Welcome to my blog :)

rss

Thursday, April 21, 2011

နွေရာသီ မိတ်ပေါက်ခြင်းကို ဘယ်လို ကာကွယ် ကုသကြမလဲ


ဆောင်းရာသီရဲ့ အေးမြမှုကို အလွမ်းပြေပဲ ခံစားလိုက်ရတဲ့ ကျွန်တော်တို့ဟာ မိုးတွေ ရက်ဆက်ရွာပြီး နောက်ပိုင်းမှာ နွေရာသီကို စတင် ကြုံတွေ့ရပြီ ဖြစ်ပါတယ်။ နွေရာသီဝင်လာတာကို အလုပ်များနေလို့ သတိမထားမိရင်တောင် အရေပြားက ကျွန်တော်တို့ကို မိတ်တွေ စထွက်လာခြင်းနဲ့ သတိပေး နေပါပြီ။

မြန်မာလို မိတ်၊ အင်္ဂလိပ်လို Prickly Heat လို့ခေါ်တဲ့ အရေပြားချို့ယွင်းခြင်း (Skin Disorder) အနေအထားကို အနည်းအများသာ ကွာရင်ကွာမယ်၊ လူတိုင်း နွေရာသီရောက်တာနဲ့ ခံစားရတတ်လေ့ ရှိပါတယ်။ လူကို အတော်လေး ကသိကအောက် ဖြစ်စေတဲ့ ရောဂါမျိုးဖြစ်ပါတယ်။ ရောဂါလက္ခဏာ အနေနဲ့ ယားယံခြင်း၊ ပူလောင်သလို ခံစားရခြင်းနဲ့ တစ်ချက်တစ်ချက် စူးကနဲ စူးကနဲ ဣနြေ္ဒပျက်အောင် ဒုက္ခပေးတဲ့ အရေပြား ပြဿနာ တစ်မျိုး ဖြစ်တယ်ဆိုတာ အားလုံး သိပြီးသား ဖြစ်ပါတယ်။

ဒါကြောင့် ဒီဆောင်းပါးကနေ mmDailyNews စာဖတ်ပရိသတ်များအတွက် မိတ်ရောဂါနဲ့ ပတ်သက်လို့ သိကောင်းစရာတွေ၊ ကုသနည်းတွေ၊ ကာကွယ်နည်းတွေ အပြည့်အစုံ ဖော်ပြပေးလိုက်ပါတယ်။

မိတ်ဆိုတာ ဘာဖြစ်တာလဲ
မိတ်ဆိုတာဟာ ပူပြင်းတဲ့ ပတ်ဝန်းကျင် အနေအထားမှာ ချွေးထွက်လွန်ရာကနေ အရေပြားပေါ်က ချွေးထုတ်ပြွန်ပေါက် ပိတ်လို့ ဖြစ်ရတာ ဖြစ်ပါတယ်။ ချွေးပေါက်ပိတ်သွားတော့ ချွေးဟာ ထွက်လို့ မရတော့ဘဲ မိတ်ဖုအဖြစ် အရေပြားပေါ်မှာ နီရဲဖောင်းကြွလာတာ ဖြစ်ပါတယ်။ သာမန်မျက်စိနဲ့ ကြည့်ရုံနဲ့ အနီရောင် အဖုလေးတွေ အဖြစ် တွေ့နိုင်ပါတယ်။ မိတ်ဟာ တစ်ကိုယ်လုံး ဘယ်နေရာမှာ မဆို ဖြစ်နိုင်ပေမယ့် လည်ပင်းနဲ့ ကိုယ်လုံးပတ်လည်မှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။

မိတ်တွေ ရှိနေတဲ့သူဟာ ချွေးလေးတရွှဲရွှဲ ဖြစ်နေမှ မြန်မြန် ပျောက်တယ် ဆိုတဲ့ ရှေးအယူအဆဟာ မှားပါတယ်။ ချွေးဂလင်း ပြွန်ပေါက်တွေ ပိတ်ဆို့နေတဲ့ အခြေအနေကို ချွေးများများထွက်အောင် လှုပ်ရှားမှု များများ ဖြစ်ခြင်းကို ပိုဆိုးစေတယ်ဆိုတာ လူတိုင်း သိမှတ်ထားကြစေလိုပါတယ်။ နောက်ထပ် မှတ်ထားသင့်တဲ့ တစ်ချက်က မိတ်ဟာ ဓာတ်မတည့်ခြင်း (Allergy) မဟုတ်လို့ စိုးရိမ်စရာ မလိုသလို ဓာတ်မတည့်ခြင်းကို ကုသတဲ့ ဆေးတွေနဲ့လည်း ကုသလို့ မပျောက်ဘူး ဆိုတာပါပဲ။



မိတ်ဘယ်နှမျိုး ရှိလဲ
ဖြစ်ပေါ်ရာ အရေပြားရဲ့ အလွှာ အပေါ်အောက်အနေအထားပေါ် မူတည်ပြီး မိတ်တွေကို ဆေးပညာမှာ သုံးမျိုး ခွဲထားပါတယ်။

(၁) Miliaria crystalline ခေါ် အရည်ကြည်ဖုမိတ် - အရေပြားအပေါ်ဆုံး အလွှာ(Epidermis) က ချွေးဂလင်းတွေ ပိတ်လို့ ဖြစ်ရတာ ဖြစ်ပါတယ်။ မွေးကင်းစ ကလေးငယ်တွေမှာ အများဆုံး တွေ့ရတတ်တဲ့ အရည်ကြည်လေးတွေ ပါတဲ့ အစက် သေးသေးလေးတွေ ဖြစ်ပါတယ်။ မိခင်ဝမ်းထဲက ထွက်လာခါစမို့ ချွေးဂလင်းလေးတွေ မဖွံ့ဖြိုးသေးလို့ ဖြစ်တာလို့ ဆိုပါတယ်။ လပိုင်းအတွင်း ပျောက်ပါတယ်။ မွေးကင်းစတွေမှာပဲ ဖြစ်တတ်တယ်ဆိုပေမယ့် အရွယ်ရောက်ပြီးသူတွေ အဖျားအရမ်းကြီးချိန်၊ အပူပိုင်းဒေသကို ရုတ်တရက် ပြောင်းလဲ နေထိုင်လိုက်ချိန်တွေမှာလည်း ပေါ်ပေါက်လာတတ်ပါတယ်။ ကုစရာမလိုပါ။ ပတ်ဝန်းကျင် အသစ်မှာ အထာကျသွားရင် သူ့အလိုလို ပျောက်ပါတယ်။

(၂) Miliaria rubra ခေါ် မိတ်နီ - အပေါ်ဆုံး အလွှာအောက်က ချွေးဂလင်းနေရာတွေမှာ ပိတ်လို့ ဖြစ်တာပါ။ ပူပြင်းစိုစွတ်တဲ့ ရာသီဥတုမှာ နေတဲ့ လူကြီးတွေနဲ့ အသက် တစ်ပတ်ကျော်ကနေ သုံးပတ်ခန့် ရှိသူ ကလေးတွေမှာ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် မိတ်သုံးမျိုးမှာ မိတ်နီတွေကပဲ စူးတဲ့ ယားတဲ့ ခံစားချက်ကို ပေးတာ ဖြစ်ပါတယ်။

(၃) Miliaria profunda ခေါ် အရေပြားအောက်မိတ် - အရေပြားအောက်လွှာ(Dermis) မှာ ရှိတဲ့ ချွေးထုတ်ပြွန်ရဲ့ အပိုင်းတွေ ပိတ်လို့ ဖြစ်တာပါ။ ဒီအမျိုးအစားက အဖုတွေ ပိုကြီးပြီး ဖြစ်လည်း ဖြစ်ခဲပါတယ်။ အပူပိုင်းဒေသက နိုင်ငံတွေမှာတော့ မကြာခဏတွေ့ရပြီး မိတ်နီတွေ များများ ဖြစ်နေတာကို ဂရုတစိုက် မကုသသူတွေမှာ နောက်ဆက်တွဲ ဖြစ်လာတတ်ပါတယ်။

မိတ်ဖြစ်နေတဲ့ နေရာတွေမှာ ချွေးမထွက်နိုင်တော့လို့ ချွေးငွေ့ပျံစေခြင်း နည်းနဲ့ ခန္ဓာကိုယ်က အပူမလျှော့ချနိုင်တော့လို့ အပူဒဏ်ကို မိတ်ပေါက်နေတဲ့ နေရာတွေက အများဆုံး ခံစားရတာ ဖြစ်ပါတယ်။

ဘာကြောင့် မိတ်ပေါက်တာလဲ
ကလေးငယ် ဆယ်ဦးမှာ တစ်ဦးအထိ ရာသီမရွေး ဖြစ်တတ်ကြတဲ့ အရည်ကြည် မိတ်ဖုလေးတွေဟာ များသောအားဖြင့် ချွေးဂလင်းတွေ ဖွံ့ဖြိုးလာရင် အလိုလို ပျောက်ပါတယ်။ မြန်မြန် သက်သာပျောက်ကင်းစေချင်ရင် ကလေးဆရာဝန် ညွှန်ကြားတဲ့ လိမ်းဆေးတစ်ခုခု လိမ်းနိုင်ပါတယ်။

အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်အများဆုံး အချိန်ကတော့ နွေရာသီပါပဲ။ ချွေးထွက်လွန်ကဲတဲ့ အချိန်မှာ ချွေးပေါက်တွေ ပိတ်သွားပြီး လူတိုင်း ဖြစ်တတ်ကြပါတယ်။ အဓိက ဖြစ်စေတဲ့ အရာတွေကတော့ ပတ်ဝန်းကျင်က အရမ်းပူနေတဲ့ အချိန်မှာ ကိုယ်တွင်းအပူချိန် မြင့်မားကာ ချွေးထွက်များစေတဲ့ အားကစား (သို့) ကာယအလုပ် များများလုပ်ခြင်း၊ ဖျားနာနေခြင်း စတာတွေကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။ အရေပြား ကျန်းမာရေး သုတေသီများရဲ့ တွေ့ရှိချက်များအရ နေရောင်အောက်များများထွက်လို့ နေရောင်မှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှု ပိုများသူတွေဟာ ပိုမိတ်ထွက်ကြပါသတဲ့။



မျိုးရိုးရှိသူတွေ၊ နှစ်တိုင်း မိတ်ထွက်နေကြသူ၊ အ၀လွန်သူ၊ တစ်ကိုယ်ရည် သန့်ရှင်းရေး အားနည်းသူတွေဟာ သူများတွေထက် ပိုစောစွာ၊ ပြင်းထန်စွာ မိတ်ထွက်တတ်ကြပါတယ်။ ရောဂါတစ်စုံတစ်ရာ ရှိလို့ ဆေးတွေ စွဲသောက်နေရသူတွေ ဟာလည်း မိတ်တွေ အရမ်းထွက်လာရင် ပေးတဲ့ ဆရာဝန်နဲ့ ပြန်တိုင်ပင်စေချင်ပါတယ်။ တချို့ဆေးတွေ (ဥပမာ ဆီးရောဂါတွေမှာ သုံးတဲ့ Bethanechol ၊ သွေးတိုးကျဆေး Clonidine ၊ ၀က်ခြံပျောက်ဆေး Isotretinoin တို့ အပါအ၀င် ဆေးအချို့) ဟာ စွဲသုံးရင် မိတ်သိသာစွာ ထွက်စေလို့ပါပဲ။

ဘယ်လို ကုသမလဲ
ထွေထွေထူးထူး ကုသစရာ မလိုဘဲ သူ့အလိုလို ပျောက်သွားမှာ ဖြစ်ပေမယ့် မသန့်တဲ့ လက်နဲ့ ကုပ်မိရာကနေတစ်ဆင့် ပိုးဝင်ကာ အနာဖြစ်တတ်လို့ သတိပြုရပါမယ်။ တစ်ကိုယ်လုံးမှာ မိတ်တွေ များများ ရှိနေတဲ့ သူဟာ ခန္ဓာကိုယ်ရဲ့ အပူထိန်းညှိယန္တရား (Thermo-regulation Mechanism) ကမောက်ကမဖြစ်ကာ အပူလွန် သတိလစ်မေ့မျောခြင်း (Heat Stroke) ရဖို့ သူများတွေထက် အရမ်းနီးစပ်တာမို့ နေပူအောက်မှာ ပြင်းထန်တဲ့ အလုပ်တွေမလုပ်မိဖို့ သတိပြုရပါမယ်။

ချွေးများများထွက်စမယ့် အလုပ်တွေကို ရှောင်ပါ။ အနည်းဆုံး မနက်တစ်ခါ ညနေတစ်ခါခန့် ရေမှန်မှန် ချိုးခြင်းဟာ မိတ်တွေရဲ့ ဒဏ်ကို ထိရောက်စွာ သက်သာစေပါတယ်။ မိတ်များတဲ့သူဟာ အရိပ်အောက် အေးမြတဲ့ နေရာကို တတ်နိုင်သမျှ ရှာနေပါ။ လူတိုင်း မတတ်နိုင်ပေမယ့် အဲကွန်းခေါ် လေအေးပေးစက် တပ်ဆင်ထားတဲ့ အခန်းထဲမှာ နေထိုင်ခြင်းဟာ မိတ်ရောဂါအတွက် အသင့်တော်ဆုံး ဆေးတစ်လက်ပါပဲ။



တင်းကျပ်တဲ့ အ၀တ်အစားတွေ မ၀တ်ပါနဲ့။ ပူလောင်စေတဲ့ နိုင်လွန်ဆန်ဆန် အစတွေနဲ့ လုပ်ထားတဲ့ အ၀တ်အစားတွေ ရှောင်ပါ။ ဖျားနေရင် မြန်မြန် အဖျားကျအောင် ဆရာဝန်နဲ့ ကုပါ။ မိတ်ဖုတွေဟာ မခံနိုင်လောက်အောင် ယားရင် ကယ်လ်မင်းလိမ်းဆေး (Calamine Lotion)၊ လန်နိုလင်ကရင်မ် (Lanolin Cream) စတာတွေကို ခပ်ပါးပါး လိမ်းပေးရင် သက်သာစေပါတယ်။ မြန်မာ့ရိုးရာ သနပ်ခါးဟာ မိတ်ဖြစ်ပြီးတဲ့ နေရာတွေကိုလိမ်းရင် အေးမြသက်သာစေပေမယ့် မိတ်ကို ကာကွယ်နိုင်တဲ့ အာနိသင် ရှိမရှိ ကျွန်တော် သေချာ မပြောတတ်ပါဘူး။ သန့်စင်တဲ့ ရှားစောင်းလက်ပတ် အနှစ် (သို့) ၄င်းပါတဲ့ လိမ်းဆေးတွေဟာ မိတ်တွေကို အေးမြသက်သာစေတယ်လို့ အရေပြားကျန်းမာရေး ပညာရှင်များက အဆိုပြုကြပါတယ်။



အုန်းနို့၊ သရက်သီး၊ ဒူးရင်းသီး စတဲ့ မြန်မာ့ဆေးကျမ်းအလိုအရ တေဇောဓာတ်ကို အားပေးတဲ့ စားစရာတွေကို မိတ်ထွက်နေချိန်မှာ အလွန်အကြူး မစားသင့်ပါဘူး။ ၄င်းစားစရာတွေကို ဓာတ်ခွဲကြည့်ရင် မိတ်ဖုနဲ့ ယားနာများကို ပိုယားစေတဲ့ အပင်ထွက် ဒြပ်ပေါင်းအချို့ (Alkaloids) ပါဝင်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အပေါ်မှာ ပြောခဲ့သလို မိတ်ဟာ အလာ့ဂျစ်ခေါ် ဓာတ်မတည့်ခြင်း မဟုတ်တဲ့ အတွက် ဘာမီတွန်၊ စီထရီဇင်း၊ ဇာဒင်း စတဲ့ အယားသက်သာဆေးတွေနဲ့ မိတ်ရဲ့ ယားယံခြင်းတွေကို မသက်သာစေတာ တွေ့ရပါတယ်။

မိတ်တွေယားရင် အလွန်အမင်း မကုတ်ပါနဲ့။ ပိုးဝင်သွားရင် အနာဖြစ်သွားတတ်ပါတယ်။ သန့်ရှင်းတဲ့ လက်နဲ့ နူးညံ့ညင်သာစွာ ပွတ်ပေးပါ။ အပေါ်မှာ ပြောခဲ့တဲ့ Lotion တွေ လိမ်းနိုင်ပါတယ်။ ပေါင်ဒါ လိမ်းပေးရင်လည်း အတိုင်းအတာ တစ်ခုအထိ သက်သာစေပါတယ်။

ဘယ်လိုကာကွယ်မလဲ
ပူပြင်း စွတ်စိုတဲ့ နေရာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ နေရောင်တိုက်ရိုက်ထိတွေ့ခြင်းကို ထီး၊ လက်ရှည်အင်္ကျီ၊ လုံခြုံအေးမြတဲ့ အ၀တ်အစားတွေနဲ့ အကာကွယ်ယူပြီးမှ အပြင်ထွက်ပါ။ အဲကွန်းနဲ့ နေနိုင်ရင် အကောင်းဆုံးလို့ ပညာရှင်များက ဆိုပေမယ့် လူတိုင်း လက်လှမ်းမမီတဲ့ အနေအထားမို့ အေးမြတဲ့ ပတ်ဝန်းကျင်ကိုသာ မှီခိုကြဖို့ တိုက်တွန်းပါတယ်။



ပွပွချောင်ချောင်၊ အေးမြတဲ့ အ၀တ်အစားများကို နေ့ပူအိုက်စဉ်မှာ သတိပြုပြီး ၀တ်ဆင်ပါ။ ပူလောင်တဲ့ ပိတ်စ၊ အနက်ရောင်အ၀တ်အထည် စတာတွေ ရှောင်ကြဉ်ပါ။ အရမ်းပူချိန်မှာ ချွေးထွက် မလွန်ရအောင် တတ်နိုင်သမျှ လွန်ကဲသော ကိုယ်လက်လှုပ်ရှားမှု မလုပ်ဖြစ်အောင် နေပါ။

အရေပြားစိုစွတ်မှုကို ထိန်းပေးနိုင်တဲ့ Moisturizer ပါတဲ့ Lotion တွေ လိမ်းပေးရင် အတိုင်းအတာ တစ်ခုအထိ ကာကွယ်နိုင်ပါတယ်။ မိတ်တွေကနေ အနာမဖြစ်အောင် တစ်ကိုယ်ရည် သန့်ရှင်းရေး ပိုဂရုစိုက်ပေးပါ။ ကိုယ်ခံအားကောင်းစေရန် လတ်ဆတ်တဲ့ အသီးအနှံများနေ့စဉ် စားပေးပါ။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ