Welcome to my blog :)

rss

Wednesday, August 3, 2011

နယ်သတင်းထောက် ရရှိရန် ခက်ခဲလာ

b41804
မကွေးတိုင်းဒေသကြီး အတွင်းရှိ မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းပိုင်းသစ် အတွက် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ အတွင်းက ပြည်တွင်း သတင်းထောက်များ သွားရောက် သတင်းယူခဲ့ကြစဉ်
သတင်း မီဒီယာများ၏ အခန်းကဏ္ဍ ကျယ်ပြန့်လာသည်နှင့် အမျှ လက်ရှိ အခြေအနေတွင် အရည်အချင်း ပြည့်ဝသော နယ်သတင်းထောက်များ ရရှိရန်မှာ ခက်ခဲနေကြောင်း သတင်း မီဒီယာ အသီးသီးမှ တာဝန်ရှိသူများက
ပြောကြားကြပါသည်။
အချို့သော ပုဂ္ဂလိက မီဒီယာများ အနေဖြင့် အစိုးရမှ သတင်းစာ ထုတ်ဝေခွင့် ပေးလာခဲ့ပါက သတင်းစာ ထုတ်နိုင်ရန်အတွက်ပင် ပြင်ဆင်ထားသည့် နည်းတူ အရည်အချင်း ပြည့်ဝသည့် နယ်သတင်းထောက်များ ရရှိရန်အတွက် လုပ်ဆောင်လျက် ရှိနေကြောင်း သိရပါသည်။
''သတင်းစာတစ်စောင် ထုတ်နိုင်လောက်တဲ့ ငွေကြေးအင်အားလည်း ရှိတယ်။ တခြား လိုအပ်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကလည်း ဈေးကွက်မှာ အချိန်မရွေး ၀ယ်လို့ရတဲ့ အနေအထားမှာ ရှိပါတယ်။ ခက်နေတာက ကျွမ်းကျင်ပြီး ၀ါသနာပါတဲ့ သတင်းထောက်ကောင်းကောင်း ရဖို့ခက်နေတာပါ''ဟု ထုတ်ဝေသူတစ်ဦးက ပြောပါသည်။
သတင်းမီဒီယာ နယ်ပယ်၌ ပေါ်ပေါက်လျက် ရှိနေသော အလုပ်အကိုင် အခွင့်အလမ်းများတွင် အရည်အချင်း ပြည့်ဝသော နယ်သတင်းထောက်များ လိုအပ်ချက်ကလည်း တစ်ခု အပါအ၀င် ဖြစ်နေကြောင်း သိရပါသည်။ သို့သော် အရည်အချင်း ပြည့်ဝကာ သတင်းထောက် လုပ်ငန်းအား စိတ်ပါဝင်စားသည့် သတင်းထောက်ကောင်းများ ရရှိမှု အပိုင်း၌ အခက်အခဲများ တွေ့နေရသည့်နည်းတူ နယ်သတင်းထောက်ကောင်း ရှားပါးမှု ပြဿနာကိုပါ ရင်ဆိုင်လာရကြောင်း သိရပါသည်။
''သတင်းသမားဆိုတာ ပြည်သူတွေ ဘာလိုအပ်နေသလဲဆိုတာ ရှာဖွေပြီး တင်ပြတဲ့သူပါပဲ။ သတင်းသမား ရှားလာရင် ပြည်သူတွေ သိသင့်သိထိုက်တဲ့ သတင်းတွေ ဖတ်ခွင့် နည်းသွားပါလိမ့်မယ်။ ဟိုးအရင် ပုဂ္ဂလိက သတင်းစာတွေ ခေတ်ကောင်း စဉ်ကတော့ မြို့တစ်မြို့မှာ သတင်းထောက် လေး၊ ငါးယောက်လောက်ကို ရှိခဲ့တာ။ နောက်ပြီး ပြည်နယ်နဲ့တိုင်းတွေမှာလည်း သတင်းစာတွေ ထုတ်ခွင့်ပေးခဲ့တော့ သတင်းလောကမှာ လူကပေါတယ်။ ၀ါသနာပါတဲ့ သူတွေကလည်း အယ်ဒီတာထံပေးစာလို စာတွေရေးပြီး သတင်းတွေ၊ အဖြစ်အပျက်တွေကို ပို့ကြတော့ အယ်ဒီတာတွေ အတွက် ရွေးချယ်စရာသတင်း ပေါသလို စုံစုံလင်လင် ဖော်ပြနိုင်ခဲ့ကြတယ်။ အဲဒီခေတ်က ငွေကလည်း တန်ဖိုးရှိ၊ အလုပ်အကိုင် အခွင့်အလမ်းကလည်းပေါ ဆိုတော့ တကယ်ကို ၀ါသနာပါတဲ့လူပဲ ဒီလောကကို ၀င်လာလေ့ ရှိပါတယ်''ဟု ၀ါရင့် သတင်းစာဆရာကြီး မောင်သစ်လွင် (လူထု) က ပြောပါသည်။

နယ်တွေမှာက အဲဒီလောက်ဆိုရင်ကို သတင်းဖြေဖို့ ကြောက်နေပြီ။ နောက်တစ်ခုက နယ်တွေမှာက သတင်းထောက် ဘယ်သူ ဆိုတာ အလွယ်တကူ သိနိုင်တော့ သတင်းထောက်တွေ အနေနဲ့ အလိုလိုနေရင်း အကန့်အသတ်တွေ ရှိနေသလို ဖြစ်နေတယ်။ ဖိအားတွေ ရှိနေတယ်။ အဲဒီတော့ သတင်းတွေ ကောင်းသင့်သလောက် မကောင်းတော့ဘူး။ လိုအပ်တဲ့ အချက်အလက်တွေ မရနိုင်တော့ဘူး။ နောက်ဆက်တွဲ အနေနဲ့ မလွဲချော်သင့်တာတွေ လွဲချော်လာနိုင်တယ်...
''နယ်တိုင်း မဟုတ်ပေမယ့် တချို့နယ်တွေမှာ စာရေးစာဖတ် ၀ါသနာထုံတဲ့ လူငယ်လေးတွေ ရှိပါတယ်။ မြေတောင်မြှောက်ပေးမယ့် ပတ်ဝန်းကျင် လိုနေတာပါ။ နယ်သတင်းထောက် ဆိုတာ ကျွန်တော်တို့ မီသလောက်ကတော့ သတင်းစာ ကိုယ်စားလှယ် ယူရင်း လုပ်ကြတာက များပါတယ်။ ရေးတော့လည်း ဘုရားပွဲသတင်း၊ ဘုန်းကြီးပျံသတင်းလောက် ရေးကြပြီး မီးလောင်တာ၊ ရေကြီးတာလောက်ပဲ သတင်းလုပ်ပြီး ရေးတတ်ကြတာလေ။ အဲဒီတော့ ဒီဘက်ခေတ် ရန်ကုန်မှာ ပြောင်းလဲလာတဲ့ သတင်းမီဒီယာတွေနဲ့ အံမ၀င်ချင်တော့ဘူး။ ''မီးလောင်၊ ရေကြီး၊ သူပုန်စီး''ဆိုတာ နယ်သတင်းထောက်တွေ ရေးလေ့ရေးထရှိတဲ့ သတင်းမျိုးတွေပေါ့ဗျာ''ဟု နယ်သတင်းထောက် အဖြစ် လုပ်ကိုင်နေသူ ကိုအောင်သူထွန်း(ကလေးမြို့)က ပြောပါသည်။
''နယ်သတင်းထောက် ဆိုတာလည်း အရေးပါပါတယ်။ တစ်နိုင်ငံလုံးကို လျှောက်မသွားနိုင်တဲ့ အတွက်ကြောင့် နယ်မှာဖြစ်နေတဲ့ သတင်းကို အဲဒီက ဒေသခံ သတင်းထောက်က လျှင်လျှင်မြန်မြန်နဲ့ ပို့နိုင်တယ်။ မုန်တိုင်းဖြစ်မှ၊ ရေကြီးမှ မဟုတ်ဘူး။ ရှမ်း၊ ကရင်၊ ကချင် စတဲ့ နယ်တွေဘက်မှာ ဘာတွေ ဖြစ်နေတယ်။ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ ဘာတွေဖြစ်နေတယ် ဆိုတာ သိချင်ကြပါတယ်။ နယ်သတင်းထောက်ရဖို့ ခက်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ နယ်မှာလည်း သတင်းလိုက်ရတာ ခက် တယ်။ နယ်တွေမှာရှိတဲ့ ဌာနတွေမှာ ပွင့်လင်းမှု မရှိဘူး။ ဒါဟာ အတွေ့အကြုံ မရှိသေးလို့ပါ။ မပြောတော့ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ပြည်သူတွေက မသိဘူး။ ပြည်နယ်နဲ့တိုင်း ဒေသကြီး ၀န်ကြီးဌာနတွေမှာ သတင်းထုတ်ပြန်ရေးဌာန တစ်ခု ထားသင့်တယ်။ ပြီးတော့ မြို့နယ်အဆင့်ကလည်း သတင်းကို စိစစ်ပြီး ထုတ်ပြန်ပေးသင့်တယ်။ မီဒီယာ ကဏ္ဍ လွတ်လွတ်လပ်လပ် ဖြစ်လာရင်တော့ ပြေလည်လာမှာပါ''ဟု Popular News ဂျာနယ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။
သတင်းစာတစ်စောင် အတွက် အပတ်စဉ် ဖြစ်စေ၊ နေ့စဉ်ထုတ် ဖြစ်စေ၊ နယ်သတင်းများ ထည့်သွင်း ဖော်ပြရမည့်နည်းတူ နယ်သတင်းထောက်များမှာလည်း မဖြစ်မနေ လိုအပ်ကြောင်း မြန်မာတိုင်း(မ်)ဂျာနယ်မှ အယ်ဒီတာ
ဦးဇော်မြင့်က ပြောပြပါသည်။
''သတင်းစာ တစ်စောင်အတွက် အပတ်စဉ်ထုတ် ဖြစ်ဖြစ်၊ နေ့စဉ်ထုတ် ဖြစ်ဖြစ် နယ်သတင်းတွေ ထည့်သွင်း ဖော်ပြဖို့ လိုအပ်ပါတယ်။ အဲဒီတော့ နယ်သတင်းထောက်တွေ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီနေရာမှာ ရန်ကုန်အခြေစိုက် စာစောင်တွေက နယ်ကို သတင်းရယူဖို့ လွှတ်ရင် တွေ့ရတဲ့ အခက်အခဲက သွားရမယ့် နယ်မြေ အနေအထားကို ကျွမ်းကျင်ဖို့နဲ့ ဆက်သွယ်ရမယ့် source ခိုင်မာဖို့ပါပဲ''ဟု ဦးဇော်မြင့်က ပြောပါသည်။
နယ်သတင်းထောက်များ အဓိက ရင်ဆိုင်ရသော အခက်အခဲမှာ ဒေသဆိုင်ရာ အာဏာပိုင်များ၏ လွန်ကဲစွာ ဆက်ဆံခံရခြင်း ဖြစ်ကြောင်း နယ်သတင်းထောက် အများစုက ပြောဆိုကြပါသည်။ သာမန် သဘာဝဘေးအန္တရာယ် ဘေးသတင်းမျိုးကို ရယူရာ၌ပင် အချို့သော ဒေသများ၌ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၏ တားမြစ်ပိတ်ပင်ခြင်းကို ခံရကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူ နယ်သတင်းထောက် အချို့က ပြောကြားခဲ့ပါသည်။ထို့အပြင် ရန်ကုန်နှင့် အခြား နယ်မြို့များကို နှိုင်းယှဉ်ကြည့်ပါက သတင်းမီဒီယာအပေါ် သဘောထားမှုများမှာ ကွာဟချက်များ ရှိနေကြောင်း သိရပါသည်။
လွတ်လပ်သော သတင်းမီဒီယာနှင့် ကာလအတန်ကြာ ကင်းကွာခဲ့သော လူထုအနေဖြင့် ယခုအချိန်ထိ သတင်းမီဒီယာများနှင့် ပတ်သက်ရန် စိုးရွံ့နေခြင်းကလည်း သတင်းထောက်ကောင်းများ ပေါ်ပေါက်လာစေရန်
အဟန့်အတားတစ်ခု ဖြစ်နေသည်ဟုလည်း နယ်သတင်းထောက် အဖြစ် လုပ်ကိုင်နေသူတစ်ဦးက ပြောပါသည်။
''သတင်းကိစ္စနဲ့ မေးမြန်းရင် လူတွေက မဖြေချင်ကြဘူး။ ဌာနဆိုင်ရာနဲ့ မပတ်သက်ချင်ကြတာပေါ့။ မြန်မာလူမျိုး ဆိုတာကလည်း ရုံးပြင်ကနားဆို ရောက်ချင်ကြတာ မဟုတ်ဘူးလေ။ အဲဒီတော့ သူတို့နာမည်၊ သူတို့ဓာတ်ပုံလေး သတင်းထဲပါသွားရင် သတင်းထောက်ကို ပြဿနာ ရှာချင်ကြတာ။ မိဘတွေကလည်း သားသမီးတွေ ဒီအလုပ်လုပ်မယ်ဆိုရင် မလုပ်စေချင်ကြဘူး။ ဒါကြောင့် မျိုးဆက်သစ် သတင်းထောက်တွေ ရှားလာတာ ဖြစ်ပါလိမ့်မယ်''ဟု နယ်သတင်းထောက်တစ်ဦးက ပြောပါသည်။
''နယ်တချို့မှာရှိတဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေရဲ့သတင်းထောက်ပေါ် အမြင်ဟာ အရေးကြီးတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းက ကျွန်တော်တို့ နယ်သတင်းထောက်က ရေကြီးတာကို ဓာတ်ပုံရိုက်လို့ အချုပ်ထဲမှာ နှစ်ညလောက် အိပ်လိုက်ရတယ်။ နားလည်မှု လွဲတာပါ။ သတင်းထောက်ကလည်း သတင်းကိုပဲ အာရုံစိုက်တယ်။ သက်ဆိုင်ရာကလည်း တာဝန်အရ လုပ်ကြရင်း ဖြစ်သွားတာပါ။ ဒီလို ဖြစ်ရပ်မျိုးတွေက သတင်းမီဒီယာထဲကို ၀င်လာချင်တဲ့ လူငယ်တွေရဲ့ ဆုံးဖြတ်ချက်ကိုေ၀၀ါးစေတယ်။ မိဘ အသိုင်းအ၀ိုင်းကလည်း သတင်းထောက် မလုပ်ဖို့ ဟန့်တားလာကြတယ်''ဟု Weekly Eleven News ဂျာနယ်မှ အယ်ဒီတာချုပ် ကိုဝေဖြိုး က ပြောကြားခဲ့သည်။
''အရာရာတိုင်းကို လုံခြုံရေး ရှုထောင့်ကပဲ ကြည့်လို့ မရတော့ပါဘူး။ အခုကာလက အရင်လို မဟုတ်တော့ပါဘူး။ ပြောင်းလဲမှုတွေနဲ့အတူ တစ်နိုင်ငံလုံးမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ အားလုံးက သိချင်ကြပါတယ်။
နယ်တွေနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ ၀န်ထမ်းက Report တင်တာနဲ့ သတင်းထောက် အမြင်နဲ့က မတူပါဘူး''ဟု အယ်ဒီတာတစ်ဦးက ပြောကြားခဲ့ပါသည်။
''ကိုယ့်စာစောင်အတွက် ခန့်ထား တာဝန်ပေးထားတဲ့ နယ်သတင်းထောက် အနေနဲ့ သူ့ရဲ့ဒေသတွင်းမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ၀င်ထွက်သွားလာ ဆက်ဆံရေး အဆင်ပြေဖို့ ကိုယ့်ဘက်က နယ်ခံ သတင်းထောက်ကို credentials တစ်မျိုးမျိုး ပေးထားသင့်ပါတယ်။ နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေနိုင်ဖို့ အချိန်အခါ ရောက်လာရင် နယ်သတင်းထောက်ရဲ့ အခန်းကဏ္ဍက ပိုအရေးပါလာပါမယ်။ ကိုယ်ကခန့်ထားတဲ့ နယ်သတင်းထောက်ကို ကိုယ့်စာစောင်ရဲ့ housestyle နဲ့ ကိုက်ညီအောင် သင်တန်းပေး ညွှန်ကြားတာမျိုးလည်း လုပ်ပေးသင့်တယ်။ သူတို့ကို ညွှန်ကြားရာမှာလည်း နယ်ခံအုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ ဆက်ဆံရာမှာ ကိုယ်လိုချင်တာကို တစ်ဖက်သတ် ရအောင်ယူဖို့ထက် နှစ်ဖက် အဆင်ပြေတဲ့ ဆက်ဆံရေးက အကောင်းဆုံးပါပဲ။ တချို့ နယ်သတင်းထောက်တွေ ခြိမ်းခြောက်ခံနေရတယ် ဆိုတာကို အမြင် ပြောရရင်တော့ ခြိမ်းခြောက်ခံရတဲ့ သတင်းထောက်တွေနဲ့ သက်ဆိုင်ရာ နယ်ခံတွေရဲ့အကြား ဆက်ဆံရေးက တကယ့် အစစ်အမှန် ဘယ်လို ရှိသလဲ ဆိုတာကို အဖြေရှာကြည့်သင့်ပါတယ်။ ကျွန်တော်တို့ မြန်မာတိုင်း(မ်)လည်း နယ်ခံသတင်းထောက်တွေ ပိုခန့်နိုင်ဖို့ ကြိုးစားနေဆဲပါ။ နယ်သတင်းထောက်တွေရဲ့ အခန်းကဏ္ဍ အရေးပါတယ်ဆိုတာ စာဖတ်ပရိသတ်က ပိုပြီး သိကြပါတယ်''ဟု ဦးဇော်မြင့် က သုံးသပ်ပါသည်။
''ပြီးခဲ့တဲ့လက မန္တလေးကို နယ်သတင်းထောက် ရွေးချယ်ခန့်ထားဖို့ သွားခဲ့တယ်။ လာလျှောက်တဲ့သူ နည်းပါးတဲ့ အတွက် ရွေးချယ်စရာ နည်းတယ်။ ဒါက မန္တလေးမှ မဟုတ်ပါဘူး။ တခြားနယ်တွေမှာလည်း ဒီလိုပဲ ကြုံခဲ့ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နယ်တွေမှာ သတင်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမှုတွေ မရှိသေးလို့ပါ။ တချို့နေရာတွေမှာ မရေးပါနဲ့လို့ တားတာတွေတောင် ရှိတယ်။ ပြီးခဲ့တဲ့လက ပြင်ဦးလွင်က သတင်းတစ်ခုကို ဂျာနယ်မှာ ထည့်သွင်း ဖော်ပြခဲ့တယ်။ အဲဒီသတင်း ပါပြီးချိန်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အဲဒီသတင်းမှာ ဖြေကြားထားတဲ့ source ကို သွားမေးကြတဲ့အခါ ဖိအားပေးသလို ဖြစ်စေတယ်။ နယ်တွေမှာက အဲဒီလောက်ဆိုရင်ကို သတင်းဖြေဖို့ ကြောက်နေပြီ။ နောက်တစ်ခုက နယ်တွေမှာက သတင်းထောက် ဘယ်သူ ဆိုတာ အလွယ်တကူ သိနိုင်တော့ သတင်းထောက်တွေ အနေနဲ့ အလိုလိုနေရင်း အကန့်အသတ်တွေ ရှိနေသလို ဖြစ်နေတယ်။ ဖိအားတွေ ရှိနေတယ်။ အဲဒီတော့ သတင်းတွေ ကောင်းသင့်သလောက် မကောင်းတော့ဘူး။ လိုအပ်တဲ့ အချက်အလက်တွေ မရနိုင်တော့ဘူး။ နောက်ဆက်တွဲ အနေနဲ့ မလွဲချော်သင့်တာတွေ လွဲချော်လာနိုင်တယ်။ တစ်ဖက်ကလည်း အကျင့်စာရိတ္တပိုင်း၊ ကျင့်ဝတ်ပိုင်း ဒေါင်ဒေါင်မြည်တဲ့ သတင်းထောက်တွေရဖို့ ခက်လာတယ်။ လုပ်မယ့်သူတွေ ရှားကုန်တယ်။ တကယ်တော့ အစိုးရသစ် တာဝန်ယူချိန်မှာ နိုင်ငံတော်သမ္မတက စတုတ္ထမဏ္ဍိုင်ရဲ့ အရေးပါမှုကို မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပြီးသားပါ။ ဒါတွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက တာဝန်ရှိသူ အဆင့်ဆင့် နားလည်အောင် ရှင်းပြပေးစေလိုပါတယ်။ နယ်သတင်းထောက်ကောင်းတွေကို ကြိုဆိုဖို့ လိုပါပြီ''ဟု ကိုဝေဖြိုးက ပြောပါသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ထုတ်ဝေလျက် ရှိသော ဂျာနယ် အမျိုးအစားပေါင်းစုံ ၁၅၀ ကျော် အပတ်စဉ် ထုတ်ဝေလျက် ရှိသလို သုံးပုံတစ်ပုံခန့်မှာ သတင်းဂျာနယ်များ ဖြစ်ကြသည်။ ထုတ်ဝေလျက်ရှိသော အားလုံးနီးပါးမှာ
ရန်ကုန်အခြေစိုက် ထုတ်ဝေသော ဂျာနယ်များ ဖြစ်သော်လည်း မြန်မာနိုင်ငံ ဒေသအနှံ့ သတင်းများကို ယခင်ကထက် ပိုမို ထည့်သွင်း ဖော်ပြလာကြပြီ ဖြစ်သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ