Welcome to my blog :)

rss

Thursday, April 21, 2011

ကိုယ်ဝန်ဆောင် ဆယ်ဦးမှာ တစ်ဦး ခံစားရတတ်တဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်း ရောဂါ


ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် သားဆိပ်တက်လို့ ဆေးရုံတင်လိုက်ရတယ်၊ သွေးပေါင်တွေ အရမ်းတက်ပြီး ခြေလက်တွေ ဖောရောင်ကာ ဝေဒနာ အပြင်းအထန် ခံစားရတယ် စသဖြင့် စာရှုသူတို့ ကြုံဖူး၊ ကြားဖူးကြမှာပါ။ ပျမ်းမျှ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၀၀ ဦးမှာ ၈ ယောက်ကနေ ၁၀ ယောက်လောက် အထိ ခံစားရတတ်တဲ့ ကိုယ်ဝန်နဲ့ ဆက်စပ်သော၊ အဆိပ်တက်တယ်လို့ တင်စားပြောရတဲ့အထိ ဝေဒနာဆိုးတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဖြစ်ပွားနှုန်း များလှပြီး အရပ်ထဲမှာ၊ ကျွန်တော်တို့ ဆေးရုံမှာ မကြာခဏဆိုသလို ကြုံနေရလို့ အများပြည်သူတို့ ဆင်ခြင်သိမှတ်နိုင်ဖို့ ဒီရောဂါအကြောင်းကို mmDailyNews   စာမျက်နှာပေါ်ကနေ ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်များသာ ခံစားရလို့ သားဆိပ်တက်တယ်၊ ကိုယ်ဝန်ဆိပ်တက်တယ်လို့ ခေါ်ဆိုကြတဲ့ ဒီရောဂါမှာ နှစ်ဆင့်ရှိပါတယ်။ ပထမတစ်ခုက အကြိုသားဆိပ်တက်ခြင်း (Pre-eclampsia) ဖြစ်ပါတယ်။ ဒီအခြေအနေမှာ သေချာမကုသရင် တကယ့် သားဆိပ်တက်ခြင်း (Eclampsia) ရောဂါအခြေအနေကို ရောက်သွားမှာ ဖြစ်ပါတယ်။ (ကိုယ်ဝန်ဆိပ်တက်ခြင်းလို့ ခေါ်ဆိုသင့်ပေမယ့် အများပြည်သူ အသိလွယ်ဆုံး၊ အသုံးအများဆုံး သားဆိပ်တက်ခြင်းဆိုတဲ့ ဝေါဟာရနဲ့သာ ဆောင်းပါးတစ်ပုဒ်လုံး သုံးနှုန်းသွားပါရစေ)

အကြိုသားဆိပ်တက်ခြင်း၏ လက္ခဏာများ
အဓိက လက္ခဏာက သွေးပေါင်တက်တာ ပါပဲ။ အမျိုးသမီးအများစုဟာ အစက သွေးတိုးရောဂါ မရှိရင်တောင် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်တက်လာတတ်ပါတယ်။ ဒါဟာ မိမိအတွက်သာမက သန္ဓေသားအတွက်ပါ နှစ်ယောက်စာ သွေးလှည့်ပတ်စီးဆင်းမှု မြင့်မားလာခြင်း (Hyperdynamic Circulation) ကြောင့် ဖြစ်တတ်တာ ဖြစ်ပြီး တော်ရုံတန်ရုံ လောက်ပဲ သွေးတိုးလေ့ရှိပါတယ်။ ဒါက ဖြစ်နေကျ သဘာဝလို့ ဆိုရင်တောင် ရပါတယ်။ သားဆိပ်တက်ချင်တဲ့ သူတွေမှာတော့ သွေးပေါင်ပိုတက်တာ တွေ့ရပါတယ်။ များသောအားဖြင့် ကိုယ်ဝန် ၃ လနောက်ပိုင်းကနေ ၆ လ မတိုင်ခင်မှာ ပေါ်လာတတ်ပြီး တဖြည်းဖြည်း ပိုပြင်းထန်လာတတ်ပါတယ်။ ဒါ့အပြင် သားဆိပ်တက်သူတွေဟာ သိသိသာသာ ခြေတွေ၊ လက်တွေ ဖောရောင် လာတတ်ပါတယ်။

ကိုယ်ဝန်ဆောင် ဖြစ်ရင် ဖောမှာပဲ ဆိုတဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ အတွေးအခေါ်တွေနဲ့ ပစ်မထားပါနဲ့။ ကိုယ်ဝန် စရှိကတည်းက သားဖွားအကြို ကုသစောင့်ရှောက်မှု (Antenatal Care or AN Care) မဖြစ်မနေယူသင့်ပါတယ်။ အရပ်အခေါ် ဗိုက်အပ်တာကို ပြောတာ ဖြစ်ပါတယ်။ ဘာကြောင့် သွေးတိုးတာလဲ၊ ဘာကြောင့် ဖောလာတာလဲ သေချာသိရှိရန်၊ လိုအပ်တဲ့ ကုသမှု ရယူရန် နီးစပ်ရာ ဆေးရုံ၊ဆေးခန်းမှာ ပြသင့်ပါတယ်။ ချိန်းတဲ့ ရက်အတိုင်း ပုံမှန်သွားသင့်ပါတယ်။ သားဆိပ်တက်သူတွေဟာ ဆီးထဲမှာလည်း ပရိုတိန်းခေါ် အသားဓာတ် များများ ပါနေတတ်ပါတယ်။ ဒါကြောင့် ဗိုက်အပ်သူတွေကတော့ သားဆိပ်တက်ခြင်း လက္ခဏာတွေကို စောစောစီးစီး သိနိုင်ပြီး ကြိုတင်ကုသနိုင်သလို ဒါဟာ မဖြစ်မနေ ကိုယ်ဝန်စရှိတာနဲ့ လုပ်ရမယ့် အလုပ်ဆိုတာပါ သိစေချင်ပါတယ်။



(လိုအပ်လို့ ကြားဖြတ်ပြောရရင် ကျွန်တော်တို့ နိုင်ငံမှာ ကိုယ်ဝန်စောစော အပ်ရမယ် ဆိုတဲ့ အသိ လူတိုင်း မရှိသေးတာ အတော်ဆိုးပါတယ်။ အသိရှိတဲ့ သူတွေတောင်မှ ၄-၅ လနေမှ အပ်ကြတာ တွေ့ရပါတယ်။ လူမှုရေး၊ စီးပွားရေး အဆင်မပြေမှု၊ ကိုယ်ဝန်ဆောင်ပေမယ့် ငွေရှာတဲ့ အလုပ်ကနေ နားလို့ မရသေးတဲ့ အခြေအနေ၊ ကျန်းမာရေး အသိပညာ နိမ့်ခြင်း စတဲ့ အချက်တွေကြောင့် မိခင်လောင်းတစ်ယောက် ဖြည့်ဆည်းသင့်တာတွေ ဖြည့်ဆည်းပေးဖို့ နှောင့်နှေးနေကြတဲ့အတွက် ကျွန်တော်တို့ ကျန်းမာရေး ၀န်ထမ်းတွေက စွမ်းနိုင်သလောက် နှိုးဆော်စည်းရုံး နေကြရပါတယ်။ ဇနီးမောင်နှံ နှစ်ယောက် ကလေးယူတော့မယ်လို့ ဆုံးဖြတ်လိုက်ရင် အရေးအပါဆုံး ပန်းတိုင် (Ultimate Goal) ဟာ မိခင်ရော ကလေးငယ် အတွက်ပါ ဘေးကင်းစွာ မွေးဖွားနိုင်ရေး (Safe Delivery for Both Mother and Baby) ပဲ ဖြစ်ပါတယ်။ လူတိုင်းလိုချင်တဲ့ ဒီပန်းတိုင်ကို ရချင်ရင် AN Care ကို မဖြစ်မနေယူကြပါလို့ တိုက်တွန်း ပါရစေ။ လူတိုင်းတတ်နိုင်တဲ့ မပြောပလောက်တဲ့ ကုန်ကျမှုနဲ့ အစိုးရဆေးရုံတွေမှာ စောင့်ရှောက်ပေးနေတာမို့ ဘေးကင်းတဲ့ သားသည်မိခင်နဲ့ ရင်သွေးဘ၀ကို ရယူနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်)

သားဆိပ်တက်ခြင်း၏ လက္ခဏာများ

သားဆိပ်တက်ခြင်း (Eclampsia) ဆိုတာ အကြိုသားဆိပ်တက်ခြင်းကို ထိထိရောက်ရောက် မကုသဘဲ ထားရင် ဖြစ်ပွားတတ်တဲ့ ဝေဒနာ အပြင်းထန်ဆုံး ရောဂါအခြေအနေ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် ၁၀၀ ဦးမှာ ၁ ဦးကနေ ၂ ဦးအထိ ဖြစ်တတ်ပါတယ်။ သွေးပေါင်တက်ခြင်း၊ ဖောရောင်ခြင်းတို့အပြင် တက်ခြင်းပါ ပါလာပြီ ဖြစ်ပါတယ်။ အရမ်းဆိုးရင် နှိုးမရတဲ့ သတိလစ်မေ့မျောမှု (Coma) ၀င်ခြင်း၊ အသက်ဆုံးနိုင်ခြင်း စတဲ့ အနေအထားအထိ ရောက်သွားစေနိုင်ပါတယ်။ ဒီအန္တရာယ်တွေဟာ မီးမဖွားမီ၊ ဖွားနေစဉ်နဲ့ မီးဖွားပြီး နောက်ပိုင်းအထိ ဖြစ်နိုင်တာ တွေ့ရပါတယ်။ ကလေးအတွက် ဆိုရင်လည်း ပျက်ကျခြင်း၊ မိခင်ကိုယ်တွင်း အောက်စီဂျင် ကောင်းစွာ မရ၍ ဦးနှောက်ထိခိုက်ခြင်း၊ စာသင်ရခက်ခြင်း၊ လူကောင်သေးခြင်း၊ လမစေ့ဘဲ မွေးခြင်း၊ မွေးရာပါ အကြားအာရုံ အမြင်အာရုံချို့တဲ့ခြင်း၊ ၀က်ရူးပြန်ရောဂါ ရခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။



ဖြစ်စေတဲ့ အကြောင်းရင်းများ
သားဆိပ်တက်ရောဂါ ဖြစ်စေတဲ့ အကြောင်းရင်း အတိအကျကို ပညာရှင်များ စူးစမ်းရှာဖွေနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း ပြုလုပ်ပြီးသား သုတေသနများအရ အာဟာရချို့တဲ့ခြင်း၊ ခန္ဓာကိုယ် အဆီများခြင်း၊ သားအိမ်ဆီသို့ သွေးထောက်ပံ့မှု မကောင်းခြင်း၊ ခုခံအားစနစ် ပုံမှန်မဟုတ်ခြင်း စတဲ့ အချက်တွေနဲ့ ဆက်စပ်ကြောင်း သိရပါတယ်။

နောက်ထပ် အကြောင်းရင်း တစ်ခုကို ဆွေးနွေးရရင် မိခင်လောင်းက Rh သွေးအုပ်စု Negative (-) ဖြစ်ခြင်း ပါပဲ။ အာရှတိုက်သား၊အာရှတိုက်သူ ၉၈% ကျော်ဟာ Rh လို့ ခေါ်တဲ့ သွေးအုပ်စုမှ Positive (+) ဖြစ်ကြတာ များပါတယ်။ (Rh ဆိုတာ သွေးအုပ်စုခွဲနည်း တစ်ခု ဖြစ်ပြီး positive နဲ့ negative ဆိုပြီး နှစ်မျိုးပဲ ခွဲပါတယ်။ ABO နည်းမှာတော့ A, B, AB နဲ့ O ဆိုပြီး လေးမျိုးခွဲပါတယ်။ ဒါကြောင့် ဒီနည်းနှစ်မျိုးကို ပေါင်းပြီး ခွဲခြားရင် ၄x၂= ၈ အရ သွေးအုပ်စု ၈ ခုရပြီး လူသားတစ်ဦးစီဟာ အဆိုပါ သွေး ၈ မျိုးထဲက တစ်မျိုးစီ ပိုင်ဆိုင်ကြပါတယ်)

သွေးအုပ်စု Rh Negative (-) ဖြစ်တဲ့ သူတွေက အရမ်းနည်းတဲ့ အရေအတွက် ဖြစ်သလို ကျန်းမာရေးအရလည်း ပြဿနာမြင့်တဲ့ သူတွေ ဖြစ်လာတတ်ပါတယ်။ အကြောင်းရင်းက Rh (+) သမားဟာ သွေးလိုလာရင် (+) ဖြစ်ဖြစ် (-) ဖြစ်ဖြစ် ABO ပုံစံ တူရင် သွင်းလို့ အလွယ်တကူ ရပါတယ်။ ဒါပေမဲ့ Rh (-) သမားရဲ့ ကိုယ်ထဲကို (-) သွေးပဲ သွင်းလို့ ရပြီး (+) သွေးသွင်းလို့ လုံးဝ မရပါဘူး။ ဒါကြောင့် မဖြစ်မနေ သွေးလိုတဲ့ အနေအထားမှာ မျိုးတူ (-) သွေး မရခဲ့ရင် (-)သမားအတွက် ပြဿနာပါ။ အသက်အန္တရာယ်ကြောင့် ဖြစ်စေ၊ မသိလို့ ဖြစ်စေ (+) သွေးသွင်းဖူးခဲ့သူ တစ်ဦးဟာ နောက်ထပ် ဘ၀မှာ (+) သွေးနဲ့ ဒုတိယအကြိမ် ဆက်စပ်ပတ်သက်လို့ မိရင် သေနိုင်တဲ့ အထိ ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းက သူ့ခန္ဓာကိုယ်ထဲ ခုခံအားစနစ်က (+) ရဲ့ ပဋိပစ္စည်း (Antibody) ထွက်စေတဲ့ ပဋိပြုပစ္စည်း (Antigen) ကို တစ်ခါထိတွေ့ဖူးပြီး ပဋိပစ္စည်းတွေ ထွက်နေစေကာ နောက်တစ်ကြိမ် ထပ်တွေ့ရင် အပြင်းအထန် တိုက်ခိုက်ပါတယ်။ ဒီတိုက်ပွဲဒဏ်ကို ခန္ဓာကိုယ်က ကြားကနေ အလူးအလဲ ခံရတာ ဖြစ်ပါတယ်။



ထို့အတူ အမျိုးသမီး တစ်ယောက်ဟာ ရှားရှားပါးပါး Rh (-) ဖြစ်နေပြီး Rh (+) အမျိုးသားနဲ့ အိမ်ထောင်ပြုမိလို့ သားဦး ကိုယ်ဝန်ဆောင်တဲ့ အခါ ကလေးကလည်း တိုက်ဆိုင်စွာနဲ့ ဖခင်ဘက် လိုက်ပြီး (+) ဖြစ်နေရင် မိခင်ရဲ့ ကိုယ်ခံ စွမ်းအားနဲ့ ကလေးရဲ့ (+) သွေးအုပ်စုတို့ဟာ သန္ဓေသားအချင်းသွေးလှည့်ပတ်မှုမှာ ထိတွေ့ တိုက်ပွဲဖြစ်ပြီး မိခင်က ဒဏ်ကို အများဆုံး ခံရလို့ သားဆိပ်တက်ခြင်း ဖြစ်တတ်ပါတယ်။ ကလေးငယ်ကတော့ တော်ရုံတန်ရုံ အကြိုသားဆိပ်တက်ခြင်း အခြေအနေမှာ မထိခိုက်တတ်ပဲ အရမ်းဆိုးမှ ထိခိုက်တတ်တာ ဖြစ်ပါတယ်။ ဒီလို သားဦးမှာ သားဆိပ်တက်ဖူးသူ အမျိုးသမီးတစ်ဦးဟာ နောက်ထပ် သားသမီး ယူမယ်ဆိုရင် ကျွန်တော် အပေါ်မှာ ရှင်းပြခဲ့သလို ဒုတိယအကြိမ်မှာ အဆိုးဆုံး ဖြစ်ကာ အသက်အန္တရာယ် ရှိလာနိုင်တာမို့ သားဖွားမီးယပ် အထူးကုတစ်ဦးဦးနဲ့ မဖြစ်မနေ တိုင်ပင်ပြသရပါမယ်။

ဒီနေရာမှာ မတ်လ ၂၇ ရက်နေ့က အင်တာနက်ပေါ်မှာ စတင်ဖော်ပြခဲ့တဲ့ သားဆိပ်တက်ခြင်းနဲ့ ပတ်သက်တဲ့ နောက်ဆုံးပေါ် သုတေသန ရလဒ်တစ်ခုကို ဖော်ပြပေးလိုပါတယ်။ မွေးရာပါ မျိုးရိုးဗီဇ မှားယွင်းခြင်း တစ်ခုကြောင့် သားဆိပ်တက်ခြင်း ဖြစ်ရတယ်လို့ အဲဒီတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။ DNA လို့ခေါ်တဲ့ ဆဲလ်အတွင်းဆုံး အပိုင်းက မျိုးရိုးဗီဇအမျှင်လေးရဲ့ မှားယွင်းလွဲချော်တဲ့ တည်ဆောက်ပုံကြောင့် ခုခံအားစနစ်ရဲ့ အဓိကပရိုတိန်း (Key Protein) မှာပါ လွဲချော်တဲ့ တည်ဆောက်ပုံ ဖြစ်နေကာ ခုခံအားက ကိုယ့်ကိုယ်ကို ပြန်တိုက်တဲ့ ရောဂါ အခြေအနေ (Autoimmune Disease) တစ်မျိုး ဖြစ်စေပြီး သားဆိပ်တက်မှုကို ဖြစ်စေတယ်လို့ ဒီတွေ့ရှိချက်စာတန်းမှာ ဖော်ပြပါရှိပါတယ်။ ၄င်းတို့ရဲ့ သုတေသနအရ အစကတည်းက သွေးလေးဖက်နာ (SLE) ၊ လေးဖက်နာရောဂါ စတဲ့ Autoimmune Disease တစ်ခုခု ရှိပြီးသား ဖြစ်ပြီး သားဆိပ်တက်သူ အမျိုးသမီးတွေ အားလုံးရဲ့ ၁၈% ၊ အဲလို ရောဂါမရှိဘဲ သားဆိပ်တက်သူ ၈% ဟာ မျိုးရိုးဗီဇ နေရာ ၃ ခုမှာ ချို့ယွင်းချက် တူညီစွာ ပါရှိကြတာ တွေ့ရပါတယ်တဲ့။ ဆက်လက်လေ့လာဖို့ လိုအပ်နေသေးပေမယ့် ကိုယ်ဝန်ဆိပ်တက်ခြင်းရောဂါ အကြောင်း အတိုင်းအတာတစ်ခု သိလိုက်ရပါတယ်။

ကိုယ်ဝန်ဆိပ်တက်ရန် နီးစပ်သူများ
သားဦးကိုယ်ဝန်များ၊ ဆယ်ကျော်သက်အရွယ်နဲ့ ကိုယ်ဝန်ဆောင်သူများ၊ အသက် ၄၀ ကျော်မှ ကိုယ်ဝန်ဆောင်သူများ၊ ကိုယ်ဝန်မဆောင်ခင်ကတည်းက သွေးတိုးရောဂါ ရှိပြီးသူများ၊ ရှေ့ကိုယ်ဝန်မှာ သားဆိပ်တက်ဖူးသူများ၊ မိခင်(သို့) ညီအစ်မများမှာ သားဆိပ်တက်ဖူးသူများ၊ အမြွှာကိုယ်ဝန်ဆောင်များ၊ အ၀လွန်သူများ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ SLE ခေါ် သွေးလေးဖက်နာ၊ အဆစ်ရောင်ရောဂါ စတာတွေ ရှိသူများ ဖြစ်ပါတယ်။



ကိုယ်ဝန်ဆိပ်တက်ခြင်းရဲ့ လက္ခဏာများ
သွေးအရမ်းတိုးပြီး ခြေလက်တွေ ဖောရောင်လာတဲ့ အချိန်မှာ ဆီးစစ်ကြည့်ရင် ဆီးထဲမှာ ပရိုတိန်းဓာတ် ပါဝင်မှု မြင့်နေတာ တွေ့ရပါမယ်။ ဗိုက်အောင့်တတ်ပါတယ်။ ခေါင်းအရမ်းကိုက်ခြင်း၊ ဆီးသိသာစွာ နည်းသွားခြင်း၊ မူးဝေထိုင်းမှိုင်းခြင်း၊ အလွန်အမင်း ပျို့ခြင်း၊ အန်ခြင်း စတာတွေဟာ သားဆိပ်တက်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင် အများစုဟာ ဖောရောင်ခြင်း ဖြစ်တတ်ပေမယ့် မဆိုးဝါးဘဲ အလိုလို ပြန်ပျောက်တတ်ပါတယ်။ ဒါ့အပြင် အခြားလက္ခဏာတွေ မပါပါဘူး။ သေချာအောင် ဆရာဝန် ပြဖို့တော့ လိုပါလိမ့်မယ်။

ကုသမှုများ
သားဖွားမီးယပ် ဆိုင်ရာ အထူးကျွမ်းကျင်သူများရဲ့ ပြုစုစောင့်ရှောက်မှု လိုအပ်လို့ ဆေးရုံတက် ကုသမှု ခံယူဖို့ လုံးဝ မဖြစ်မနေ လိုအပ်ပါတယ်။ အတိအကျ ကုသမှုကတော့ ကလေးကို မွေးဖွားအောင် ပြုလုပ်ခြင်းပါပဲ။ အကယ်၍ လမစေ့သေးရင်တော့ ဝေဒနာတွေ သက်သာအောင် ကုသမှု ပေးရင်း စေ့တဲ့အထိ စောင့်ရပါတယ်။ ဝေဒနာတွေ အရမ်းဆိုးရင်တော့ ခွဲစိတ်ခြင်းနဲ့ အမြန်မွေးဖွားပစ်ဖို့ ဆရာဝန်များက စဉ်းစားပါလိမ့်မယ်။



ကာကွယ်မှုများ
သားဆိပ်တက်ခြင်းကို ကာကွယ်ရန် အထက်မှာ ဖော်ပြခဲ့တဲ့ Autoimmune ရောဂါတစ်မျိုးမျိုး၊ အ၀လွန်ခြင်း၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ စသဖြင့် ရှိသူများဟာ ကိုယ်ဝန်ဆောင်ဖို့ စိတ်ကူးရင် ဆရာဝန်နဲ့ ကြိုတင် တိုင်ပင် ကုသဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်တဲ့ မျိုးရိုးရှိသူများလည်း ထို့အတူပါပဲ။ မိမိရဲ့ သွေးအုပ်စုဟာ ကိုယ်ဝန်ဆိပ်တက်ရန် အနီးစပ်ဆုံး အခြေအနေတစ်မျိုး ဖြစ်တဲ့ Rh (-) သွေးအမျိုးအစား ဖြစ်နေလား ဆိုတာ ကြိုတင် စစ်ဆေး သိရှိထားဖို့ လိုပါတယ်။ ဟုတ်နေရင် သားဦးကိုယ်ဝန် စဆောင်ကတည်းက သားဖွားမီးယပ် အထူးကုတစ်ဦးရဲ့ စဉ်ဆက်မပြတ် ကုသစောင့်ရှောက်မှု ခံယူဖို့ လိုအပ်သလို မွေးခါနီးရင် ဆရာဝန် ပြောတဲ့အတိုင်း ဆေးရုံကြိုတက်ဖို့ လိုအပ်ကြောင်းပါ။ ဒါတွေ အားလုံးအတွက် ကိုယ်ဝန်စဆောင်တဲ့ သားဖွားအကြို ကုသစောင့်ရှောက်မှု (AN Care) သို့မဟုတ် အရပ်အခေါ် ဗိုက်အပ်၍ မှန်မှန်ပြခြင်းဟာ မရှိမဖြစ် အဓိက လုပ်ဆောင်ဖွယ် ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ