုဟာမက်မန်နီက ပြောကြားခဲ့သည်။





0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။