Welcome to my blog :)

rss

Sunday, July 31, 2011

ကားဈေးတက်၊ မြန်မာ့ စီးပွားရေး ပြောင်းပြန်ဖြစ်စဉ်ဟု လူအများရှုမြင်

6441a
လိုင်စင်မဲ့ကားများအား လိုင်စင်ခွင့်ပြုပေးမည့် သတင်းထွက်ပေါ်မှုနှင့်အတူ အေးစက်သွားခဲ့သည့် ကားဈေးနှုန်းများမှာ ယခုလပိုင်းအတွင်း ပြန်တက်လာပြီး အဆိုပါ အခြေအနေမှာ မြန်မာ့ စီးပွားရေး ပြောင်းပြန် ဖြစ်စဉ်အဖြစ် လူအများက ရှုမြင်လာကြပါသည်။
ပုံမှန်ဈေးကွက် မဟုတ်သည့် ကားဈေးကွက်ကြီးထွားမှုသည် ပုံမှန် စီးပွားရေးဖြစ်စဉ် တစ်ခုလုံးအပေါ် သက်ရောက်စေသည့်အတွက် ယခု ကားဈေးပြန်မာခြင်းသည် ပုံမှန်စီးပွားရေး ဖြစ်စဉ်မှ သွေဖည်ခြင်း ဖြစ်လာနိုင်ကြောင်း စီးပွားရေးပညာရှင်များ က သုံးသပ်သည်။
ဈေးကွက်အတွင်းသို့လည်း ကုမ္ပဏီကြီးများမှ ရေအားလျှပ်စစ် ကဲ့သို့သော စီမံကိန်းလုပ်ငန်းများ ဖြင့် ဆက်စပ်သည့် အနေအထားဖြင့် တင်သွင်းသည့် ၂၀၁၁ မော်ဒယ်လ် တန်ဖိုးမြင့် ကားသစ်မျိုးစုံဆက် တိုက် ပြန်လည်ဝင်ရောက်လာပြီး ကားဈေးကွက်မှာ ယခင်ကကဲ့သို့ ဆူလွယ်နပ်လွယ် လုပ်စား၍ ရနိုင်သည့် ဈေးကွက်ပုံသဏ္ဌာန်သို့ ပြန်လည် ဖော်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ် ကြပါသည်။

ထိန်းချုပ်မှု တော်တော်များများက လူနည်းစုကို အခွင့်ကောင်း ပေးပေမယ့် လူများစုကနစ်နာစေတယ်။ အကျင့်ပျက် ခြစားမှုတွေ ဖြစ်စေတယ်။ လွတ်လပ်တဲ့ ဈေးကွက်ဖြစ်အောင် ပျိုးထောင်ပေး သင့်တယ်။ ဈေးကွက်ကို ၀င်စွက်မယ်ဆိုလည်း ကောင်းဖို့ စွက်ဖက်တာ ပဲဖြစ်ရမယ်  .  .  .
“ဆူလွယ်နပ်လွယ် ဈေးကွက်ဆိုတော့ နည်းနည်းလှုပ်လို့ရရင် နည်းနည်းပြန်လှုပ် ကြည့်ကြတာပါပဲ။ ကားဈေးက ပြန်တက်လာတယ်။ အရင်လတုန်းက လိုင်စင်မဲ့ကားတွေ လိုင်စင်ခွင့်ပြုပေးတဲ့ အစီအစဉ် ပြန်စမယ်ဆိုပြီး ကားတန်ဖိုးစာရင်းတွေ ထွက်လာတုန်းကတော့ ကားဈေးကွက်က အရောင်းအ၀ယ်မရှိဘဲ ငြိမ်သက်သွားတာပေါ့။ အစီအစဉ် အကောင်အထည် မပေါ်သေးတော့ မလုပ်ပေးတော့ဘူးဆိုပြီး ဈေးကွက်ထဲမှာ ပြောကြတယ်။ အဲဒီနောက်ပိုင်း ကားဈေးကို တဖြည်းဖြည်းပြန်ဆွဲ တင်ကြည့်ရာကနေ အရင်ဆုံး ခေါ်ဈေးကိုမြှင့်ပြီး ခေါ်ကြည့်လာတယ်။ ပါးစပ်ဈေးနဲ့ စတက်လာတာပေါ့။ လိုင်စင်မဲ့ကား အစီအစဉ် မလာသေးတဲ့အတွက် အသစ်သွင်းလာတဲ့ ကား နဲ့ ဈေးကွက်ထဲရှိပြီးသား ကားဘက် ပြန်လှည့်ပြီး အရောင်းအ၀ယ် လုပ်ကြတဲ့အတွက် ဈေးပြန်တက်တာ။ အခုဆို 2011 Lexus (ကနေဒါ)ဆိုရင် ကျပ်သိန်း ၃၅၀၀ ၀န်းကျင် ပြန်ဖြစ်သွားတယ်။ အရင်က ကျပ်သိန်း ၃၁၀၀ ၀န်းကျင်ပဲရှိတာ။ Alphard က ကျပ်သိန်း ၁၆၅၀ ၀န်းကျင်က နေ ၁၈၀၀၊ ၁၈၅၀ ကို ပြန်တက်လာတယ်။ Mark II 2004 ရွှေငါးဆိုရင် ကျပ်သိန်း ၁၁၀၀ ၀န်းကျင်ကနေ အခု ၁၂၅၀ ခေါ်လာတယ်”ဟု ကား ဈေးကွက်အတွင်းမှ ၀ယ်ရောင်းတစ်ဦးက ပြောကြားခဲ့သည်။
“ကျပ်သိန်း ၁၀၀၀ ၀န်းကျင်နဲ့အထက် အမြင့်ကားတွေက ကျပ် သိန်း ၁၀၀ ကနေ ၄၀၀ လောက်အထိ ပြန်တက်တယ်။ မော်ဒယ်လ်နိမ့် ကားတွေကတော့ ၁၀ သိန်း ငါးသိန်း ပြန်တက်လာတယ်။ ကားအနေအထား အလိုက်ပေါ့။ အရောင်းအ၀ယ် ကလည်း ပြန်ဖြစ်တာ ပါတာပေါ့”ဟု ကားပွဲစားတစ်ဦးက ဆိုသည်။
6441
ကာလပေါက်ဈေး ကျပ်သိန်း ၃၅၀၀ (နိုင်ငံတကာရောင်းဈေး အမေရိကန်ဒေါ်လာ ၉၀၀၀၀) တန်ကြေးရှိ လူနည်းစုသာ
စီးနိုင်သည့် Lexus LX570 2011 အမျိုးအစားကား
ကားသစ်မျိုးစုံ ဆက်တိုက်ဝင် လာသည့်အချိန်နှင့် ကားဈေးတက်သည့်အချိန် တိုက်ဆိုင်ခြင်းအပေါ် သုံးသပ်ခြင်းဖြင့် တင်သွင်းခွင့်ရသည့် အဖွဲ့အစည်း၊ ကုမ္ပဏီကြီးများ၊ အခွင့်ထူးခံများအနေဖြင့် ယခုထိတိုင်ကားဖြင့် အကျိုးအမြတ် ရှာနေဆဲဖြစ်သည်ဟုပင် သုံးသပ်ရမည်ကဲ့သို့ ဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
“အခုရက်ပိုင်းမှာ ၂၀၁၁ မော်ဒယ်လ်  Lexus အပါအ၀င် ကားသစ်မျိုးစုံ ဆက်တိုက်ဝင်နေတယ်။ ကားဈေးကလည်း တက်တယ်ဆိုတော့ တင်သွင်းရောင်းတဲ့သူတွေ ကစားတာလည်း ပါမှာပေါ့။ ပြောချင်တာကတော့ အခုထက်ထိကို လုပ်ခွင့်ရတဲ့ အဖွဲ့အစည်း၊ ကုမ္ပဏီတွေလုပ်စားလို့ ကောင်းဆဲလို့ ပြောရမလို ဖြစ်နေပြီ။ အစိုးရသစ်စပြီး တာဝန်ယူတဲ့ အချိန်မှာ ကားဈေး၊ ကားဈေးကွက် လုံးဝငြိမ်သက်သွားတယ်။ အစိုးရသစ် လက်ထက်မှာ ကားတင်သွင်း အသုံးပြုခွင့်တွေ ရရှိလာနိုင်တယ်၊ နိုင်ငံတကာနဲ့ ပြောင်းပြန်ဖြစ်နေတဲ့ အခွင့်အရေးရသူတွေ ကစားလို့ဖြစ်လာတဲ့ မတန်တဆဈေးနဲ့ မသုံးရတော့ဘူးလို့ထင်ပြီး ကားဈေးတွေ အေးကုန်တာ။ ပါမစ်လည်း အရင်လိုထွက်နေမှာ မဟုတ်ဘူးလို့ ထင်ကြတာ။ ခုထိကို ပါမစ်တွေက ထွက်တဲ့သဘောရှိနေတယ်။ ကုမ္ပဏီတစ်ခုကို အစီး ၂၀၊ အစီး ၃၀ သွင်း လာကြတုန်းလေ။ ဆိုလိုတာက ခုထက်ထိကို အခွင့်ထူးခံတွေက အများပြည်သူ မတန်တဆ ဈေးနဲ့သုံးရမယ့် ကားဈေးကွက်ကို ဖော်နေကြတုန်းပဲလို့ ပြောချင်တာပါ”ဟု ပို့ကုန်လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။
“ဒေါ်လာဈေးကျလို့ ပို့ကုန်လုပ်ငန်းရှင်တွေ ထိနေတယ်၊ မှန်ကန်တဲ့ သွင်းကုန်လုပ်ငန်းရှင်လည်း ပုံမှန်အတိုင်းပဲ ၀င်ငွေရှိနေတယ်။ ကျပ်သိန်း ၃၀၀၀ ကျော်ကားမျိုး ဘယ်သူတွေ က၀ယ်နိုင်မှာလဲ။ ဒီအခြေအနေမှာ အမြင့်ကားလည်း အများအပြား သွင်းသလို ဈေးလည်း တက်လာတယ်ဆိုတော့ အကြောင်းရှိတယ်လို့ မြင်တယ်။ ဥပမာ တခြားနည်းနဲ့ ၀င်ငွေကောင်းနေတဲ့သူတွေ၊ ကျောက်မျက်ပွဲက ၀င်ငွေရထားတဲ့သူတွေရဲ့ ၀ယ်လိုအားကို ဦးတည်ပြီး ကစားတာလို့ ထင်ပါတယ်။ မ၀ယ်နိုင်တဲ့သူများတဲ့ အနေအထားမှာ ၀ယ်နိုင်တဲ့အနေအထား နည်းနည်းကလေးကိုပါ ခြစ်ကုတ်ပြီး ကစားနေတာလို့ ထင်တယ်”ဟု ကား ဈေးကွက်အတွင်းမှ ကားပွဲစားတစ်ဦး က ဆိုသည်။
ယခုကဲ့သို့ ကားဈေးပြန်တက်ခြင်း၊ ယခင်ကကဲ့သို့ ဈေးကွက်မျိုး ပြန်လည် ဖော်ဆောင်နေခြင်းများမှာ မြန်မာ့စီးပွားရေး ပြောင်းပြန်ဖြစ်စဉ် ဖြစ်ကြောင်းကို လေ့လာသူတစ်ဦးကလည်း ”ကားဈေးတက်တာက တက်လာမယ့် လုပ်ငန်းသစ်တွေ၊ အရှိန်ရနေတဲ့ ပြည်တွင်းလုပ်ငန်းတွေကို သက်ရောက်တယ်။ လုပ်ငန်းသစ် လုပ်မယ့်သူဆိုပါတော့ ကားတစ်စီး နှစ်စီးဝယ်တာနဲ့တင် အကုန်အကျများပြီး လုပ်ငန်းအပြည့်အ၀ မဖော်ဆောင်နိုင်ဘူး။ အရှိန်ရနေတဲ့ လုပ်ငန်းတွေလည်း ထပ်ပြီးရင်းနှီးဖို့ လက်တွန့်ပြီး အရှိန်အတိုင်းမလုပ် နိုင်တဲ့အတွက် ကုန်ထုတ်လုပ်ငန်းတွေကို အဓိကထိခိုက်ပြီး စီးပွားရေး ဖွံ့ဖြိုးမှုကို နှောင့်နှေးစေနိုင်တယ်။ ပိုဆိုးတာက အခုလို ဒေါ်လာဈေး မငြိမ်သက်မှုကြောင့် လုပ်ငန်းတွေ အခက်ကြုံနေရတဲ့အချိန်မှာ ဒီလိုကား ဈေးတက်တာက ပိုထိခိုက်မှု ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်”ဟု သုံးသပ် ပြောကြားသည်။
“ကားဈေးတက်တယ် ဆိုတော့ လုပ်ငန်းထဲ သုံးမယ့်ငွေကို ကားဈေးထဲ လာကစားတဲ့သူတချို့ ရှိလာတယ်လို့ ကြားရတယ်။ ဒါကားဈေး တက်ခြင်းရဲ့ သက်ရောက်မှုပဲ။ လုပ်ငန်းမှာ အပြည့်အ၀ အသုံးချရမှာရဲ့ ပြောင်းပြန်ဆူလွယ်နပ်လွယ် ကားဈေးကွက်ထဲ ၀င်ကစားတဲ့အတွက် မှန်ကန်တဲ့မြှုပ်နှံမှု မဖြစ်တော့ဘူး။ မှန်ကန်တဲ့မြှုပ်နှံမှုတွေ နည်းပါးပြီး ကာလတို ဈေးကွက်ကောင်းလာပြီ ဆိုရင်တော့ စီးပွားရေးဖြစ်စဉ်ကို တစ်ခုခု သက်ရောက်တတ်တဲ့ သဘောရှိပါတယ်”ဟု စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့တွင် တာဝန်ယူလုပ်ကိုင်နေသူ လုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့သည်။
“ပြည်တွင်းမှာ လိုင်စင်မဲ့ကား က အစီးရေ သောင်းနဲ့ချီ ရှိနေနိုင်တယ်။ လိုင်စင်မဲ့ကားတွေ လိုင်စင်ခွင့်ပြုလိုက်မယ် ဆိုရင်တော့ နိုင်ငံတော်လည်း အခွန်ရမယ်။ လိုင်စင်မဲ့ကားကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေလည်း အေးသွားသလို ကားဈေးလည်း ပြန်ကျသွားနိုင်ပါတယ်။ အခု လုပ်စားတဲ့သူတွေကလည်း လိုင်စင်မဲ့ကား အစီအစဉ်မရှိတော့ဘူးဆိုပြီး လုပ်စားကြလို့ ကားဈေးပြန်တက်တာ။ တစ်ကယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံအနေနဲ့ ကားဈေးက တဖြည်းဖြည်းချင်း နိုင်ငံတကာ ဈေးနဲ့သုံးနိုင်တဲ့ဘက်ကို ပြောင်းသွားရမှာ။ ဒါမှမှန်ကန်တဲ့ အလားအလာဖြစ်မှာလေ။ အခုက အခွင့်ရေးရတဲ့သူတွေက ထ ကစားလိုက်၊ ပြန်တက်လိုက်၊ ပြည်တွင်းမှာလည်း အလုပ်အကိုင်ပေးနိုင်တဲ့ မှန်ကန်တဲ့ လုပ်ငန်းတွေ ပေါ်ထွက်မလာဘဲ လုပ်ငန်းရှင်တွေ ကားဈေးကွက်ထဲရောက်လိုက် သံသရာကို ပြန်ဖော်သလို ဖြစ်နေလိမ့်မယ်။ ဒါဆိုရင်တော့ အရင် ဆယ်စုနှစ်ကပုံစံကို ပြောင်းပြန်ပြန် စီးနေတာမျိုး ဖြစ်နေတယ်”ဟု စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့တစ်ခုတွင် တာဝန်ယူ လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
“ကားတင်သွင်းတာကို လွတ်လွတ်လပ်လပ် ခွင့်ပြုပေးရမှာပါ။ ထိန်းချင်ရင် အခွန်နဲ့ထိန်းရမယ်။ အများပြည်သူ အသုံးပြုတဲ့ အင်ဂျင် ပါဝါ ၃၀၀၀ စီစီအောက်ကားတွေဆိုရင် အခွန်နှုန်းနည်းနည်းနဲ့ ခွင့်ပြုပေးသင့်တယ်။ ဒါပေမယ့် အများ ပြည်သူကို အကျိုးမပြုတဲ့ Lexus လို ကားမျိုးကိုတော့ အခွန်နှုန်းကို ၅၀၀ ရာခိုင်နှုန်းကနေ ၇၀၀ ရာခိုင်နှုန်းအထိ ကောက်သင့်တယ်။ တစ်စီးကိုကျပ် သိန်း ၂၀၀၀ ကျော်အထိ အခွန်ကောက်သင့်တယ်။ တတ်နိုင်တဲ့သူစီးပေါ့။ ၃၀၀၀ စီစီအထက်ဆိုရင်ကို အခွန် နှုန်း ၅၀၀ ရာခိုင်နှုန်း ကောက်သင့်ပါတယ်။ အများပြည်သူ အသုံးပြုနေ ရတဲ့ ကားမျိုးဆိုရင်တော့ အခွန်နှုန်း အနိမ့်ဆုံးနဲ့ လွတ်လပ်စွာတင်သွင်းခွင့် ပေးသင့်တယ်။ ဒီလိုအခွန်နဲ့ထိန်းချုပ်ရင် ကားအစီးရေ အဆမတန် များပြားမယ့် အခြေအနေကို ထိန်းပြီးသားဖြစ်သလို ကားမတန်တဆ ဈေးကြီးတာကြောင့် သယ်ယူစရိတ်ကြီး မြင့်မှုဒဏ် အများပြည်သူခံရတာလည်း သက်သာမယ်လေ။ အခုက မြန်မာနိုင်ငံမှာ ဇိမ်ခံကားအစီးရေက အိမ်နီးချင်းနိုင်ငံတွေ ထက်တောင် များနေပြီ”ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် တစ်ဦးကလည်း သုံးသပ်ပြောကြားခဲ့ပါသည်။
“ပုံမှန်မဟုတ်ဘဲ ကာလတိုဈေးကွက်တွေ ဖွံ့ဖြိုးတာဟာ မြန်မာ့စီးပွားရေး ဖြစ်စဉ်ကို ထိုက်သင့်သလောက် သက်ရောက်စေနိုင်တယ်။ အိမ်ခြံ မြေဈေးတွေဆိုရင် မကြားဖူးတဲ့နှုန်းထားတွေ ကြားရတယ်။ အခုဆို ကားဈေးတွေ တက်တယ်ဆိုတာ ကြားရတယ်။ ဒါက ငွေရှိတဲ့သူတွေပဲ ကစားနိုင်ကြတာပါ။ သာမန်လူတွေကတော့ တစ်နေ့တစ်နေ့ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ သူတို့ရဲ့  Life အတွက်ပဲ လုံးပန်းကြတာလေ။ တစ်ဖက်ကကြည့်ရင်လည်း ငွေကြေးရှိ တဲ့သူတွေ မှန်မှန်ကန်ကန် မြှုပ်နှံနိုင်မယ့် အခွင့်အလမ်းတွေ မရှိတာရယ်၊ ကာလတိုက ခဏလေးနဲ့ အကျိုးအမြတ် များနေတာကို တွေ့ရမှာပဲ။ ဥပမာ-အများပိုင် ကုမ္ပဏီတွေရှိမယ်ဆိုရင် ငွေရှိတဲ့သူက အများပိုင် ကုမ္ပဏီမှာ ရှယ်ယာဝယ်ထားမယ်။ လုပ်တတ်တဲ့သူက အများပိုင်ကုမ္ပဏီထောင်ပြီး စက်ရုံတွေ ကုန်ထုတ်လုပ်မှုတွေ လုပ်မယ်ဆိုရင် ပြည်တွင်းမှာလည်း အလုပ်အကိုင် အခွင့်အလမ်း တွေရှိလာမယ်၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ တိုးတက်လာမယ်၊ နိုင်ငံရဲ့ စီးပွားရေးကလည်း မှန်ကန်တဲ့မြှုပ်နှံမှုနဲ့အတူ တက်လာမယ်။ အခုကတော့ ပုံမှန်မဟုတ်ဘဲ အဲဒီလိုမှန်ကန်တဲ့ မြှုပ်နှံမှုတွေနည်းပြီး ကာလတိုတွေဘက်မှာ သွားများနေတာကို က ပြောင်းပြန်ဖြစ်နေတာ။ မြန်မာ့ စီးပွားရေးဖြစ်စဉ်က ဒီလိုမှန်ကန်တဲ့ မြှုပ်နှံမှုတွေ ဖော်ဆောင်ဖို့ လိုနေသေးတဲ့အတွက် ဘယ်လိုပြောရမလဲ မနူးမနပ်ဖြစ်နေတဲ့ သဘောဖြစ်နေတာ။ လိုနေတာပေါ့။ သူ့ဟာနဲ့သူ၊ သူ့နေရာနဲ့သူ မဖြစ်ဘူးဖြစ်နေတာပါ။ ဒီလိုဖြစ်တဲ့အတွက် စီးပွားရေး ဖြစ်စဉ်အပေါ်ကို သက်ရောက်တယ် လို့ပြောရတာ”ဟု ပါမောက္ခ ဒေါ်ရီရီ မြင့်က ပြောကြားခဲ့ပါသည်။
“စီးပွားရေးတည်ငြိမ်မှု ရှိဖို့ လိုပါတယ်။ တည်ငြိမ်မှုမရှိရင်  အလုပ်လုပ်ဖို့ မ၀ံ့မရဲဖြစ်လာနိုင်တယ်။ လုပ်ရင်လည်း ကာလတိုလုပ်တာမျိုး၊ မြတ်မှာသေချာတဲ့ အလုပ်မျိုးပဲလုပ်မှာပါ။ ဒီလို အဖြစ်တွေကနေ ပြောင်းလဲ နိုင်ရမယ်။  မလိုအပ်တဲ့ထိန်းချုပ်မှုတွေကို ဖြေလျော့ပေးရမယ်။  ထိန်း ချုပ်မှုတော်တော်များများက လူ နည်းစုကိုအခွင့်ကောင်းပေးပေမယ့် လူများစုကနစ်နာစေတယ်။ အကျင့် ပျက်ခြစားမှုတွေဖြစ်စေတယ်။ လွတ် လပ်တဲ့ ဈေးကွက်ဖြစ်အောင်ပျိုး ထောင်ပေးသင့်တယ်။ ဈေးကွက်ကို ၀င်စွက်မယ်ဆိုလည်းကောင်းဖို့စွက် ဖက်တာပဲဖြစ်ရမယ်။ အစိုးရဖြစ်တဲ့ အတွက် လုပ်ငန်းရှင်ဘက်ရော၊ စား သုံးသူဘက်ရောကြည့်ရမှာပါ။တစ် ခုခုလုပ်မယ်ဆို လူတန်းစားအားလုံး၊  ဖြစ်နိုင်ခြေအားလုံးကို တွက်ဆလုပ် ကိုင်ဖို့လိုတယ်။ စီးပွားရေးလုပ် တဲ့သူက ကာလတိုလုပ်တာပဲ ကိုက် ရင်ကာလတိုပဲလုပ်မှာပါ။ ဒါပေမယ့် ကာလတို ဈေးကွက်တွေထက်ကုန် ထုတ်လုပ်မှုနဲ့အိမ်တွင်းလုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေဖွံ့ဖြိုးစေမယ့် မူ ၀ါဒကောင်း ချမှတ်နိုင်ဖို့နဲ့ ပြည်တွင်း ဈေးကွက်နဲ့ ပို့ကုန်ဈေးကွက်မြှင့်တင် နိုင်ဖို့က နိုင်ငံအတွက် ပိုအရေးကြီး တယ်”ဟုစီးပွားရေးတက္ကသိုလ်ပါမော က္ခချုပ်(ငြိမ်း)ပါမောက္ခဦးမော်သန်း က ထင်မြင်ချက်ပေးပါသည်။

“ကားဈေးတက်တယ်၊ ကား ဈေးကစားတယ်။ နိုင်ငံစီးပွားရေး အပေါ် အယုံအကြည် ကင်းမဲ့တဲ့သဘောပါ။ သမ္မတကြီးက အခွင့်ထူးခံတွေ အခွင့်ထူးမရတဲ့ သာတူညီမျှစီးပွား ရေးတည်ဆောက်ဖို့ လမ်းညွှန်ထားတယ်။ အခုက အခွင့်ထူးရတဲ့ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေက ကားသွင်းခွင့်တွေရပြီး ကားဈေးကို ဆွဲတင်ဖို့ ပူးပေါင်းလုပ်ကြတယ်။ ဒါဟာ လူလတ်တန်းစားတွေ အကြီးအကျယ် အထိနာစေတယ်။ လူလတ်တန်းစားတွေရဲ့ အိတ်ထဲကငွေကို နှိုက်ရင် ဆင်းရဲသားတွေ ထိမယ်ဆိုတာ သတိပြုသင့်တယ်။ ဒီဖြစ်ရပ်ဟာ တံခါး ပြည့်ပြည့်၀၀ မဖွင့်ခင် ခြင်ယင်ပိုးမွှားတွေ ၀င်ဒုက္ခပေးတဲ့ သဘောမျိုးပါ” ဟု ဂျာနယ်လစ်တစ်ဦးက ထောက်ပြခဲ့သည်။

“ပထမရက် ၁၀၀ မှာတော့ထား ဒုတိယရက် ၁၀၀ မှာတော့ ကားဈေး တက်တယ်ဆိုတာ အစိုးရရဲ့ စီးပွားရေးမူဝါဒကို ကဖျက်ယဖျက် လုပ်နေကြတယ်လို့ မြင်တယ်။ ကားနဲ့ပတ်သက်တဲ့ အပြောင်းအလဲတချို့ မြင်ချင်ပါတယ်”ဟု ၎င်းကဆက်လက် ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ