Welcome to my blog :)

rss

Sunday, July 24, 2011

တစ်ရှူးစာရင်းပြကာ ကားအစီးလိုက်နှင့် တန်ဖိုးမြင့် ပစ္စည်းများ ထည့်သွင်း တင်သွင်းလာသည့် ကွန်တိန်နာများ ဖမ်းမိ မှောင်ရိပ်ခို လုပ်ငန်းရှင်များကြောင့် တရားဝင် လုပ်ငန်းရှင်များ ထိခိုက်နစ်နာ

b41605
ဇူလိုင်လ ၁၃ ရက်နေ့က ကွန်တိန်နာ တစ်လုံးအား စစ်ဆေးစဉ် အချိုရည်ဗူးများ နောက်မှ ကားအစီးလိုက် တင်သွင်းလာသည်ကို စစ်ဆေး တွေ့ရှိစဉ်
တစ်ရှူးတင်သွင်းလာသည်ဟု စာရင်းပြကာ ကားအစီးလိုက်နှင့် တန်ဖိုးမြင့် အခြားပစ္စည်းများ ထည့်သွင်းကာ တင်သွင်းလာသည့် ကွန်တိန်နာများအား မြန်မာ့စက်မှုဆိပ်ကမ်းတွင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
လက်ရှိတွင် သက်ဆိုင်ရာ ဌာနများမှ စိစစ်ဆဲ ဖြစ်ကြောင်း လတ်တလောတွင် သိမ်းဆည်းခြင်း၊ အရေးယူခြင်းများ အတွက် စိစစ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဖြစ်စဉ်အကျဉ်းမှာ ကုမ္ပဏီတစ်ခုမှ တစ်ရှူးများ တင်ဆောင်လာမည်ဟု စာရင်းပြထားသော ကွန်တိန်နာများ အတွင်း ကားအစီးလိုက်အား ပြည်ပထုတ် အချိုရည်ဗူးများဖြင့် ကာရံကာ တင်သွင်းလာခြင်း ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ၁၃ ရက်နေ့က စစ်ဆေးတွေ့ရှိခြင်း ဖြစ်ပြီး မြန်မာ့စက်မှုဆိပ်ကမ်းသို့ လုပ်ငန်းကိစ္စ ဆောင်ရွက်စဉ် ရောက်ရှိနေသော လုပ်ငန်းရှင် တစ်ဦးက သိရှိခဲ့ရသည့် ဖမ်းမိပစ္စည်းများ ဖြစ်စဉ် အကြောင်းကို ''ဇူလိုင်လ ၁၃ ရက်နေ့မှာ အလုပ်ကိစ္စနဲ့ ကျွန်တော်တို့ သွားရောက်တဲ့ အခါမှာ ကွန်တိန်နာတွေကို စစ်ဆေးနေတာ တွေ့ရတယ်။ အဲဒီမှာ ကွန်တိန်နာကို စဖွင့်ဖွင့်ခြင်း ပြည်ပထုတ် အချိုရည်ဗူးတွေ တွေ့ရတယ်။ အဲဒါတွေကို ဖယ်လိုက်တော့မှ ကားအစီးလိုက် တင်လာတာ တွေ့ရတာ။ကားထဲမှာလည်း ဟန်းဆက်လို ပစ္စည်းတွေ တွေ့ရတယ်။ ကွန်တိန်နာကတော့ လောလောဆယ် ၇ လုံးလို့ သိရတယ်။ အဲဒီ ကွန်တိန်နာတွေကို သိမ်းဆည်းရမိနဲ့ လေလံပစ္စည်း တချို့ ထားလေ့ရှိတဲ့ Wharf 5 ကို ပြောင်းရွှေ့ထားတယ်လို့ သိရပါတယ်။ တစ်ရှူး တင်ဆောင်လာမယ်လို့ စာရင်းပြထားတဲ့ ကွန်တိန်နာလို့ သိရတယ်။ အဲဒီနေ့က အကောက်ခွန်ရုံးက အဖွဲ့တွေပါ ဆင်းလာပြီး စစ်တာ။ သတင်းကြားလို့လည်း ဖြစ်မှာပေါ့''ဟု ပြောကြားခဲ့ပါသည်။
''ဆိပ်ကမ်းမှာ တစ်ရက်ကို ကွန်တိန်နာ အလုံး ၁၀၀ စစ်တယ်။ အဲဒီနေ့က အလုံး ၁၀၀ ပြည့်ပြီးတော့မှပဲ အဲဒီ ကွန်တိန်နာ ၇ လုံးကို စစ်တာတော့ တွေ့တယ်''ဟု တွေ့ရှိခဲ့သူ လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
ထိုသို့ ဥပဒေအား လက်တစ်လုံးခြားဖြင့် မှောင်ရိပ်ခို လုပ်စားနေသူများကြောင့် တရားဝင် တင်သွင်း ထုတ်လုပ် ရောင်းချသူ ပြည်တွင်း လုပ်ငန်းရှင်များ အပေါ် ထိခိုက် နစ်နာရသည်ဟုလည်း လုပ်ငန်းရှင်များက ဖွင့်ဟခဲ့ကြပါသည်။
မှောင်ရိပ်ခို စီးပွားရေးမှ အကျိုးအမြတ်များဖြင့် ရှေ့၌ စားသောက်ဆိုင်၊ စားသောက်ကုန် လုပ်ငန်း ကဲ့သို့သော ဗန်းပြ အလုပ်ကလေးများ ထားရှိခြင်း သော်လည်းကောင်း အကျိုးအမြတ် မသေချာသည့် စက်မှုလုပ်ငန်းများအား ဗန်းပြလောက် ထူထောင် ပြကာ မှောင်ရိပ်ခို စီးပွားရေး လုပ်ကိုင်ခြင်းဖြင့် သော်လည်းကောင်း ထိုသို့ လုပ်စားသူများသည် တစ်ဦးတစ်ယောက်တည်း မဟုတ်ပဲ အုပ်စုလိုက် လုပ်ကိုင်နေကြောင်း လုပ်ငန်းရှင်များက ထောက်ပြလာသည်။
မှောင်ရိပ်ခိုသူများကြောင့် တရားဝင် ပြည်တွင်း လုပ်ငန်းရှင်များသာ ထိခိုက်သည် မဟုတ်ဘဲ နိုင်ငံ့အတွက် အခွန်ငွေများ ဆုံးရှုံးကာ အခွန် မရရှိမှုကြောင့် ပြည်သူများ အတွက်ပါ နစ်နာရကြောင်း ပညာရှင်များကပါ
ထောက်ပြခဲ့ကြသည်။

အခုက မှောင်ရိပ် ခိုရုံတင် မဟုတ်ဘူး ၀န်ထမ်းက အစ စနစ်တစ်ခုလုံးကို ငွေအင်အားနဲ့ ဖျက်နေတာလို့ ပြောရမှာပဲ
''အစိုးရက ဖွင့်သင့်တာဖွင့်ဖို့ စီစဉ်နေတဲ့ ကာလမျိုးမှာတော့ အခုလို ဥပဒေကို လက်တစ်လုံးခြားနဲ့ မှောင်ရိပ်ခို လုပ်စားတာတွေကို ထိထိရောက်ရောက် ကိုင်တွယ်သင့်နေပြီ။ အကျိုးအမြတ် မကိုက်ရင် မလုပ်နဲ့ လက်တစ်လုံးခြားတော့ မလုပ်သင့်ဘူး။ အစိုးရအခွန် နစ်နာတဲ့ အတွက် အခွန်ငွေရမှ ပြည်သူအတွက် သုံးတာဖြစ်လို့ ပြည်သူနာတယ်။ ရှေ့မှာ စားသောက်ကုန် လိုလို၊ အလှကုန် လိုလို၊ စက်ရုံလုပ်ငန်း လိုလိုနဲ့ ဗန်းပြ အလုပ်တွေပြပြီး ကုမ္ပဏီ နာမည်ခွဲတွေ အများကြီး ယူထားတယ်။ ကုမ္ပဏီ နာမည်တစ်ခုနဲ့ မိရင်၊ နောက်တစ်ခုနဲ့ ထပ်လုပ်တယ်။ ဒီလိုလုပ်တာ တစ်ဦးတည်း နှစ်ဦးတည်း မဟုတ်ဘူး အုပ်စုလိုက် လုပ်တယ်''ဟု လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့ပါသည်။
ယခုကဲ့သို့ မှောင်ရိပ်ခိုသူများကြောင့် ပြည်တွင်း၌ သတ်မှတ်ခွန်များ ပေးဆောင်ကာ တရားဝင် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များ ပို၍ ထိခိုက်နစ်နာရကြောင်းကို လုပ်ငန်းရှင် တစ်ဦးက''နစ်နာတာကတော့ ဒီနေ့ ဒါတွေဖမ်းမိတယ် ဆိုရင် နောက်နေ့ ကျွန်တော်တို့ မှန်မှန်ကန်ကန် ကွန်တိန်နာ သွားထုတ်ရင်တောင် တစ်ခုချင်း စစ်တော့မှာ ဖြစ်တဲ့အတွက် အချိန် ပုပ်ကုန်တယ်၊ ဈေးကွက်ထဲ အချိန်မီ မဖြန့်နိုင်ဘူး။ ဒီလို အသေးအဖွဲကစပြီး နောက်ဆုံး သူတို့က အခွန်မပေးတဲ့ အတွက် သူတို့အစား ကျွန်တော်တို့က တိုင်းပြည်အတွက် လိုတာ ဖြည့်ဆောင်ပေးနေရတယ်လို့ ခံစားရတယ်ဗျာ။ ဒါတွေက ၀န်ထမ်းတွေကြောင့်ထက် အဲဒီလို ပေးကမ်း လုပ်ကိုင်နေတဲ့ သူတွေကြောင့် မှောင်ခို ဖွံ့ဖြိုးနေတာလို့ ထင်တယ်''ဟု ပြောကြားခဲ့ပါသည်။
''ဒါမျိုး ကြားနေရတာ ကြာပါပြီ။ ထားပါတော့ နောက်ထပ်မဖြစ်ဖို့ပဲ ပြောချင်တယ်။ ဒီကုမ္ပဏီအမည်နဲ့ ပြဿနာ ဖြစ်ရင် နောက်ကုမ္ပဏီ အမည်နဲ့ ပြောင်းလုပ်တဲ့ ထုံးစံကိုပါ ရိုက်ချိုးပစ်ရမယ်''ဟု လုပ်ငန်းရှင် တစ်ဦးကလည်း ပြောကြားခဲ့သည်။
''မှောင်ရိပ်ခိုတာတောင် မဟုတ်တော့ဘူး။ ဒါက ရမလားဆိုပြီး ပေါ်တင်ပါ လုပ်လာတာ။ ဒီလူတွေက ဒီလုပ်ငန်းနဲ့ရတဲ့ အမည် ဖော်ပြလို့မရတဲ့ ငွေကြေးတွေနဲ့ အိမ်ခြံမြေ၊ ရွှေ၊ ကား၊ ငွေကြေး ဈေးကွက်တွေမှာ ၀င်ကစားတော့ အိမ်မြေဈေးတွေပါ သက်ရောက်ပြီး ကျွန်တော်တို့လို တရားဝင်လုပ်တဲ့ လုပ်ငန်းရှင်တွေမှာ လုပ်ငန်းသစ် တည်ထောင်ဖို့တောင် ခက်ကုန်တယ်။ မှောင်ရိပ်ခိုတာက မိရင် ဖမ်းလိုက်ရုံပဲ။ အခုက မှောင်ရိပ်ခိုရုံတင် မဟုတ်ဘူး ၀န်ထမ်းက အစ စနစ် တစ်ခုလုံးကို ငွေအင်အားနဲ့ ဖျက်နေတာလို့ ပြောရမှာပဲ။ ဖမ်းပါ ရအောင် ဖော်ထုတ်ဖမ်းကြပါ။ အရေးယူ ဆိုရင်လည်း နယ်စပ်က ကယ်ရီလောက် အရေးယူလို့ မရဘူး။ နောက်ကွယ်က ကြိုးကိုင်တဲ့အုပ်စုကိုပါ အရေးယူရမှာ။
ဒါမှ မှောင်ရိပ်ခို လျော့ကျပြီး ပြည်သူအတွက် အခွန်ငွေ ပိုထွက်လာမှာ။ အစိုးရလည်း ဒီလို လူတွေ အရေးယူလို့ အများပြည်သူက ငြိုငြင်မှာ မဟုတ်ပါဘူး။ ကြိုဆိုသင့်တယ်လို့ မြင်ကြမှာပါ''ဟု လုပ်ငန်းရှင် တစ်ဦးကလည်း
ထောက်ပြခဲ့သည်။
''တကယ်လို့သာ အစိုးရက ပြည်သူလူထုတွေ အတွက် အခွန်အခကို တကယ်သုံးစွဲမယ် ဆိုရင် အစိုးရက အခွန်အခမရလို့ နစ်နာတဲ့အတွက် ပြည်သူလူထု နစ်နာတာပဲ။ အဲဒါကြောင့်မို့လို့ လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ့်ရဲ့
စည်းမျဉ်းစည်းကမ်း ဘောင်ထဲကပဲ လုပ်ကိုင်သင့်တယ်။ ကိုယ်နဲ့ မကိုက်ရင် မသွင်းနဲ့ပေါ့။ အကျိုးအမြတ်ကို ပိုလိုချင်လို့တော့ မရဘူး။ နောက်တစ်ခုက အခွင့်ထူးခံတဲ့လူတွေ၊ အစိုးရကလည်း အခွင့်ထူးခံ လုပ်ငန်းရှင်တွေကို
အခွင့်အရေးတွေ မပေးဖို့ စီစဉ်နေတယ်။ ဒီလုပ်ငန်းရှင်ကြီးတွေ နေရာကို ၀င်ယူမယ့် သူတွေက မှောင်ရိပ်ခိုတဲ့သူတွေ ဖြစ်နေတယ်။ သူတို့က အုပ်စုလိုက် ဖွဲ့ထားကြတယ်။ သူတို့ရဲ့ ရှေ့ဆောင်ဗန်းပြ စားသောက်ဆိုင် လုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေ၊ ရေထွက်ပစ္စည်း လုပ်ငန်းတွေ ဗန်းပြ လုပ်ကိုင်တယ်။ သူတို့တွေက ကုမ္ပဏီခွဲတွေ အများကြီး ထောင်ပြီး ကုမ္ပဏီတစ်ခု ပြဿနာဖြစ်တိုင်း နောက်ကုမ္ပဏီနဲ့ ပြန်လုပ်တယ်။ သွင်းကုန်လုပ်ငန်းကို ကုမ္ပဏီ ၁၀ ခုလောက် ခွဲပြီး လုပ်ကိုင်ကြတယ်။ တချို့ကလည်း နယ်စပ်က တစ်ဆင့် ရေလမ်းကြောင်းက တင်သွင်းတယ်။ တရားဝင် လမ်းကြောင်းက တင်သွင်းရင် တရားဝင် လမ်းကြောင်းကပဲ လုပ်ရတော့မယ်။ မှောင်ရိပ်ခိုတွေ ပပျောက်သွားဖို့ ဆိုရင် နယ်စပ် ကုန်သွယ်ရေးကို စိစိစစ်စစ် တကယ်လုပ်ဖို့ပဲ လိုတယ်။ အခု အကောက်ခွန် ကိစ္စရပ်တွေကို အကောက်ခွန်ဦးစီးဌာန တစ်ခုတည်းကပဲ တာဝန်ယူထားတဲ့ အတွက် လုပ်ငန်း ပိုမြန်တာတော့ မှန်တယ်။ ဒါပေမယ့် အကောက်ခွန်ဌာန အနေနဲ့ တာဝန် ပိုကြီးပြီး တာဝန် ပိုယူရလိမ့်မယ်။ တကယ်တော့ နယ်စပ်တွေမှာ တစ်ဖက်နိုင်ငံက တင်သွင်းတဲ့ အကောက်ခွန်ပစ္စည်း တန်ဖိုးနဲ့ ဒီဘက်က အကောက်ခွန်ပစ္စည်း တန်ဖိုး အများကြီး ကွာဟလို့ မရဘူး။ အဲဒါတွေကိုလည်း တရုတ်နဲ့ထိုင်းတို့ ဂိတ်တွေမှာ စိစစ်သင့်တယ်။ မြ၀တီဂိတ် ပိတ်ထားပေမယ့် ရေလမ်းကြောင်းက ၀င်နေတဲ့ ပမာဏကလည်း ဖွင့်ထားတုန်းက အတိုင်းပဲ။ နစ်နာတာက ဒီဘက်က ဖြစ်နေတယ်။အစိုးရက အခွန် နစ်နာတယ်။ လုပ်ငန်းရှင်တွေ အကုန်ကျ ပိုများလာတယ်။ နယ်စပ်ဂိတ်တွေကို စနစ်တကျ စိစစ်သင့်တယ်''ဟု သွင်းကုန်လုပ်ငန်းရှင် တစ်ဦးက ထင်မြင်ချက် ပေးပါသည်။
ဝန်ထမ်းဟောင်း တစ်ဦးကလည်း ''အရင်တုန်းက အကောက်ခွန်ဝန်ထမ်းတွေ အများကြီး အရေးယူတယ်။ နောက်တော့လည်း သိပ်မထူးဘူး။ ဒီလာဘ်ပေးလာဘ်ယူ သူတွေက အရမ်း ချမ်းသာနေတယ်။ သူတို့က ဆက်ပေးနေတုန်းပဲ။ သူတို့ကို အရေးယူပြီး ပပျောက်အောင် မလုပ်နိုင်ရင် ဘယ်လိုမှ မလွယ်ဘူး။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးဆိုတဲ့ အတိုင်းပဲ ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူး။ အရင်တုန်းက ဒီအခွင့်ထူးခံ ရတဲ့သူတွေက မြန်မာ တိုင်းရင်းသား လုပ်ငန်းရှင်ကြီးတွေ အများကြီးပဲ၊ အခု နောက်ပိုင်း ဒီအခွင့်ထူးခံ နေရာတွေကို ၀င်ပြီးတော့ ပြည်သူလူထုကို ဆင်းရဲချမ်းသာ ကွာဟအောင် ထပ်နှိပ်စက်မယ့်လူတွေက တိုင်းရင်းသား လုပ်ငန်းရှင်တွေတော့ မဟုတ်ဘူး။
ဒီလူတွေရဲ့ အန္တရာယ်ကတောင် ပိုကြောက်ဖို့ ကောင်းသေးတယ်။ သူတို့က အုပ်စုလိုက် ဖွဲ့ထားကြတယ်။ လုပ်ငန်းရှင်တွေ၊ လုပ်ငန်းတွေ အချင်းချင်း ချိတ်ဆက်ထားတာ အများကြီး ရှိတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ မှန်မှန်ကန်ကန် ရိုးရိုးသားသား လုပ်သင့်တယ်။ အခု သိရတဲ့ ကွန်တိန်နာ ကိစ္စက အစ သေးသေးလေးပဲ ရှိသေးတယ်။ ဒီလို အမည် မဖော်နိုင်တဲ့ လုပ်ငန်း၊ ငွေကြေးတွေနဲ့ ချမ်းသာနေတာ အများကြီးပါ။ ဒီလို ကြီးပွားနေတဲ့သူတွေ အများကြီး ရှိတယ်။

အစိုးရကလည်း အခွင့်ထူးခံ လုပ်ငန်းရှင်တွေကို အခွင့်အရေးတွေ မပေးဖို့ စီစဉ်နေတယ်။ ဒီလုပ်ငန်းရှင်ကြီးတွေ နေရာကို ၀င်ယူမယ့် သူတွေက မှောင်ရိပ်ခိုတဲ့သူတွေ ဖြစ်နေတယ်။ သူတို့က အုပ်စုလိုက် ဖွဲ့ထားကြတယ် . . .
သက်ဆိုင်တဲ့ အခွန်အခတွေ တိတိကျကျ မကောက်ရင် ပြည်တွင်း လုပ်ငန်းရှင် နစ်နာတယ်။ ပြည်တွင်း လုပ်ငန်းရှင်တွေက ကုန်သွယ်ခွန် ဆိုလည်း တိတိကျကျ ပေးလုပ်နေရတယ်။ သူတို့က ကုန်တွေကို အခွန်တစ်ပြားမှ မပေးရပဲ လုပ်နေရတယ်။ အခုဆို ဘီယာချမ်းက ၅၀၀ နဲ့ ၀ယ်လို့ရတယ်။ မှောင်ခို ၀င်လာတာလေ။ ပြည်တွင်းမှာထုတ်တဲ့ မြန်မာဘီယာက ဘယ်လို သွားယှဉ်နိုင်မလဲ။ ဒါတောင် အစပဲ ရှိသေးတယ်။ နောက်ထပ် အများကြီး ၀င်လာနိုင်တယ်''ဟု ရှင်းပြပါသည်။
''၀န်ထမ်းတစ်ဦး သာမန် လာဘ်စားတာ ဘာမှမဖြစ်ဘူး။ ပမာဏကြီးကြီး ပေးလုပ်နေတဲ့ သူတွေကို ပပျောက်အောင် လုပ်ရမှာ။ မှောင်ရိပ်ခို လုပ်ငန်းရှင်တွေက အမေရိကန်ဒေါ်လာ သန်းရာနဲ့ချီ ချမ်းသာနေတာ။ ဒါပေမယ့်
သူတို့ပေးတဲ့ အခွန်က မရှိသလောက် နည်းသလို သူတို့က ဗန်းပြ လုပ်ငန်းလေးတွေပဲ လုပ်ပြီး လုပ်ငန်းကြီးတွေ အနေနဲ့ ထင်ထင်ပေါ်ပေါ်လည်း တက်မလာကြဘူး။ အစိုးရရဲ့ အခွန်ရရှိမှုကို ကာကွယ်တာ ပြည့်သူအကျိုးကို
ကာကွယ်တာပါ။ အစိုးရကလည်း ရတဲ့အခွန်ကို ထင်သာမြင်သာ သုံးစွဲကြောင်း ပြည်သူကို ချပြရမယ်။ ၀န်ထမ်းတွေကို လစာ တိုးပေးနိုင်မယ်၊ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး တိုးတက်အောင် လုပ်လာနိုင်မယ်။
ပြည်သူတွေ သက်သာ ချောင်ချိအောင် ပြည်သူတွေ လမ်းပန်း ဆက်သွယ်ရေး ပိုကောင်းအောင် လုပ်လာနိုင်မယ်။ အစိုးရက ပြည်သူ့အတွက် ဒီလိုလုပ်ပေးတဲ့ နေရာမှာ သုံးစွဲဖို့ကိုလည်း မီဒီယာတွေက ထောက်ပြရမယ်၊
တိုက်တွန်းရမယ်''ဟု ဂျာနယ်လစ် တစ်ဦးက သုံးသပ်ပါသည်။
''အထူး အခွင့်အရေး ရတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်ကြီးတွေ ကျဆုံးသွားရင် အဲဒီနေရာမှာ ၀င်နေရာယူဖို့ မှောင်ရိပ်ခိုတွေက ချောင်းနေကြတာ။ ရှေ့က အခွင့်ထူးခံရတဲ့ လုပ်ငန်းရှင်တွေကမှ တိုင်းရင်းသား လုပ်ငန်းရှင်တွေ ဖြစ်လို့ ပြန်လှူပေးတာ  ရှိဦးမယ်။ နောက်ဝင်လာမယ့် မှောင်ခိုသမားတွေက အခွန်လည်း မရ၊ ဘာတစ်ပြားမှလည်း လာမှာမဟုတ်ဘူး။ မှောင်ရိပ်ခိုက လှူလည်းမလှူ မတရားသဖြင့် လုပ်နေတာပါ။ ငွေပေးပြီး ၀န်ထမ်းတွေကို ဖျက်ဆီးနေတာ။ ပစ္စည်းသိမ်းရုံ၊ ကုမ္ပဏီ ပိတ်ရုံလောက်ပဲ အရေးယူလို့ မရနိုင်ပါဘူး။ သူတို့ ထပ်လုပ်မှာပါ။ ဥပဒေ အရပါ အရေးယူသင့်တယ်။ ဒီကိစ္စမျိုးကို အကောက်အခွန် ဦးစီးဌာန အနေနဲ့ ဖုံးဖိတာမျိုး မဟုတ်ဘဲ တရားဝင် ရှင်းလင်းသင့်တယ်'' ဂျာနယ်လစ် တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ