ဆေးကျောင်းရောက်အောင် လိုအပ်တဲ့ အရည်အချင်းတွေ ငယ်ငယ်ကတည်းက ရှိခဲ့တယ်လို့ ပြောရမလား မသိပါ။ တစ်အချက်ကတော့ အမြင့်ခုန် ၀ါသနာပါခဲ့တာပါ။ ၀ါးလုံးထောက်ခုန် (ပိုးလ်-ဂျမ့်) ပေါ့။ တနေ့တော့ ထောက်ကျင်း မထောက်မိဘဲ ခုန်လိုက်တာ ချော်ကျလို့၊ ခုနစ်တန်း ဖြေပြီး၊ ကျောက်ပတ္တီး စီးရပါရောလား။ အဲဒီတုံးက ကုလားလူမျိုး ဆရာဝန်ကို စမ်းသပ်ခဆိုလား ၁၆ ကျပ် ပေးရတဲ့ခေတ်။
နေခဲ့ရတဲ့ မုံရွာ၊ စတိတ်-တူး ကျောင်းက ဆေးပညာနဲ့ ပိုနီးတယ်။ စတိတ်-၀မ်းတွေ၊ သရီးတွေက ကြိုက်ချင်မှ ကြိုက်မှာ။ အဟုတ်ပြောတာပါ။ ၀မ်းက ဈေးနဲ့ နီးပြီး၊ စတိတ်-သရီးက လမ်းမ ဘေးမှာ။ တူးကျောင်းက ဆေးရုံကြီးနဲ့ ကပ်လျက်။ ၆ တန်း၊ ၇ တန်းတုံးက နေရတဲ့ အခန်းတွေဟာ ဆေးရုံရဲ့ Morgue (Mortuary) ရင်ခွဲရုံနဲ့ အနီးဆုံး။ လူသေတွေ သွင်းတာ၊ ထုတ်တာ ကြည့်ရဲ့တဲ့ ကျောင်းသား ကြည့်။ ရေခဲတိုက် လို့တော့ ခေါ်မရဘူး။ အနံ့တွေက ထောင်းကနည်း၊ ထောင်းကနည်း။ ဆေးကျောင်း မရောက်ခင် ပွဲမ၀င် ပြင်ကျင့်ခွင့် ရခဲ့တာပေါ့။
ကျောင်းကနေ အလုံလမ်းဖက် ထွက်ရင် ဆေးရုံဘေးက သွားရတာ။ ဆေးရုံက ပြစ်ထားတဲ့ အမှိုက်တွေထဲ ပုလင်းခွံတွေ အတိုင်းသားပေါ့။ အဲဒီခေတ်မှာ ဆေးရုံးစွန့်ပြစ်ပစ္စည်း ဘယ်လိုစွန့်ရမလဲလို့ (၀က်ဘ်ဆိုက်) တွေမှာ မရေးသေးဘူးမို့လား။ Medical waste disposal systems ဆိုတာတောင် တင်တာ မကြာလှသေးဘူး။ ကျွန်တော့်အဖို့ နှာခေါင်းယဉ်စေတဲ့ အတွက် ကျေးဇူးရှိပါတယ်။
ပုလင်းခွံတွေထဲမှာ (ပနယ်စလင်) တွေက အများဆုံး။ ဒီဆေးကို အခု မဖြစ်မှ သုံးကြတော့တယ်။ (အိုင်းယင်း-ဖလေးမင်း) စတွေ့တာ အခုဆို နှစ် ၈၀ ရှိသွားပြီပေါ့။ စပေါ်တော့ ဘာရောဂါအတွက် စွမ်းသလဲဆိုရင် “(ဂနိုးရီးယား) ကို လေး နာရီ အတွင်း အပျောက်ကုမည်” ဆိုပြီး ကြော်ငြာနိုင်ခဲ့ပါတယ်။ တကယ် အစွမ်းထက်တာကလား။ အခုတော့ Penicillin နောက် မျိုးဆက်တွေက နေရာယူနေပါပြီ။ (အင်ပစလင်)၊ (အမောက်ဆာစလင်) ဆိုတာတွေက (ပနယ်စလင်) ကနေ ဆက်တွေ့ လာတာတွေပေါ့။ အခုဆို Cef စာလုံးတွေနဲ့စတဲ့ ပဋိဇီဝဆေးဆိုတာ ပဉ္စမမျိုးဆက် အထိရောက်နေပြီ။ အတော်လည်း စွမ်းကြတယ်။
ဆေးမျိုးဆက်သစ်တွေ ပေါ်သလို ရောဂါ မျိုးဆက်သစ်တွေလည်း ပေါ်လာတယ်။ အရင်ကခေါ်ခဲ့တဲ့ (ဂနိုရီးယား) ဟာ ကာလသားရောဂါ VD ဆိုတာတွေထဲက နာမည်ကြီးပေါ့။ သူ့အပြင် (ရှန်ကာ)၊ (ဆစ်ဖလစ်)။ နောက်ပေါ်ဖြစ်လေ ဆိုးလေ။ အဲလိုဘဲ ရောဂါတွေကလည်း ခေတ်ဟောင်း၊ ကာလပေါ်တွေ၊ နောက် (ဟစ်ပ်-ဟော့ခ်)တွေ ရောက်လာနေပြီ။ လူငယ်-လူရွယ်တွေက အသစ်ဆိုရင် ချက်ချင်း ကြိုက်ချင်ကြတာကိုး။
ကျား-မ၊ ကျား-ကျား အတူနေတာကနေ ကူးတဲ့ရောဂါ STD/STI တွေမှာ အသဲရောင် B ဆိုတာက ခေတ်မီသူတိုင်း သိကြတဲ့ (HIV) ထက် အဆတရာ အကူးမြန်တယ်။ D နဲ့ E က၊ B လိုဘဲ၊ အတူနေကြတာရော၊ ဆေးထိုးအပ်ကရော၊ အမေကနေ သူ့ကလေးရော ကူးတတ်တယ်။ C ပိုးကတော့ နောက် လမ်းနှစ်သွယ်က ကူးပြီး၊ အသဲကို ပိုပြီး ပျက်စီးတတ်တယ်။ E က အသဲကင်ဆာကို ပြောင်းသွားစေတာက ထူးတယ်။ ဘာဖြစ်ဖြစ် မသက်သာပါ။ မသိလို့လဲ မဖြစ်ပြန်။ ဖြစ်ပြီဆိုရင် Liver transplantation အသဲ အစားထိုးရတဲ့ကိန်း ဆိုက်ရော့။
တဆင့်စကား၊ တဆင့်နား ပြောလိုက်ကြပါ။ အိန္ဒိယမှာ အသဲလာလဲကြတဲ့ ဗမာပြည်က လူတွေ ပြတ်တယ် မရှိဘူး။ ဒေလီက Sir Ganga Ram Hospital ဆေးရုံကို လာကြတယ်။ ကျောက်ကပ် လဲသူတွေဆို (ကိုလ်ကတ္တား) ကို လာတတ်ကြရတယ်။ အသဲ-ကျောက်ကပ် လှူတာက “ရွှေဝါရောင်” တွေ များတယ်။ ဖုန်းဖုန်းတွေပေါ့။ ကူမဲ့ ညီမဲ့ ဒေသခံ “ရွှေ” တွေလည်း ရှိပါတယ်။ အလိမ်ခံရသူတွေလည်း မရှားဘူး။ လိမ်တာက “ကုလားရွှေ” တွေ။ သတိထားပါလေ။
လူနာတွေက အမျိုးမျိုး။ ရူးပီး ၄-၅ သိန်း လွယ်သူ၊ ရှိသူ၊ ရှာနိုင်သူတွေပါ။ ဆေးရုံအနီးအနား အိမ်တွေမှာ ခေတ္တခဏ တည်းခိုပြီး၊ ဆေးကုကြရတယ်။ ကျောက်ခေတ် နံရံဆေးရေးပန်းချီတွေဟာ အဲဒီခေတ်က လူသားတွေ ဘယ်လိုဟာတွေလဲလို့ သိစေနိုင်တယ်။ ဆေးရုံဝန်းကျင်က အိမ်နံရံတွေကလည်း တည်းခိုသွားတဲ့ လူတွေအကြောင်း ကောင်းကောင်း ပြောပြနေတယ်။ တိုင်းပြည်ဖခင် နာမည် ရေးသွားသူလည်း ရှိတယ်။ နောက်ရောက်လူက အတင်း ဖျက်ခိုင်းတဲ့သူမျိုးလည်း လာတည်းတယ်။
ရောဂါ ဝေဒနာတွေကတော့ ဘယ်သူ့ကိုမှ မညှာဘူး။ လေးစားရမဲ့ ပုဂ္ဂိုလ်မျိုးကို အောက်မေ့သူရဲ့ စိတ်သန္တာန်မှာ လေးစာမှု၊ ကြည်ညိုစိတ်တွေ ရှိနေပါလိမ့်မယ်။ နောက်တယောက်မှာ မနာလိုမှု၊ မုန်းတီးစိတ်တွေ ဖြစ်နေနိုင်တယ်။ ဆရာဝန်တွေ မတတ်နိုင်တဲ့ ရောဂါမျိုးဖြစ်လာရင် ကံကောင်းနေဘို့ လိုတယ်။ ကံတရား ကောင်းအောင် စိတ်ထား ကောင်းရပါလိမ့်မယ်။ “အားလုံး ကံကောင်းကြပါစေ။”
Dr. တင့်ဆွေ
၅-၇-၂၀၁၀

0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။