Welcome to my blog :)

rss

Sunday, July 17, 2011

အိမ်ခြံမြေ ဈေးနှုန်းများ မတရားကြီးမြင့် ဈေးကစားခြင်းကြောင့် လူလတ်တန်းစားများနှင့် ၀န်ထမ်းများ နေရေးအတွက် ဒုက္ခရောက်လာ

ကိုယ်ပိုင်ငွေကြေးဖြင့် ဖြစ်စေ၊ ကိုယ်ပိုင်ငွေကြေး မဟုတ်သည့် အခြား ငွေကြေးများဖြင့် ဖြစ်စေ ငွေအင်အား ကြီးသူများ၏ ဈေးကစားမှုကြောင့် အိမ်ခြံမြေဈေးမှာ ငါးနှစ်အတွင်း၌ပင် ခြောက်ဆအထိ ထိုးတက်သည့် နေရာများ ရှိလာခဲ့ကြောင်း သိရသည်။
မလိုအပ်ဘဲ အိမ်ခြံမြေဈေးကွက် ကြီးထွားမှုကြောင့် လူလတ်တန်းစားများနှင့် ၀န်ထမ်းများ၏ နေရေးမှာ ခက်ခဲလာခဲ့ရကြောင်း၊ လူလတ်တန်းစား၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံ ၀န်ထမ်းများ၏ ၀ယ်ယူနိုင်စွမ်းနှင့် ကိုက်ညီသည့် နေထိုင်မှု ဖန်တီးပေးရာတွင်လည်း ခက်ခဲမှု ရှိလာကြောင်း သိရသည်။
ရန်ကုန်မှာ တိုက်ခန်းပိုင်ဖို့ ဆိုတာ အိပ်မက်တဲ့ . . .
''၀ယ်ဖို့မပြောနဲ့ ငှားနေတာတောင် တစ်လကို ကျပ်လေးငါးခြောက်သောင်း ပေးနေရတာလေ။ ဒါတောင် သွားလာရ လွယ်ကူတဲ့နေရာ မဟုတ်ဘူး။ ကျွန်မတို့ အနေနဲ့ကတော့ တိုက်ခန်းဝယ်နိုင်ဖို့ ဆိုတာ အိပ်မက် လိုပါပဲ။ ငှားတဲ့ စရိတ်ကိုပဲ အနိုင်နိုင် ရှာရတယ်။ အငှားစရိတ်နဲ့ ပိနေတယ်။ တစ်နှစ်တစ်နှစ် အိမ်ငှားနေတယ်၊ အလုပ်လုပ်တယ်၊ စုဆောင်းပြီး တစ်နှစ်ကုန်တာနဲ့ အိမ်ငှားခ ပြန်သုံးတယ်။ ဒါနဲ့သံသရာလည်တယ်''ဟု ရန်ကုန်မြို့တွင် နေထိုင်ပြီး ကုမ္ပဏီ ၀န်ထမ်း လုပ်ကိုင်သူ တစ်ဦးက ရှင်းပြခဲ့သည်။
''ကျွန်တော်က လစာကျပ် တစ်သိန်းခွဲ ရတယ်။ စားစရိတ်နဲ့ နေစရိတ် ပြန်နုတ်ရင် ဘယ်လောက်မှ မကျန်ဘူး။ တိုက်ခန်းတစ်ခန်း ၀ယ်နိုင်ဖို့ ဆိုရင်တော့ ဒီဈေးအတိုင်း ရှိနေမယ် ဆိုရင်တောင် ကျွန်တော် ရန်ကုန်မှာ နှစ် ၂၀
အလုပ်လုပ်ပြီး စုထားမှ ရမယ်။ အိမ်ဝယ်နိုင်ဖို့ အိပ်မက်ထဲတောင် ထည့်မမက်နိုင်ဘူး''ဟု ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်မှ စက်ရုံ အကြီးတန်း ၀န်ထမ်း တစ်ဦးကလည်း ပြောကြားခဲ့သည်။
စတုရန်းပေက ၅၀၀၊ မိသားစုက သုံးစု . . .
''ကျွန်မတို့နေတဲ့ တိုက်မှာ မိသားစုတွေ တစ်ယောက်တစ်ခန်း ငှားရမ်း မနေနိုင်ကြတော့ မိသားစုတွေ အိမ်မခွဲဘဲ စုပြီး နေထိုင်တာ ရှိတယ်။ မိသားစု နှစ်စု၊ တချို့ဆို သုံးစု အထိ စုပြီးနေကြတာ။ တိုက်ခန်းက ပေ ၄၀၊ ၁၂ ပေခွဲ ဆိုတော့ စတုရန်းပေ ၅၀၀ ပေါ့။ ကလေးရော လူကြီးရော ရှစ်ယောက် နေပါတယ်''ဟု ရွှေဂုံရိပ်မွန် တိုက်တွင် နေထိုင်သူ တစ်ဦးက ပြောကြားခဲ့သည်။
''ကျွန်တော်တို့ တိုက်မှာ တိုက်ခန်း တစ်ခန်းကို မိသားစု တစ်စုက အရင် ငှားလိုက်တယ်။ နောက်ကျတော့ နားလည်မှုနဲ့ နောက်မိသားစု တစ်စုကို အခန်းမှာ ပေါင်းပြီး ထပ်ငှားနေကြတာ ရှိတယ်။ အဓိကကတော့ ငှားခ
ဈေးမတတ်နိုင်ကြလို့ စုနေကြတာ ပါ။ အပေါ်ဆုံး တိုက်ခန်း ငှားခတောင် ကျပ်၇၀၀၀၀ လောက် ရှိနေတာလေ''ဟု ရွှေဂုံရိပ်မွန် အိမ်ရာတွင် နေထိုင်သူ တစ်ဦးက ပြောကြားခဲ့သည်။
အဓိကက ဈေးကစားတဲ့သူ . . .
ရန်ကုန်မြို့ ဈေးကွက် အရ ပေ ၄၀၊ ၁၂ ပေခွဲ တိုက်ခန်းတစ်ခန်း၏ လက်ရှိ တန်ဖိုးမှာ (လူနေရန်၊ ဒုတိယထပ်) နေရာအလိုက် အနည်းဆုံး ကျပ် သိန်း ၂၀၀ ၀န်းကျင် အထိ ပေါက်ဈေး ရှိနေသည်။ သို့သော် အဆိုပါ
တိုက်ခန်းတစ်ခန်းအား ယခု ကုန်ပစ္စည်း ဈေးများဖြင့် တည်ဆောက်သည် ဆိုသော် အလွန်ဆုံး ကုန်ကျမှ ကျပ်သိန်း ၅၀ သာ ရှိသည့် အတွက် မြေတန်ဖိုး မည်မျှ မြင့်တက်နေသည်ကို သိသာကြောင်း ဆောက်လုပ်ရေး
လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။
''တိုက်ခန်း တစ်ခန်းကို ရန်ကုန် စံနှုန်းနဲ့ ကျွန်တော်ဆောက်မယ်။ အလွန်ဆုံးကုန်မှ ကျွန်တော့်အတွက်လည်း ဖယ်ပြီး ကျပ်သိန်း ၅၀ ဆိုတာ လွန်ရောကျွံရောပဲ။ အခု သွားလာရ မလွယ်ကူတဲ့ နေရာမှာတောင် အပေါ်ထပ်
တိုက်ခန်းတစ်ခန်းက ကျပ်သိန်း ၂၀၀ ၀န်းကျင်လောက် ဖြစ်နေတာလေ။ တည်ဆောက် ကုန်ကျစရိတ်က ကျပ်သိန်း ၅၀ ဆိုရင် ကျန်တဲ့ ကျပ်သိန်း ၁၅၀ က မြေတန်ဖိုးပေါ့။ မြေတန်ဖိုး မြင့်တက်မှုကြောင့် ဈေးနှုန်းက ဘယ်လောက် ကွာခြားသွားသလဲ သိသာပါတယ်။ ဒီနေရာမှာ ပြောချင်တာက လူအများစုနဲ့ ကိုက်ညီတဲ့ ဈေးနဲ့ တိုက်ခန်းတွေဆောက် ရောင်းနိုင်ဖို့ ဆိုရင်တော့ လူအများစုက ဘယ်လောက်နဲ့ ၀ယ်နိုင်သလဲ၊ မြေတန်ဖိုးကို ဘယ်လို ထိန်းချုပ်မလဲ၊ လူတွေကို များများ ၀ယ်လာနိုင်အောင် ဘယ်လိုစနစ်နဲ့ ရောင်းပေးမလဲ ဆိုတာကို ထည့်သွင်း စဉ်းစားရမယ် ထင်ပါတယ်''ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ရှင်းပြခဲ့သည်။

အိမ်ခြံမြေတွေ အရောင်းအ၀ယ် လုပ်တဲ့အခါ တချို့က မှတ်ပုံတင် နှစ်ခု၊ သုံးခု ကိုင်ပြီး လုပ်တယ်လို့ ကြားရတယ်။ မန္တလေးမှာ အိမ်ထောင်စုစာရင်း လာဝင်ရင် အဲဒီသူက သူပြောတဲ့အရင်နေရပ် မူရင်းဒေသမှာ တကယ်နေခဲ့ မနေခဲ့၊ မြန်မာစကား၊ မြန်မာစာ တတ်မတတ်၊ တိုင်းရင်းသား ဆိုရင်လည်း ဟုတ်မဟုတ် သေချာ စိစစ်ပြီးမှ မှတ်ပုံတင် ထုတ်ပေးသင့်တယ်။ ထုတ်ပေးပြီးသား ဆိုရင်လည်း ပြန်စစ်သင့်တယ် . . .
''မြေတန်ဖိုး တက်တာကတော့ ကစားလို့ ဆိုတာ ရှင်းပါတယ်။ ငါးဆ၊ ခြောက်ဆ ခုန်တက်အောင် မကစားဘဲနဲ့တော့ မရဘူး။ ဒီလို မြင့်တက်မှုကြောင့် ဘာထိခိုက်သလဲ၊ လုပ်ငန်း မချဲ့နိုင်ဘူး၊ မြေအတွက် ရင်းနှီးတာနဲ့တင်
အရင်းကုန်တယ်၊ ငွေကြေး ခ၀ါချမှုတွေ ပါဝင်လာနိုင်တယ်၊ လူလတ်တန်းစားနဲ့ ၀န်ထမ်းတွေ နေစရာ ဒုက္ခ ဖြစ်လာတယ်။ ဒါကို ထိန်းချုပ်ဖို့တော့ လိုပါတယ်။ အခွန်စနစ်နဲ့ ထိန်းချုပ်ရင် ပိုပြီး သင့်တော်ပါတယ်၊ မဟုတ်ရင်လည်း ကိုယ့်နိုင်ငံသားကို အမည်ခံခိုင်းပြီး နောက်ကွယ်က ပိုင်ဆိုင်မှုတွေပါ ရှိလာနိုင်တယ်လေ။ အခုက ကျပ်သိန်းပေါင်း လေးငါးသောင်း အထိ မတန်တဆ ဈေးမြှင့်ပေးပြီး ရောင်းဝယ်နေကြတဲ့ အထိ ရှိနေတယ်''ဟု ကုန်ထုတ်လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ် ငါးနှစ်ကျော်ကာလ အတွင်း နေပြည်တော် အိမ်ခြံမြေ ဈေးကွက်မှာ အဆ ၁၀၀ နီးပါး ဈေးမြင့်တက်ခဲ့သည့် နေရာများ အထိ ရှိလာခဲ့သည့် နည်းတူ မန္တလေး အိမ်ခြံမြေ ဈေးကွက်တွင်လည်း
ဈေးကစားသူများကြောင့် ငါးနှစ်အတွင်း၌ပင် ယခင်ကထက် ၁၀ ဆနီးပါး အထိ မြင့်တက်သည့် နေရာများ ရှိလာခဲ့ကြောင်း သိရသည်။
''၂၀၀၅ ခုနှစ်ဝန်းကျင်လောက် အတွင်းမှာ မြို့ရဲ့ Down Town ဧရိယာ အကွက်တွေကို သိန်းထောင်ကြီးပိုင်းတွေနဲ့ ရောင်းချပြီး မြို့သစ်ပိုင်းတွေမှာ သိန်းရာပိုင်းနဲ့ ပြန်လည် ၀ယ်ယူပြီး ပြောင်းရွှေ့နေထိုင်တာမျိုးတွေ များလာတယ်။ မြို့ထဲကလူတွေ မြို့စွန် ရောက်တာပေါ့။ ၂၀၁၀ ပြည့်နှစ်လောက် အတွင်းမှာ မြို့လယ် ဧရိယာမှာ လက်ကျန် ရောင်းချဖို့ အကွက် မကျန်သလောက် ဖြစ်လာသလို ၂၀၀၅ တုန်းက သိန်း ၁၀၀ လောက်တန်တဲ့ အကွက်က အခု သိန်းထောင်ဂဏန်း၊ သောင်းဂဏန်း ဖြစ်နေပြီ''ဟု မန္တလေး အိမ်ခြံမြေ ဈေးကွက်မှ အကျိုးဆောင် တစ်ဦးက ဆိုပါသည်။
''ငါးနှစ်လောက် အတွင်း မြို့လယ်ဧရိယာက မြေကွက်တွေမှာ ဈေးနှုန်း ၁၀ ဆမက တက်သွားတယ်လို့ အကြမ်းဖျင်း တွက်လို့ရတယ်။ မြို့သစ်ပိုင်းတွေ မှာတော့ ၂၀၀၅ ၊ ၂၀၀၆ ခုနှစ်လောက်ကနဲ့ယှဉ်ရင် ငါးဆကျော်လောက် မြင့်သွားတယ်။ သဘောက ၂၀၀၆ ခုနှစ် နောက်ပိုင်းမြို့ရဲ့ Down Town ဧရိယာတွေမှာ ငွေဖော်ရောင်းချပြီး မြို့ပြင်ပိုင်းမှာ ပြန်ပြီး အရောင်းအ၀ယ်တွေ မြင့်တက်လာတော့ မြို့ပြင်နေရာတွေရဲ့ ဈေးနှုန်းတွေလည်း တဖြည်းဖြည်း မြင့်လာတယ်။ ဒါပေမယ့် ဒီဘက် ငါးနှစ်လောက် အတွင်း မြို့တွင်း ဧရိယာတွေမှာ ရောင်းချပြီး မြို့သစ်ပိုင်းတွေ ပြောင်းရွှေ့သွားတဲ့ သူတွေ အနေနဲ့ မြို့လယ်ဧရိယာကို ပြန်အခြေချဖို့ ဆိုတာ အလှမ်း တော်တော်ကွာသွားပြီ''ဟု မြို့ခံလုပ်ငန်းရှင် တစ်ဦးက ပြောကြားပါသည်။
ဈေးကစားတာကို ထိန်းဖို့  . . .
မြေဈေးကစားခြင်းကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ အကျိုးဆက်များ၏ သက်ရောက်မှုကို ကာကွယ်ရန် မြေဈေးကစားခြင်းအား ဥပဒေ၊ အခွန် စနစ်များဖြင့် ထိန်းချုပ်သင့်ကြောင်းလည်း သိရသည်။
''မြေဈေး မြင့်တက်မှုကို အခွန်များများ ကောက်တဲ့စနစ်နဲ့ ထိန်းချုပ်သင့်တယ်။ အခွန် လျော့ချပေးထားတာကိုလည်း သက်တမ်း ထပ်မတိုးသင့်တော့ဘူး။ ဥပဒေတွေ ရှိရင်လည်း နောက်ကွယ်က တဖြည်းဖြည်း ပိုင်ဆိုင်လာမှုတွေကို ဥပဒေနဲ့ထပ်ပြီး ထိန်းချုပ်ထားသင့်တယ်။ မြေကိုပြောတာပါ''ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့ပါသည်။
ကျပ်သိန်းပေါင်း လေးငါးသောင်းဖြင့် အရောင်းအ၀ယ် ဖြစ်သော်လည်း အခွန်ပေးဆောင်ရာတွင် အမှန်တကယ် အရောင်းအ၀ယ်တန်ဖိုးဖြင့် အခွန်ပေးဆောင်မှု နည်းပါးခြင်းကြောင့် မြေဈေးတက်သည့် နောက်ဆက်တွဲ
ပြဿနာကိုသာ ခံစားရပြီး မြေဈေးတက်သလောက် အခွန်ပိုမရကြောင်း အိမ်ခြံမြေဈေးကွက် အတွင်းမှ သိရသည်။
''အခွန်နဲ့ထိန်းတယ် ဆိုတာ အခွန်နှုန်းလည်းမြှင့် အခွန်ကိုလည်း တိတိကျကျ ကောက်ခံဖို့ပါ။ ကျပ်သိန်းပေါင်း သုံးသောင်း၊ လေးသောင်းနဲ့ အပြင်မှာ အရောင်းအ၀ယ် ဖြစ်တယ်။ စာချုပ်တော့ ကျပ်သိန်း ထောင်ဂဏန်းလောက်ပဲ ပြပြီး အခွန်ဆောင်ကြတာ များပါတယ်။ တချို့ဆို လက်လွှဲ အဆင့်ဆင့် ရိုက်ပြီး အမြတ်ရပေမယ့် အခွန်ကျတော့ မဆောင်ဘူး။ ဒါမျိုးကို တိတိကျကျ ကောက်ခံရင် အခွန်နဲ့ ထိန်းပြီးသား ဖြစ်မှာပေါ့''ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။
မြေတွင် ၀င်ရောက် ဈေးကစားသူများ သိရှိသင့်သည့် ဥပဒေများ ရှိနေကြောင်းကိုလည်း ''မြေရယ်၊ မြေကနေ ဖြစ်ထွန်းတဲ့ အကျိုးခံစားခွင့်တွေရယ်၊ မြေမှာဆောက်လုပ်ထားတာ ဒါမှမဟုတ် အဆောက်အအုံနဲ့ အရာဝတ္ထုတွေရယ်၊ နောက်ပြီး အဲဒီ အဆောက်အအုံမှာ တပ်ဆင်ထားတဲ့ အရာဝတ္ထုတွေက မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေပါ။ အဲဒီတော့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေထဲမှာ အိမ်ခြံမြေတွေလည်း ပါပါတယ်။ အဲဒီ အိမ်ခြံမြေကို ဘယ်လို ပုဂ္ဂိုလ်မျိုးကမဆို နိုင်ငံခြားသားနဲ့ ဖြစ်ဖြစ် နိုင်ငံခြားသား ပိုင်ဆိုင်တဲ့ ကုမ္ပဏီနဲ့ ဖြစ်ဖြစ် ရောင်းချတာ ၀ယ်ယူတာ ပေးကမ်းတာ ဖြစ်ဖြစ် ပေးကမ်းတာကို လက်ခံတာ ဖြစ်ဖြစ် အဲဒီလို ဆောင်ရွက်လို့ မရပါဘူး။ အဲဒါအပြင် ပေါင်နှံတာကို လက်ခံတာတို့ လဲလှယ်တာတို့နဲ့ တခြား နည်းတစ်ရပ်ရပ်နဲ့ လွှဲပြောင်းတာ ဖြစ်ဖြစ် လွှဲပြောင်းတာကို လက်ခံတာ ဖြစ်ဖြစ် အဲဒါမျိုးတွေကိုလည်း ဆောင်ရွက်လို့ မရပါဘူး။ အဲဒါတွေကို ဆောင်ရွက်လို့ ပြစ်မှုထင်ရှား စီရင်ခံရမယ် ဆိုရင် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်ကနေ အများဆုံး ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။ အဲဒီလို ချမှတ်ခံရမယ့် အပြင် ပြစ်မှုနဲ့ အကျုံးဝင်တဲ့ အိမ်ခြံမြေ ပစ္စည်းကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်လို နိုင်ငံခြားသား ဖြစ်ဖြစ် နိုင်ငံခြားသားပိုင်တဲ့ ကုမ္ပဏီ ဖြစ်ဖြစ် အိမ်ခြံမြေကို ရောင်းချတာ ၀ယ်ယူတာ ပေးကမ်းတာ၊ ပေးကမ်းခြင်းကို လက်ခံတာ ပေါင်နှံတာ ပေါင်နှံခြင်းကို လက်ခံတာ။ ဒါ့အပြင် လဲလှယ်တာတို့ တခြားနည်း တစ်ရပ်ရပ်နဲ့ လွှဲပြောင်းတာကို လက်ခံတာတို့လည်း ပြုလုပ်လို့ မရပါဘူး။ အဲဒီလို ပြုလုပ်မယ် ဆိုရင်လည်း အထက်မှာ ပြောခဲ့တဲ့ ပြစ်ဒဏ်အတိုင်း အရေးယူခံရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေကို မရွှေ့မပြောင်းနိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်တဲ့ ဥပဒေပုဒ်မ ၃၊ ၄၊ ၁၁ တို့မှာ ပြဋ္ဌာန်းထားပါတယ်''ဟု ဥပဒေ အတိုင်ပင်ခံ တစ်ဦးက ရှင်းပြပါသည်။
ထို့အပြင် အိမ်ခြံမြေကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပိုင် ကုမ္ပဏီအား အငှားထားခြင်း မပြုရကြောင်း နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပိုင် ကုမ္ပဏီထံမှ ငှားရမ်းခြင်းလည်း မပြုရကြောင်း ထိုသို့ ပြုမူသဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် အငှားချထားသည့် ကာလအတွက် သဘောတူထားသည့် ငှားရမ်းခ၏ သုံးဆထက် မနည်းသော ငွေဒဏ် ချမှတ်ခြင်း ခံရမည့်အပြင် ပြစ်မှုနှင့် အကျုံးဝင်သည့် အိမ်ခြံမြေကိုလည်း ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းခြင်း ခံရမည် ဖြစ်ကြောင်း ဥပဒေအတိုင်ပင်ခံကပင် ပြောကြားခဲ့ပါသည်။
''မန္တလေးမှာ အိမ်ခြံမြေတွေ အရောင်းအ၀ယ် လုပ်တဲ့အခါ တချို့က မှတ်ပုံတင် နှစ်ခု၊ သုံးခု ကိုင်ပြီး လုပ်တယ်လို့ ကြားရတယ်။ မန္တလေးမှာ အိမ်ထောင်စုစာရင်း လာဝင်ရင် အဲဒီသူက သူပြောတဲ့ အရင်နေရပ်မူရင်း ဒေသမှာ တကယ် နေခဲ့မနေခဲ့၊ မြန်မာစကား၊ မြန်မာစာ တတ်မတတ်၊ တိုင်းရင်းသား ဆိုရင်လည်း ဟုတ်မဟုတ် သေချာ စိစစ်ပြီးမှ မှတ်ပုံတင် ထုတ်ပေးသင့်တယ်။ ထုတ်ပေးပြီးသား ဆိုရင်လည်း ပြန်စစ်သင့်တယ်။ ၁၉၉၀ တုန်းက အိမ်ခြံမြေ ရောင်းဝယ်တဲ့ ဈေးနှုန်းတွေကို ပြန်စိစစ်ဖူးတယ်။ အခုလည်း အဲဒီလို ပြန်စိစစ်သင့်တယ်။ တချို့ဆို မှတ်ပုံတင် အတုနဲ့ လုပ်နေတယ်လို့တောင် ကြားရတယ်''ဟု ဂျာနယ်လစ် တစ်ဦးက ပြောကြားခဲ့သည်။
မျှော်လင့်ချက်မဲ့သူတွေ အိမ်ပိုင်နိုင်ဖို့၊ ကျပ်ကျပ်တည်းတည်း ရန်ကုန် မဖြစ်ဖို့ ဆိုရင်  . . .
မြေဈေး အခြေတည်၍ ထိုးတက်နေသည့် တိုက်ခန်းဈေးများကို လက်ရှိ လုပ်ခလစာများဖြင့် ၀ယ်ယူရန် မည်သို့မျှ မဖြစ်နိုင်သည့် အနေအထားမှ အိမ်ပိုင်ရန် မျှော်လင့်ချက် မဲ့နေသူများ အိမ်ပိုင်ဆိုင်နိုင်ရန် ဆိုပါက တန်ဖိုးနည်း အိမ်များ ဖော်ဆောင်ခြင်း အပြင် ဘဏ်လုပ်ငန်းမှာလည်း အရေးပါလာကြောင်း လုပ်ငန်းရှင်များက သုံးသပ်ကြပါသည်။
''ဒီဈေးတွေနဲ့ကတော့ မလွယ်ပါဘူး။ ဘယ်လိုမှ ၀ယ်နိုင်မှာ မဟုတ်တာ သေချာတယ်။ အိမ်ပိုင်ဆိုင်တဲ့သူတွေ များလာအောင် ဆိုရင်တော့ တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်ပေးဖို့ လိုတယ်။ တန်ဖိုးနည်းဆိုတာ လူအများစု ၀န်ထမ်း အများစုရဲ့ ၀င်ငွေနဲ့ ၀ယ်နိုင်အားနဲ့ ကိုက်ညီတဲ့ဈေး ရှိတဲ့ တန်ဖိုးနည်း အိမ်ရာကို ဆိုလိုတာပါ။ ကျပ်သိန်း ၂၀၀ လောက်နဲ့ ရောင်းမယ့် တန်ဖိုးနည်းအိမ်ရာကို ပြောတာ မဟုတ်ဘူး။ အရေးကြီးဆုံးကဘဏ်ပဲ။ တန်ဖိုးနည်းအိမ်ရာ တည်ထောင်ပေးမယ့်သူက ဘယ်လို အတန်းအစားကို ဘယ်နှုန်းနဲ့ ရောင်းပေးမှာ ဘယ်လို ပုံစံ ရောင်းပေးမှာ ဆိုတာကို ဘဏ်တွေနဲ့ ချိတ်ဆက်သင့်တယ်။ ဘာကြောင့်လဲ ဆိုတော့ ၀န်ထမ်းပါဆိုမှ အခု ကျပ်သိန်း ၁၀၀ အောက်၊ ကျပ်သိန်း ၆၀ တန် တိုက်ခန်း ရောင်းပေးမယ် ဆိုရင်တောင် လက်ငင်း ၀ယ်နိုင်ဖို့ ခက်ကြလိမ့်မယ်။ အဲဒီတော့ အရစ်ကျ စနစ်နဲ့ ရောင်းပေးတာမျိုးကိုလည်း ဘဏ်နဲ့ပဲ ချိတ်ဆက်လုပ်ကိုင်ရမှာ။ ဒီလိုမျိုး စီမံကိန်းတွေ တကယ် အကောင်အထည်ပေါ်ဖို့ ဆိုတာက ဘဏ်တွေက ဘယ်လောက် ထောက်ပံ့နိုင်သလဲ ဆိုတဲ့အပေါ် မူတည်တယ်လေ။ အထူးသဖြင့် လက်ရှိ ဘဏ်တိုးနှုန်းနဲ့ရော လုပ်မယ့် လုပ်ငန်းရှင် ရှိနိုင်ပါ့မလား။ ဘဏ်တိုးနှုန်း ပြင်ဆင်ဖို့ပါ အရေးကြီးပါတယ်''ဟု ဆောက်လုပ်ရေး ကုမ္ပဏီအုပ်စု တစ်ခုမှ လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့ပါသည်။
''လမ်းစဉ်ပါတီခေတ်မှာ တစ်ကြိမ်၊ အခုနောက်ပိုင်း ယုဇနဥယျာဉ်မြို့တော်လိုမျိုး တန်ဖိုးနည်းတယ် ပြောရမယ့် အိမ်ရာစီမံကိန်းတွေ တစ်ကြိမ် အကောင်အထည်ဖော်တာတော့ တွေ့ကြုံရတယ်။ ထူးသလား မေးရင်တော့ မထူးဘူး ပြောရမယ်။ တကယ် တန်ဖိုး မနည်းတာထက် ၀ယ်မယ့်သူတွေကို ၀ယ်နိုင်အောင် လုပ်ပေးထားတဲ့စနစ် မရှိလို့။ စင်ကာပူလို လုပ်မှာလား၊ အရင်လိုပဲ လုပ်မှာလားဆိုတာ မေးရမယ်။ စင်ကာပူလို ဆိုရင်တော့ အောင်မြင်မယ်၊ နိုင်ငံသားတွေကို လစဉ် ၀င်ငွေထဲက နုတ်ပေးသွားတဲ့ စနစ်ပါ။ ဘဏ်စနစ် ပြင်ဆင်ပြီး၊ ဘဏ်တိုးနှုန်း ပြင်ဆင်ပြီး စနစ်တကျလုပ်ရင် ဖြစ်မှာပါ။ တိုက်ခန်းတစ်ခန်းက ကျပ်သိန်း ၁၀၀ ထက် မပိုသင့်သလို ကွန်ဒို တစ်ခန်းကလည်း ကျပ်သိန်း ၄၀၀၊ ၅၀၀ လောက်ပဲ ရှိသင့်တယ်''ဟု ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် တစ်ဦးက ရှင်းပြခဲ့သည်။
''အိမ်မပိုင်နိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေက များလွန်းပါတယ်။ အိမ်ငှားစရိတ်ရှာ၊ တစ်နှစ်ကုန် အိမ်ငှား စရိတ်ပေးနဲ့ သူတို့အတွက် တိုးတက်ဖို့ တခြား တစ်ခုခုကို စုဆောင်း မလုပ်နိုင်ကြဘူး။ ဒီကြားထဲ ကျန်းမာရေး ပြဿနာများ ၀င်လိုက်ရင် နှစ်ကုန်တာနဲ့ အိမ်စာချုပ်ဖို့ ခက်ကုန်ကြပြန်တယ်။ ဒီလိုနဲ့ပဲ သူတို့ရဲ့ တခြား တိုးတက်ရာ တိုးတက်ကြောင်း ကိစ္စထက် နေရေးကိုပဲ လုပ်နေရတော့ လူအများစုဟာ တိုးတက်မှု မရှိတော့ဘူး။ ဒါကို ဖြေရှင်းပေးသင့်တယ်။ ဘဏ်စနစ်ပြင်ရုံ၊ ဆောက်ပေးမယ့်သူ ရှိရုံနဲ့ မရသေးပါဘူး။ အစိုးရပိုင်းက ၀င်ကူမှ ရမှာပါ။ ဒါကို ရေရှည်စီမံကိန်းတစ်ခု အနေနဲ့ မဖြစ်မနေ အကောင်အထည် ဖော်သင့်ပါတယ်''ဟု စီးပွားရေးဆိုင်ရာ ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
ကျပ်သိန်းပေါင်း သောင်းချီကာတန်သည့် အိမ်ခြံမြေပေါင်းများစွာကို ရောင်းဝယ်ရင်း ဈေးကစားကြသော်လည်း အခွန်ပေးဆောင်ရန်မူ လက်တွန့်ခဲ့ကြသည်။ ယင်းတို့၏ ဈေးကစားမှုကြောင့် အိမ်ပိုင်ဆိုင်နိုင်ရန် ပိုမို ခက်ခဲသွားစေသည့် ၀န်ထမ်းများ၏ အိမ်မပိုင်ဆိုင်နိုင်မှု နောက်ဆက်တွဲ အကျိုးဆက်များမှာ များပြားပါသည်။ ထိုသံသရာမှ ကင်းလွတ်နိုင်စေရန် ဆိုပါမူ ပေါ့ပေါ့တန်တန် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းလောက်ဖြင့် မရဘဲ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်း အကောင်အထည်ဖော်သည့် စနစ်တကျ လေးလေးနက်နက် လုပ်ဆောင်သည့် စီမံကိန်း အဖြစ် သဘောထား အကောင်အထည် ဖော်ပေးရန် လိုအပ်သည်ဟု သုံးသပ်ကြပါသည်။
နှစ်အလိုက် ရန်ကုန်မြို့ အချက်အချာကျ နေရာများ၏ မြေဈေးများ(တစ်စတုရန်းပေ၊ ကျပ်)
နေရာ ၂၀၀၆ ၂၀၀၇ ၂၀၀၈ ၂၀၀၉ ၂၀၁၀
အင်းလျားလမ်းမ ၇၀၀၀၀ ၉၀၀၀၀ ၁၈၀၀၀၀ ၂၂၀၀၀၀ ၄၀၀၀၀၀
အထက် အင်းလျားလမ်းသွယ် ၃၀၀၀၀ ၇၅၀၀၀ ၉၀၀၀၀ ၁၂၀၀၀၀ ၂၄၀၀၀၀ ၀န်းကျင်
ဒဂုံလမ်းမတန်း ၇၈၀၀၀ ၉၀၀၀၀ ၂၀၀၀၀၀ ၂၅၀၀၀၀ ၅၀၀၀၀၀ ၀န်းကျင်
ဒဂုံလမ်းသွယ် ၄၅၀၀၀ ၇၅၀၀၀ ၉၀၀၀၀ ၁၂၀၀၀၀ ၂၄၀၀၀၀ ၀န်းကျင်
ပြည်လမ်းမ(၆ မိုင်) ၈၇၀၀၀ ၁၂၀၀၀၀ ၂၀၀၀၀၀ ၂၁၀၀၀၀ ၃၅၀၀၀၀ ၀န်းကျင်
ပြည်လမ်းမ(၈ မိုင်) ၄၅၀၀၀ ၉၀၀၀၀ ၁၂၀၀၀၀ ၁၅၀၀၀၀ ၂၀၀၀၀၀ ၀န်းကျင်
ကမ္ဘာအေးစေတီလမ်းမ ၇၀၀၀၀ ၁၁၀၀၀၀ ၁၅၀၀၀၀ ၂၀၀၀၀၀ ၃၅၀၀၀၀ ၀န်းကျင်
မှတ်ချက်။ ။ပျမ်းမျှဈေး ဖြစ်သည်။ နေရာ၊အကျယ်အ၀န်း အလိုက် ဈေးကွာခြားမှု ရှိနိုင်သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ