Welcome to my blog :)

rss

Thursday, April 21, 2011

ဆီးပူဆီးအောင့်ဝေဒနာ သင်ခံစားရလေ့ ရှိပါသလား


ဆီးအောင့်ဆီးကျင်ခြင်း ဝေဒနာကို လူတိုင်း ခံစားဖူးကြမှာပါ။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုခံစားရတတ်ပါတယ်။ ကလေးငယ်တွေမှာတော့ ကျားမ တူတူလောက်ပါပဲ။ ဖြစ်ရတဲ့ အကြောင်းအရင်းက ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (Urinary Tract Infection) ကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်များပြီး ရေသောက်နည်းတဲ့ သူတွေမှာ၊ တစ်နေကုန် အထိုင်များတဲ့ သူတွေမှာ ဆီးသွားတဲ့ အခါ ကျင်ပြီး ပူသလိုလို ခံစားရတတ်ပါတယ်။ ဆီးလဲ အရောင်ရင့်ကာ နောက်တတ်ပါတယ်။ ဒါလောက်ကတော့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း မဟုတ်သေးပါဘူး။ ဒါပေမဲ့ ဒါမျိုး အနေအထိုင် အလေ့အကျင့်ဟာ ကာလကြာလာရင် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း သာမက ဆီးကျောက်တည်ခြင်းပါ ဖြစ်လာစေနိုင်တာမို့ ဆင်ခြင်သင့်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဟာ အောက်ပါ လက္ခဏာများထဲက အနည်းဆုံးတစ်ခုနဲ့ တစ်ခုအထက် ခံစားရတတ် စေပါတယ်။

• ဆီးသွားရင် ပူစပ်ပူလောင် နာကျင်မှု ခံစားရခြင်း
• ဆီးခဏခဏ သွားချင်နေပြီး သွားသောအခါတွင်လည်း များများ မသွားနိုင်ခြင်း
• ၀မ်းဗိုက်အောက်ပိုင်း အောင့်ခြင်း၊ လေးလံသလို တင်းသလို ခံစားရတတ်ခြင်း
• ဆီးအရောင်သည် လွန်စွာရင့်ပြီး အနည်အမှုန်များ ပါတတ်ခြင်း၊ ပုံမှန်ထက် သိသာစွာ အနံ့ဆိုးခြင်း
• ကျောဖက် နံရိုးများ၏ အောက်နားနေရာမှ နာခြင်း (ကျောက်ကပ်များ ရှိရာနေရာဖြစ်သည်)
• ချမ်းတုန်၍ ဖျားခြင်း
• ပျို့ချင်အန်ချင် သလိုဖြစ်ပြီး အန်တတ်ခြင်း တို့ဖြစ်ပါတယ်။

ဒီလိုခံစားရတဲ့ အထဲမှာမှ လူနာဟာ
Ø ချမ်းတုန်ဖျားခြင်း၊ ပျို့အန်ခြင်း၊ နံရိုးအောက် ခါးနေရာ တစ်ဖက်ဖက်မှ နာခြင်း စတဲ့ ဝေဒနာတွေ ပေါ်လာရင်
Ø ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါတွေ ရှိရင်
Ø ဆက်တိုက် ပင်ပန်းထားပြီး ကိုယ်ခံအားကျနေတဲ့ အချိန် ဖြစ်ရင်
Ø အသက် ၆၅ နှစ်ထက်ကျော်ရင်
Ø ကိုယ်ဝန်ရှိနေရင်

မဖြစ်မနေ ဆရာဝန်နဲ့ အချိန်မီ ပြသင့်ပါပြီ။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ဆိုတာ ဘာလဲ
ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို အရည်အဖြစ် စုစည်းပြီး အပြင်ကို စွန့်ထုတ်ပေးတဲ့ ဆီးလမ်းကြောင်းမှာ အဓိက အင်္ဂါများ အဖြစ် ကျောက်ကပ်နှစ်လုံး (Kidneys) နဲ့ ဆီးအိမ် (Urinary Bladder) တို့ ပါဝင်ပါတယ်။ ကျောက်ကပ်နဲ့ ဆီးအိမ်တို့ကို ကျောက်ကပ်ဆီးပြွန်နှစ်ချောင်း (Ureters) က ဆက်သွယ်ပေးထားပါတယ်။ ဆီးအိမ်အောက်မှာ ဆီးစွန့်ပြွန် (Urethra) ရှိပြီး ၄င်းကနေ ဆီးအိမ်ထဲမှာ ဆီးတွေရှိလာရင် တိုက်ရိုက် အပြင်ကို စွန့်ထုတ်တာ ဖြစ်ပါတယ်။ ဒီလမ်းကြောင်း တောက်လျောက် တစ်နေရာရာမှာ ရောဂါဖြစ်စေတဲ့ ပိုးတွေ ၀င်ရောက်လာရင် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ဝေဒနာတွေ စတင် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ အဖြစ်အများဆုံး ပိုးဝင်အများဆုံး နေရာက ဆီးအိမ်ပဲ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ ပြင်းထန် ဆိုးရွားလေ့ မရှိပါဘူး။ ဒါပေမဲ့ ရောဂါလက္ခဏာတွေ စပေါ်ကတည်းက ဂရုတစိုက် မကုသဘဲ ပစ်ထားရင် ကျောက်ကပ်ကိုပါ ကူးစက်သွားတတ်ပါတယ်။ အဲလို ဖြစ်သွားရင်တော့ ကျောက်ကပ်မှာ ဘယ်လိုမှ ပြန်အကောင်းမဖြစ်နိုင်တော့တဲ့ ပျက်စီးမှုမျိုး ဖြစ်သွားတတ်လို့ ဆီးကျင်ဆီးအောင့်ပြီး ချမ်းတုန်ဖျားပြီဆို လုံးဝမပေါ့သင့်ပါ။

ဘယ်အရာတွေက ဒီလိုဖြစ်စေတာလဲ

ပြင်ပနဲ့ တိုက်ရိုက် ထိစပ်နေတဲ့ ဆီးစွန့်ပြွန်ကနေ ဖြတ်ပြီး ပြင်ပကနေပိုးတွေ ၀င်လာလို့ ဖြစ်တာပါ။ အမျိုးသမီးတွေဟာဆီးစွန့်ပြွန် အမျိုးသားတွေထက် ပိုတိုလို့ ဆီးပိုးဝင်ဝေဒနာ အကြိမ်အရေအတွက် ပိုများစွာ ခံစားရတာ ဖြစ်ပါတယ်။ ဆီးလမ်းကြောင်း ရောဂါ ဖြစ်စေတဲ့ ပိုးတွေဟာ အူမကြီးထဲမှာ အများဆုံး ရှိကြပြီး မစင်နဲ့အတူ ပါလာကာ စအိုဝမှာတွယ်ကပ် ပေါက်ပွား နေတတ်ကြပါတယ်။ အများဆုံး ကူးစက်တဲ့ နည်းက စအိုကို အရင် ထိတွေ့ကိုင်တွယ် ဆေးကြောပြီးမှ ဆီးသွားအင်္ဂါကို ဆေးကြောမိကြလို့ ဖြစ်ပါတယ်။

ဒါကြောင့် ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီးအားလုံးအတွက် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ကာကွယ်ဖို့ အကောင်းဆုံး အကျင့်တစ်ရပ်က တစ်ကိုယ်ရည် သန့်ရှင်းရေးကို အထူးဂရုထားရမှာ ဖြစ်ပြီး ဆီးစွန့်အင်္ဂါကို အရင်ဆေးကြောပြီးမှ စအိုဘက်ကို ဆေးကြောတတ်တဲ့ အကျင့်ပဲ ဖြစ်ပါတယ်။ လိင်ဆက်ဆံမှု ပြုတဲ့ အခါမှာ နှစ်ဦးစလုံးရဲ့ အင်္ဂါတွေဟာ သန့်ရှင်းစင်ကြယ်နေဖို့ အရင် ဂရုစိုက်သင့်ပါတယ်။ အဲလိုမဟုတ်ရင် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေက ပိုအခွင့်အလမ်းများပါတယ်။



ရေအသောက်နည်းသူတွေ၊ အထိုင်များပြီး ရေအသောက်ပိုနည်းသူတွေ၊ ဆီးချိုရောဂါ ရှိသူတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ဆီးလမ်းကြောင်း တစ်နေရာမှာ ကျောက်တည်နေသူတွေ (ကျောက်တည်နေရင် ပိုးခဏခဏ ၀င်နိုင်သလို ပိုးခဏခဏ ၀င်နေတဲ့ သူတွေမှာလည်း ကျောက်တည်လာတာ တွေ့ရပါတယ်)၊ ဆီးကျိတ်ကြီး ရောဂါရှိသူတွေဟာ ဆီးလမ်းကြောင်း ပိုးဝင်ဖို့ နီးစပ်ပြီး ခဏခဏ ဆီးအောင့် ဆီးပူ ဖြစ်ကြတာ တွေ့ရပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရောဂါလို့ ဘယ်လိုစစ်ဆေး အတည်ပြုမလဲ
ဆရာဝန်ဟာ သင့်ရဲ့ ဆီးနမူနာတောင်းယူပြီး ဓာတ်ခွဲခန်းအကူအညီနဲ့ ဆီးထဲမှာပါတဲ့ ဘက်တီးရီးယားပိုးတွေကို ရှာဖွေကြည့်ရှုကာ အတည်ပြုပေးနိုင်ပါတယ်။ ဓာတ်ခွဲခန်း သို့မဟုတ် မိုက်ခရိုစကုပ် မရနိုင်တဲ့ နေရာဒေသ၊ တစ်ချို့အနေအထားတွေမှာ လူနာပြောသော ရောဂါလက္ခဏာနှင့် ဆရာဝန် စမ်းသပ်ရရှိသော လက္ခဏာများ (Clinical Signs & Symptoms) ကို ကြည့်ရုံနဲ့ ဆရာဝန်က အတည်ပြု ကုသမှု ပေးနိုင်ပါတယ်။

ရှောင်တခင် ဖြစ်ပေါ်သော ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (Acute Urinary Tract Infection) မဟုတ်ဘဲ အဖန်တလဲလဲ ဖြစ်နေသော ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (Recurrent Urinary Tract Infection) ဆိုရင်တော့ ဆီးနမူနာ စစ်ဆေးခြင်းသာမက အခြား စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။

ဘယ်လိုကုသမလဲ

ဆရာဝန်က သင့်အတွက် အသင့်တော်ဆုံး အထိရောက်ဆုံး ပိုးသတ်ဆေး (Antibiotics) ကို ရွေးချယ်ပေးပါလိမ့်မယ်။ ဒါ့အပြင် မကြာခဏ ဆီးသွားကာ ပိုးတွေကို ဆေးကြောချသလို ဖြစ်အောင် အရည်များများ သောက်ပေးရပါမယ်။ (တိုင်းရင်းဆေး အတော်များများဟာ ဒီအချက်ကို အခြေခံ ထားတာ ဖြစ်ပါတယ်) ဆရာဝန်ပေးတဲ့ ပိုးသတ်ဆေးကို သူပြောတဲ့ အတိုင်း တိတိကျကျ သောက်ဖို့ သင့်တာဝန်ပဲ ဖြစ်ပါတယ်။ နည်းနည်းလေး သက်သာလာတာနဲ့ ရပ်ဖြစ်ရင် ခဏခဏ ပြန်ဖြစ်နိုင်ပါတယ်။


ဆီးလမ်းကြောင်း ပိုးဝင်ခြင်းများကို ကာကွယ်လို့ ရမလား
အောက်ပါ နေထိုင်နည်းများနဲ့ ရနိုင်ပါတယ်။


  • နေ့စဉ် ရေများများ သောက်ပါ
  • အသီးအနှံဖျော်ရည်စစ်စစ်ကို မကြာခဏ သောက်ပေးပါ
  • အလုပ်အရမ်းများသည်ဖြစ်စေ ဆီးကိုတော့ သွားချင်လာတိုင်း ထသွားပေးပါ။ အောင့်ထားတာ လုံးဝ မလုပ်သင့်ပါဘူး။ ပိုးဝင်ရုံ မကဘဲ ရေရှည်မှာ ဆီးကျောက်တည်တတ်လို့ပါ။
  • တစ်ကိုယ်ရည် သန့်ရှင်းရေးကို အထူးဂရုစိုက်ပါ။ သန့်စင်ခန်း ၀င်ပြီးလို့ ဆေးကြောမယ် ဆိုရင် အရှေ့ကနေပဲ အနောက်ကို ဆေးပါ။ သုတ်ရင်လဲ အဲဒီအတိုင်းပဲ ဖြစ်ပါစေ။
  • သင်ဟာ အမျိုးသမီးဆိုရင် အမျိုးသားနဲ့ တူတူနေပြီးတိုင်း ဆီးသွားပေးပါ
  • ၀မ်းမချုပ်အောင် အသီးအရွက်များ မှန်မှန်စားပေးပါ။ အထိုင်များတဲ့ အလုပ်လုပ်သူ ဆိုရင် အားလပ်ချိန်မှာ လမ်းလျှောက်ပေးပါ။
  • ဆီးလမ်းကြောင်း ပိုးဝင်တဲ့ ဝေဒနာ ခံစားနေရချိန်မှာ ရာသီလာရင် လစဉ်သုံး ပစ္စည်းကို ဂရုပြုပြီး လိုအပ်တိုင်း မကြာခဏ အသစ်လဲလှယ်ပေးပါ။
  • အမျိုးသားတွေအနေနဲ့ လိင်တံထိပ်ဖျားဖုံး အရေပြားကြားကို ဘက်တီးရီးယားတွေ ခိုအောင်းနေတတ်တဲ့ နေရာမို့ အနည်းဆုံး တစ်နေ့ နှစ်ခါ ဆေးကြောသန့်စင်ပေးပါ။ ဒီလိုလုပ်ပေးရင် သင့်ရဲ့ အဖော် အမျိုးသမီးမှာ သားအိမ်ခေါင်းကင်ဆာ (Cervical Cancer) ဖြစ်ခြင်းကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
  • ခဏခဏ ဖြစ်နေရင် ဆရာဝန်နဲ့ ပြဖြစ်အောင် ပြပါ။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ