နိုင်ငံရေးအကြံပေးအဖွဲ့တွင် ဦးကိုကိုလှိုင် (နိုင်ငံရေးသုတေသီ)အား အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ပေးအပ်ပြီး ဒေါက်တာ နေဇင်လတ် (Asian Myanmar Business Organization Co.,Ltd. Chairman) နှင့် ဦးရဲတင့်တို့ကို အဖွဲ့ဝင်များအဖြစ် ခန့်အပ် လိုက်သည်။
စီးပွားရေးအကြံပေးအဖွဲ့တွင် ဒေါက်တာဦးမြင့် (ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်စီးပွားရေးနှင့် လူမှုရေးကော်မရှင်မှ အကြီးတန်း စီးပွားရေးအရာရှိ-ငြိမ်း)က အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူလုပ်ကိုင်မည်ဖြစ်ပြီး ဦးဆက်အောင်နှင့် ဒေါက်တာတင်လှဗိုလ်တို့ အဖွဲ့ဝင်များအဖြစ် ပါဝင်မည်
ဖြစ်သည်။
ဥပဒေအကြံပေးအဖွဲ့တွင် ရဲမှူးကြီး စစ်အေး(ငြိမ်း)က အဖွဲ့ ခေါင်းဆောင်အဖြစ်တာဝန်ယူမည်ဖြစ်ပြီး ဒေါ်ခင်မျိုးမြင့်နှင့် ဦးသန်းကျော် တို့အား အဖွဲ့ဝင်များအဖြစ် ခန့်အပ်လိုက်သည်။
"နိုင်ငံတကာမှာသမ္မတကို အကြံပေးတဲ့အဖွဲ့အစည်းတွေ ဖွဲ့စည်းထားတာရှိတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို အကြံပေး အဖွဲ့တွေ ဖွဲ့စည်းလုပ်ဆောင်လာတဲ့အတွက် နိုင်ငံတကာစံချိန်ကို လိုက်နာမှုရှိတယ်လို့ ပြောလို့ရတယ်။ အကြံပေးအဖွဲ့ကို အပြင်သူတွေပါဝင်ပြီး ဖွဲ့စည်းထားတာ တွေ့ရတယ်" ဟု နိုင်ငံရေးအကြံပေးအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ဒေါက်တာနေဇင်လတ်က သုံးသပ်ပြော ဆိုသည်။
စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က"စီးပွားရေးဆိုင်ရာ လိုအပ်တဲ့အကြံပြုချက်တွေကို ပေးတာက ပေးလို့ ရတယ်။ အကြံပေးတဲ့အရာတွေကို လက်တွေ့မှာ အကောင်အထည်ဖော်ဖို့လိုတယ်"ဟု ပြောသည်။
အဆိုပါ အကြံပေးအဖွဲ့သုံးဖွဲ့တွင် ပါဝင်သည့် ပညာရှင်များသည် ယခုဧပြီလကုန်တွင် နေပြည်တော်၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် တွေ့ဆုံရန်ရှိကြောင်း သိရသည်။
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။