Welcome to my blog :)

rss

Sunday, July 24, 2011

SMES လုပ်ငန်းများအား စည်းကမ်းချက် ၁၂ ချက်၊ အတိုးနှုန်း ၁၅ ရာခိုင်နှုန်းဖြင့် ငွေထုတ်ချေးရန်သတ်မှတ် လူသုံးကုန်လုပ်ငန်းနှင့် စားသောက်ကုန်လုပ်ငန်း ငါးခု ငွေထုတ်ချေးရန် တင်ပြထား

AddThis Social Bookmark Button 6435
အသေးစား အလတ်စား စက်မှုလုပ်ငန်းများအား မြန်မာနိုင်ငံ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အထူးချေးငွေထုတ်ချေး ပေးရာတွင် စည်းကမ်းချက် ၁၂ ချက် သတ်မှတ်ထားရှိပြီး အတိုးနှုန်း ၁၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါစည်းကမ်းချက်များဖြင့် အထူးချေးငွေ ထုတ်ချေးရန် အသေးစား အလတ်စားလုပ်ငန်းငါးခုက လာရောက်တင်ပြထားကြောင်း သတင်းရရှိသည်။
စည်းကမ်းချက် ၁၂ ချက်တွင် ထုတ်ချေးသူများအတွက် နှောင့်နှေး စေနိုင်သည့်အချက်မှာ ယခင်က ဘဏ်တွင်ထုတ်ချေးသကဲ့သို့ပင် အာမခံပေးအပ်သည့် အပေါင်ပစ္စည်း ထားရှိရမည် ဆိုသည့်အချက် ပြန်လည် ပါဝင်လာကြောင်း လုပ်ငန်း ရှင်များက ဆိုသည်။
သက်သာခွင့်အနေဖြင့် ဘဏ်တွင်ထုတ်ချေးပါက အတိုးနှုန်း ၁၇ ရာခိုင်နှုန်းပေးရမည် ဖြစ်သော်လည်း ယခုအခါတွင်မူ အတိုးနှုန်း ၁၅ ရာ ခိုင်နှုန်းဖြင့်ထုတ်ချေးပေးရန်သတ် မှတ်ထားချက်ဖြစ်ကြောင်း၊ ပိုင်ဆိုင်မှုပြကာ ဘဏ်တိုင်းတွင်ငွေ အလွယ်တကူ ထုတ်ချေးခွင့် မရနိုင်သော်လည်း အထူးချေးငွေဖြစ်၍ လိုအပ်သည်ကို သတ်မှတ်စည်းကမ်းဖြင့် ကိုက်ညီပါကထုတ်ချေးခွင့်ရနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
“လုပ်ငန်းအတွက် လိုအပ်တဲ့ ချေးငွေလာတင်တဲ့လုပ်ငန်းရှင်တွေ ကို MIA ၊ မြန်မာနိုင်ငံစက်မှု လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ထောက်ခံပေးမယ်။ အချက်တွေနဲ့ ကိုက်ညီမှုရှိရင် လာတင်တာနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးမယ်။ ချေးငွေတင်ဖို့ ထောက်ခံချက်လာယူတဲ့ လုပ်ငန်းရှင်တွေ သိချင်တာတွေကို MIA က ဆွေးနွေးပေးမယ်။ မရှင်းတာရှိရင်တော့ မြန်မာနိုင်ငံစက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်က တာဝန်ရှိသူ နဲ့ချိတ်ပေးမယ်။ ဘဏ်နဲ့ဆက်နွှယ် ပြီး လုပ်ရတာဖြစ်လို့ အာမခံပစ္စည်း တင်ပြတဲ့အချက်ပါလာပါတယ်။ MIA အနေနဲ့ကတော့ လုပ်ငန်း အနေအထား ကိုကြည့်ပြီး ထောက်ခံတာပါ။ ငွေကြေးကိစ္စက ဘဏ်နဲ့လုပ်ရတာဖြစ်တဲ့ အတွက်ဘဏ်ရဲ့ စည်းကမ်းအတိုင်းပဲ။ အထူးချေးငွေဖြစ်လို့ သတ်မှတ်ချက်နဲ့ ညီရင် အမြန်ဆုံး ချပေးပါတယ်”ဟု မြန်မာနိုင်ငံစက်မှုကုန် ထုတ်လုပ်သူများအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“အရင် အစည်းအဝေးတွေမှာတော့ အပေါင်ပစ္စည်း ထားစရာမလိုဘူးဆိုပြီး တာဝန်ရှိသူတွေက ပြောခဲ့တယ်။ ဒါပေမယ့် အခုကတော့ အာမခံအပေါင်ပစ္စည်း ထားရမယ့် အချက် ပြန်ပါလာတယ်။ လုပ်ငန်း အောင်မြင်တာ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတာ လုပ်ငန်းရှေ့ အလားအလာ ကောင်းနေတာတွေက အဓိကမကျဘဲ အာမခံအပေါင်ပစ္စည်းက အဓိကလို ဖြစ်သွားတဲ့အတွက်တော့ နည်းနည်း ထုတ်ချေးရခက် သွားပါတယ်။ ကိုယ်လိုတဲ့ ငွေပမာဏနဲ့ ကိုယ်တင်နိုင်တဲ့ အာမခံပစ္စည်းပမာဏ မကိုက်ရင် လိုသလောက် မရဘူးဖြစ်သွားမှာပေါ့။ ဒါပေမယ့် ကောင်းတာကတော့ ဘဏ်တိုင်းမှာ အလွယ်တကူ မချေးနိုင်တာ ချေးနိုင်မယ်၊ အတိုးနှုန်းသက်သာခွင့် နည်းနည်းရမယ် ဒါကတော့ ကောင်းတယ်။ အစပိုင်းမို့လို့ ဒီလို ထုတ်ချေးတာထင်ပါတယ်။ နောက်ပိုင်းမှာတော့ ယုံကြည်ရမှုကိုကြည့်ပြီး ထုတ်ချေးတဲ့ ပုံစံဖြစ်သွားလိမ့်မယ် ထင်ပါ တယ်”ဟု လူသုံးကုန်ပစ္စည်းစက်ရုံ တည်ထောင်ထားသူ လုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့သည်။
“ဘဏ်မှာ ချေးတဲ့အတိုင်းပဲလို့ ပြောရမှာပဲ။ သိပ်မကွာဘူး။ ဒါကလည်း လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကြောင့်လို့ ထင်ပါတယ်။ အပေါင်မပါဘဲ ထုတ်ချေးပေးဖို့တောင် တရားဝင် အစည်းအဝေးတွေမှာ ပြောပြီးသားလေ။ လုပ်ရကိုင်ရခက်လို့ အဆင်ပြေသလို လုပ်ပေးတဲ့သဘော ဖြစ်ပါလိမ့်မယ်။ ထုတ်ချေးပေးတာကပဲ ကောင်းတယ်လို့ ပြောရမှာပါ။ နောက်ပိုင်းမှာတော့ ဘဏ်စည်းမျဉ်း စည်းကမ်းတွေ လျှော့ချရင် အပေါင်မလိုဘဲ ချေးလို့ရနိုင်မယ် ထင်ပါတယ်။ ကျွန်တော်တို့က လုပ်ငန်းသေးတော့ အပေါင်ထားပြီး ချေးလည်းရတဲ့ငွေနဲ့ လုပ်ငန်းသစ် မချဲ့နိုင်မယ့်အတူတူ အပေါင်မလိုဘဲ ချေးတဲ့အချိန်အထိ စောင့်ရမှာပဲ”ဟု စားသောက်ကုန်လုပ်ငန်း လုပ်ကိုင် သူတစ်ဦးက ရှင်းပြခဲ့သည်။
လက်ရှိ ထုတ်ချေးရန်တင်ပြထားသည့် လုပ်ငန်းငါးခုမှာ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း များထုတ်လုပ်သည့် လုပ်ငန်းဖြစ်ကြောင်း သိရသည်။
အထူးချေးငွေအတွက် လိုအပ်သည့် စာရွက်စာတမ်း သတ်မှတ်ချက်များ  (၁)     ဘဏ်ချေးငွေလျှောက်လွှာ
(၂)     ချေးငွေလျှောက်ထားသူ၏ လိုင်စင်ဓာတ်ပုံ နှစ်ပုံ
(၃)     အာမခံပေးသည့် ပစ္စည်းစာရင်းအတွက် ကာလတန်ဖိုး
(၄)     ဆောင်ရွက်နေသောလုပ်ငန်းအတွက် အရှုံးအမြတ်စာရင်းနှင့် အခွန်ပြေစာမိတ္တူ
(၅)     ကတိဝန်ခံချက်
(၆)     ငွေချေးသူမှတာဝန်ယူမြွက်ဆိုချက်
(၇)     မှတ်ပုံတင်မိတ္တူနှင့် အိမ်ထောင်စုစာရင်းမိတ္တူ
(၈)     ဘဏ်သို့ အာမခံပေးအပ်သည့် အပေါင်ပစ္စည်းအတွက် ဇနီး/ခင်ပွန်းမှ ကန့်ကွက်ရန်မရှိ သဘောတူညီကြောင်းစာ။
(၉)     သက်တမ်းရှိလိုင်စင်
(၁၀)    အာမခံပေးအပ်သည့် အပေါင်ပစ္စည်းအတွက် ပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတမ်းများ
(၁၁)    အာမခံပေးအပ်သည့် အဆောက်အဦဓာတ်ပုံနှင့် လုပ်ငန်းမှတ်ပုံတင် ဓာတ်ပုံ
(၁၂)    ကုမ္ပဏီလုပ်ငန်းဖြစ်ပါက သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်း၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ Form 6, Form 26, Form E အစည်းအဝေးမှတ်တမ်း

ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းသည် ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆိပ်ကမ်းထက် ၁၀ ဆကြီးမား ၊ တရုတ် နှင့် ထိုင်းနိုင်ငံမှ ကုမ္ပဏီများ အလားအလာ အကောင်းဆုံး ရင်းနှီးမြှုပ်နှံသူများ ဖြစ်လာနိုင်

AddThis Social Bookmark Button
6431
ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်း လုပ်ငန်းခွင်တစ်နေရာကို ၂၀၁၁ ခုနှစ် ဇွန်လဆန်းပိုင်းက တွေ့ရစဉ်
ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းသည် ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆိပ်ကမ်းဖြစ်သော Laem Chabang ဆိပ်ကမ်းထက် ၁၀ ဆ ကြီးမားကြောင်းနှင့် ဒေသတွင်းနိုင်ငံများ ဖြစ်သော တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများ မှာ အဓိက ရင်းနှီးမြှုပ်နှံသူများ ဖြစ်လာနိုင်ကြောင်း သုံးသပ်ကြပြီး လတ်တလော အခြေအနေတွင်မူ ထိုင်းနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီတစ်ခုဖြစ်သော PTT ကမူ ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုများအား ပြန်လည်သုံးသပ် စဉ်းစားသွားမည်ဟု ကြားသိရသည်။
“အဓိက ထားဝယ်စက်မှုဇုန်မှာ ရင်းနှီးမြှုပ်နှံသူတွေမှာ တရုတ်နိုင်ငံ နဲ့ ထိုင်းနိုင်ငံက ကုမ္ပဏီတွေပဲ ဖြစ်မှာပါ။ ဂျပန်နိုင်ငံကနီပွန်စတီးကုမ္ပဏီ ကလည်း ရင်းနှီးမြှုပ်နှံလာဖွယ် ရှိပါ တယ်။ ဒါပေမယ့် လတ်တလောမှာတော့ PTTကုမ္ပဏီက ထားဝယ်ရေနက် ဆိပ်ကမ်းမှာပြုလုပ်မယ့် ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ စဉ်းစား သုံးသပ်သွားမယ်လို့ ကြားသိရပါတယ်”ဟု ထိုင်းနိုင်ငံရှိ ဘန်ကောက်ပို့စ် သတင်းစာမှ သတင်းထောက်တစ်ဦးက PTT ၏ အကြံပေး ဖြစ်သူ Mr. Chainoi Puankosoom ၏ပြောကြားချက်အား ကိုးကား၍ ပြောပြခဲ့သည်။
အဆိုပါ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအား ထိုင်းနိုင်ငံ Italian-Thai Development ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်ခြင်းဖြစ်ပြီး လတ်တလောတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလျံရှိကြောင်းနှင့် နောက်ထပ် ခြောက်ဘီလျံ တိုးမြှင့်သွားဖွယ်ရှိကြောင်း သိရှိရသည်။

အဓိက ထားဝယ်စက်မှုဇုန်မှာ ရင်းနှီးမြှုပ်နှံသူတွေမှာ တရုတ် နိုင်ငံနဲ့ထိုင်းနိုင်ငံက ကုမ္ပဏီတွေပဲ ဖြစ်မှာပါ။ ဂျပန်နိုင်ငံကနီပွန်စတီး ကုမ္ပဏီကလည်း ရင်းနှီးမြှုပ်နှံလာဖွယ် ရှိပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ PTT ကုမ္ပဏီက ထားဝယ်ရေနက် ဆိပ်ကမ်းမှာ ပြုလုပ်မယ့် ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ စဉ်းစားသုံးသပ်သွားမယ်လို့ ကြားသိရပါတယ် . . .
ထားဝယ်ဒေသတွင် ထိုင်းနိုင်ငံ ကန်ချနပူရီသို့ သွယ်တန်းဖောက်လုပ်သည့် စူပါဟိုင်းဝေးကားလမ်း၊ ရထားလမ်းများ ပေါ်ပေါက်လာမည် ဖြစ်သည့်အတွက် ဒေသအတွက် ကုန်စည်စီးဆင်းမှုများ တိုးပွားလာနိုင်ကြောင်း၊ ထို့အပြင် ရော်ဘာ၊ ရေလုပ်ငန်း၊ မွေးမြူရေးနှင့် စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းများ အလားအလာ ကောင်းနိုင်ကြောင်း သုံးသပ်မှုများ ရှိသကဲ့သို့ အခြားတစ်ဖက်တွင်လည်း မြေယာနှင့်ပတ်သက်သော အရှုပ်အရှင်းများလည်း ဖြစ်လာနိုင်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများရှိလာ နိုင်သကဲ့သို့ လူနေမှု ကုန်ကျစရိတ်လည်း မြင့်တက်လာနိုင်ကြောင်း သုံးသပ်ကြသည်။
ထို့အတူပင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စများနှင့် ပတ်သက်၍မူ တိကျခိုင်မာသည့် ဥပဒေများဖြင့် ပြဋ္ဌာန်းထားခြင်း မရှိသေးသဖြင့် Dirty Industries များ တိုးပွား လာဖွယ်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး စီမံကိန်းများ ချမှတ်ထားမှုပိုင်းတွင်လည်း များစွာ အားနည်းချက်ရှိနေကြောင်း၊ ဆိုးကျိုးများအဖြစ် ဒေသတွင်းရှိ သစ်တောများ ပြုန်းတီးလာနိုင်ခြင်း၊ မြစ် ချောင်းများ တိမ်ကောလာနိုင်ခြင်း၊ ရာသီဥတုမမျှတသည့် ပြဿနာများလည်း ရှိလာနိုင်ကြောင်းနှင့် ယင်းနှင့်ဆက်စပ်၍ ဒေသခံတို့၏ ကျန်းမာရေးပိုင်းတွင်လည်း ထိခိုက်မှုများ ဖြစ်လာနိုင်ကြောင်း သိရသည်။
“ထားဝယ်အထူးစီးပွားရေးဇုန် မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေတာ က တရုတ်ကုမ္ပဏီ၊ ထိုင်းကုမ္ပဏီတွေ ပါ။ ဂျပန်က နီပွန်ကုမ္ပဏီကလည်း စိတ်ဝင်စားနေတယ်။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့   ကန့်သတ်မှုတွေ မရှိတဲ့အတွက်ရော စီးပွားရေးဇုန်နဲ့ပတ်သက်တဲ့ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီ ဆိုတဲ့အတွက်ရော ဒီနေရာမှာ တခြားနေရာတွေမှာ ကန့် သတ်ထားတဲ့ စက်မှုလုပ်ငန်းတွေ ၀င်ရောက်လာနိုင်တယ်။ ဒါပေမယ့် လတ်တလောမှာတော့ ထိုင်းနိုင်ငံက PTT ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုကို ပြန်လည် သုံးသပ်သွားမယ်ဆိုတဲ့ သတင်းမျိုးလည်း ဖြစ်နေတယ်။ အခုတည်ဆောက်ရေး လုပ်ငန်းအဆင့်မှာတင် ရှစ်ဘီလျံ ရင်းနှီးမြှုပ်နှံထားတယ်ဆိုတော့ ရင်းနှီးမြှုပ်နှံငွေက ဘီလျံ ၁၅ ဆဆိုတော့ ၁၀၀ ဘီလျံ ကျော်သွားလိမ့်မယ်။ ရလာမယ့် အကျိုးအမြတ်နဲ့ ဘယ်လောက်ရမလဲ ဆိုတော့နဲ့ နှစ် ၆၀ စာချုပ်နဲ့ဆိုတော့ ရေရှည်လုပ်ငန်း တစ်ခုဖြစ်နေတဲ့အတွက် စဉ်းစားတာမျိုးလို့ သိရပါတယ်”ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တစ်ဦးက သုံးသပ်ပြသည်။
ဖွံ့ဖြိုးတိုးတက်မှုအား ဖော်ဆောင်ရာတွင် စီးပွားရေးအခြေခံ အဆောက်အအုံများ၊ ခိုင်မာသည့် ငွေကြေးစနစ် နှင့် ဘဏ်စနစ်၊ နိုင်ငံရေးတည်ငြိမ်မှု၊ ဥပဒေပြုစနစ်၊ တရားစီရင်ရေးစနစ်၊ အစိုးရယန္တရားစသည်တို့ ပါဝင်သည့် အဖွဲ့အစည်းဆိုင်ရာ အခြေခံ အဆောက်အအုံ(Institutional Infrastructure) များ၊  ဆေးရုံ၊ ကျန်းမာရေး ၀န်ဆောင်မှု၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ် ကောလိပ်များ၊ လူမှုဖူလုံရေးစနစ် စသည့် လူမှုရေးအခြေခံအဆောက် အအုံ(Social Infrastructure  ) များ၊ ပြတိုက်များ၊ စာကြည့်တိုက်များ ပါဝင်သည့် ယဉ်ကျေးမှု အဆောက်အအုံ  (Cultural Infrastructure)များပါဝင် ကြောင်း သိရှိရသည်။
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် အထူးစီးပွားရေးဇုန်ဥပဒေအား အတည်ပြုပြဋ္ဌာန်းပြီး ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းများ ရင်း နှီးမြှုပ်နှံမှုများပြုလုပ်ရန် ၀င်ရောက်လာတော့မည်ဖြစ်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အကျိုးဆက်များအတွက် လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများအား အတိုင်းအတာတစ်ခုထိ လျှော့ချနိုင်ရန် တာဝန်ယူမှု အပြည့်ရှိသော Cor-porate Social Responsible ရှိသည့် စီးပွားရေးလုပ်ငန်းကြီးများ ၀င်ရောက် လာခြင်းဖြင့်သာ ရေရှည်တည်တံ့သော တိုးတက်မှုအား ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များ၏ သုံးသပ်ချက်များအရ သိရှိရသည်။
များသောအားဖြင့် fhdevelopment  အား ဖော်ဆောင်ရာတွင် သက်ဆိုင်ရာ negative impact များ ရိုက်ခတ်မှုများ ခံရတတ်သောကြောင့် အလုံးစုံ ကာကွယ်မှု မပြုနိုင်သော်လည်း ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု (sustainable developmet) ဖြစ်ရန် အတွက်ခိုင်မာသော (precautionary measure) များ ပြုလုပ်ခြင်းဖြင့်သာ ဆိုးကျိုး သက်ရောက်မှုများအား လျှော့ချနိုင်မည်ဟုလည်း သုံးသပ်ကြသည်။
“ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရပါတယ်။ ဖိတ်တဲ့အခါ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေထဲမှာမှ responsible corporation တွေကတော့ သူတို့လုပ်လိုက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရိုက်ခတ်မှုတွေ မရှိအောင် တာဝန်ယူရလေ့ရှိပါတယ်။ အဲဒီအတွက် သူတို့လုပ်ငန်းကြောင့် ထိခိုက်မှုမရှိအောင်၊ နည်းအောင် precautionary measure တွေ ယူကြရတယ်။ တကယ်တော့ ကျွန်တော်တို့နိုင်ငံကို လာတဲ့အထဲမှာ တာဝန်ယူမှုအပြည့်ရှိတဲ့ လုပ်ငန်းတွေ ရောက်လာဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ အိမ်နီးနားချင်း က small and medium enterprises  တွေလောက်ပဲ ၀င်လာမယ်ဆိုရင်တော့ တာဝန်ယူမှုဆိုတာ ပါလာဖို့ နည်းပါတယ်။ ဥပမာ အိမ်နီးချင်းနိုင်ငံတွေထဲက တရုတ်နိုင်ငံပဲ ထားပါတော့ သူတို့မှာလည်း တကယ့် fhResponsible Business Corporation ရှိပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ဘာတာဝန်ယူမှုမှ မရှိတဲ့ စီးပွားရေးကျင့်ဝတ် နည်းတဲ့ ကုမ္ပဏီတွေ ၀င်ရောက်လာရင် ဒီသက်ရောက်မှုကိုခံရမှာက ဒီနိုင်ငံမှာ ရှိတဲ့ ဒေသခံပြည်သူတွေပဲ ဖြစ်မှာပါ။ အဲဒီလို Business Ethics  မရှိတဲ့ smes  တွေကြောင့် သဘာဝပတ်ဝန်းကျင်တို့၊ လူမှုရေးတို့၊ စီးပွားရေးတို့ မှာ ဆိုးကျိုးတွေ အများကြီး ရလာနိုင်ပါတယ်။ ဒီလို ဖြစ်လာရင်တော့ ဒီကုမ္ပဏီတွေက ဂရုစိုက်တတ်ကြသလား ဆိုတော့ ပြန်ကြည့်ရင် ကုမ္ပဏီ သေးသေးလေးတွေမှာ သူတို့ရဲ့ interest က commercial interest ကိုပဲကြည့်တတ်ကြပါတယ်။ သေးတဲ့ ကုမ္ပဏီတွေရဲ့သဘောက ဒီအတိုင်းပဲ ဘယ်သူ့အတွက်မှ မကြည့်နိုင်ဘူး။ လုပ်ငန်းရှင်သန်ဖို့ပဲ ကြည့်ကြပါတယ်။ ကြီးလာတဲ့အခါ standard တစ်ခု ရှိလာတဲ့အခါ တာဝန်ယူမှု ရှိလာတယ်။ ဥပမာ ကုမ္ပဏီသေးသေးလေးက မဟုတ်တာလုပ်လို့ ပြဿနာဖြစ်ရင် ဒီကုမ္ပဏီကို ဖျက်ပြီးနောက် ကုမ္ပဏီပြန်ထောင်လို့ရတယ်။ အကြီးကြီးကျတော့ ဖျက်လို့မရဘူး။ တရားစွဲ ခံရရင် ဒုက္ခရောက်တော့မယ်။ သေးသေးမွှားမွှားလေး ကအစ ဂရုစိုက်ရတယ်။ ဒီလိုကုမ္ပဏီကြီးတွေ မဟုတ်ဘဲ သေးသေးမွှားမွှားလေးတွေ ရောက်လာရင် ပြဿနာရှိပါတယ်”ဟု Asia Development Research  Institute ၏ Founder ဖြစ်သူ  ဦးဆက်အောင် က ပြောပြခဲ့သည်။
အလားတူ ဒေသခံစီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာများအနက် သဘာဝပတ်ဝန်းကျင် ဆိုင်ရာထိခိုက်မှုများမှာ ပို၍ အဓိကကျနေပြီး ယင်းသဘာဝ ပတ်ဝန်းကျင်ပြဿနာမှာ နယ်စပ်ဖြတ်ကျော် သက်ရောက်မှုများ ရှိနေသည့်အတွက် သဘာဝပတ်ဝန်းကျင် လုံခြုံရေးအား ပို၍ဂရုပြုရန် လိုအပ်လာကြောင်းလည်း  သိရှိရသည်။
“တကယ်တော့ သဘာဝပတ်ဝန်းကျင် ပြဿနာဆိုတာ အမြဲတမ်း transboundary ဖြစ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးဆက်က ဒီကို ရောက်လာနိုင်သလို ကျွန်တော်တို့ဆီ က အကျိုးဆက်ကလည်း တခြား အိမ်နီးချင်းနိုင်ငံတွေကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ်မှာ environmental security ဆိုပြီး ထည့်တွက်ဖို့ လိုအပ်လာပေမယ့် ဒီအပေါ်မှာတော့ Assessment  တွေ သိပ်မလုပ်နိုင်သေးပါဘူး။ ကျွန်တော်တို့တွေ လုပ်လိုက်တဲ့အတွက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေ ရှိပေမယ့် အဲဒီလိုဆိုးကျိုးတွေက ကျွန်တော်တို့ လုပ်လိုက်လို့ဖြစ်တယ်ဆိုတာ ဆက်စပ်ပြီးမသိကြဘူး။ အဲဒီလို ဆက်စပ်မှုမရှိတာကို ဆက်စပ်မှုရှိတယ်ဆိုတဲ့ awareness ကို ပေးနိုင်ရမယ်။ တော်တော်များများက ငါတို့ တစ်သက် မဖြစ်တော့ဘူးဆိုပြီး တစ်သက်စာပဲ စဉ်းစားကြတယ်။ ကိုယ့် တစ်သက်စာ ဒုက္ခမရောက်နိုင်သေး ဘူးဆိုပေမယ့် ကိုယ့်မျိုးဆက်တွေ ဒုက္ခရောက်တာကို မကာကွယ်လို့မရပါဘူး။ ငါတို့သေပြီးမှ ဖြစ်ချင်တာ ဖြစ်ဆိုတဲ့  mentality  အပ မျိုးတွေရှိရင်တော့ ဘယ်လိုမှ လူ့အဖွဲ့အစည်းမှာ အဆင်ပြေမှာ မဟုတ်ပါဘူး” ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်သူ greener တစ်ဦး ကလည်း သုံးသပ် ပြောကြားခဲ့သည်။
ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်း
 ၂၀၀၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံ Italian-Thai Development PCL နှင့် မြန်မာ နှစ်နိုင်ငံအစိုးရများ နားလည်မှု စာချွန်လွှာရေးထိုး။
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ တာဝန်ရှိသူများ မူဘောင်သဘောတူညီမှုစာချုပ် (oncession Signing) အား လက်မှတ်ရေးထိုး။
၂၀၁၀ မှ ၂၀၁၄ အထိ ငါးနှစ်စီမံကိန်းအဖြစ် တည်ဆောက်ရေး လုပ်ငန်းအဆင့် - ၁၊
၂၀၁၃ မှ ၂၀၁၇ အထိ တည်ဆောက်ရေး လုပ်ငန်းအဆင့် - ၂၊
၂၀၁၅ မှ ၂၀၁၉ အထိ တည်ဆောက်ရေး လုပ်ငန်းအဆင့် - ၃  သတ်မှတ် အကောင်အထည်ဖော်။
၂၀၁၀ မှ ၂၀၁၉ အထိ ၁၀ နှစ်အတွင်း အပြီးအစီးတည်ဆောက်မည့် စီမံကိန်းဖြစ်။
လမ်းပန်းဆက်သွယ်ရေး
ထားဝယ်ရေနက်ဆိပ်ကမ်း စက်မှုဇုန်နယ်မြေနှင့် ထိုင်းနိုင်ငံ ကန်ချနပူရီသို့ သွယ်တန်း ဖောက်လုပ်မည့် ၁၀၅ မိုင်အရှည်ရှိ ရှစ်လမ်းသွား စူပါဟိုင်းဝေး ကားလမ်းပါရှိ။
ရထားလမ်း၊ ဓာတ်အားလိုင်းများ၊ ရေနံ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် နယ်ခြားဝင်ထွက်ဇုန် များပါဝင်။
နှစ် ၆၀ (B.O.T) တည်ဆောက်၊ မောင်းနှင်၊ လွှဲပြောင်းစနစ်ဖြင့် အကောင်အထည်ဖော်။

လက်ရှိပေါ်ပေါက်နေသော လယ်ယာလုပ်ငန်းခွင်ရှိ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် စပါးတင်း ၁၀၀ လျှင် အနည်းဆုံးဈေး ကျပ်လေးသိန်းအထိ ဈေးနှုန်း အာမခံချက် ပေးသွားမည်ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းဥက္ကဋ္ဌ ပြောကြား

လက်ရှိအခြေအနေသည် စပါးဈေးများ ကျဆင်းနေသောကြောင့် လည်းကောင်း၊ ရာသီဥတုကြောင့် လည်းကောင်း တောင်သူများအရင်အနှီး ထည့်ဝင်နိုင်မှု အခက်အခဲများနှင့် ကြုံတွေ့နေရသော အချိန်ဖြစ်သဖြင့် စပါးတင်း ၁၀၀ လျှင် အနည်းဆုံးဈေး အဖြစ် ကျပ်လေးသိန်းပေး၍ ၀ယ်ယူသွားမည်ဆိုသော မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်၏ ပြောကြားချက်ကို တောင်သူအများစု က ကြိုဆိုလက်ခံကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် စပါးဈေး မှာတင်း ၁၀၀ လျှင် ကျပ် ၃၀၀၀၀၀ ၀န်းကျင်သာ ရရှိသောကြောင့်၊ စပါး ဈေးနှုန်းမှာ ထုတ်လုပ်မှုကုန်ကျစရိတ်ကို မကာမိလှကြောင်းလည်း သိရသည်။
“ဒီနှစ် ရာသီဥတုဖျက်တဲ့အတွက် သီးနှံတွေရဲ့ အရည်အသွေးကျဆင်းမှုနဲ့အတူ တစ်ဖက်ကလည်း ဈေးနှုန်းနဲ့ ၀ယ်လိုအား ကျဆင်းသွားတာကြောင့် စပါးဈေးက မကောင်းလှပါဘူး။ တကယ်လို့ အထွက်တိုးတယ် ဆိုရင်တော့လည်း ဈေးမကောင်းတောင် ခံသာပါသေးတယ်။ အခုက ဈေးကလည်းမကောင်း၊ အထွက်နှုန်းလည်း မကောင်းတဲ့အတွက် တောင်သူတွေ နာလန်မထူနိုင်ကြဘူး။ အခုလို ဈေးနှုန်း အာမခံချက်ပေးတဲ့အတွက် အရမ်း ၀မ်းသာပါတယ်။ ဒါတောင် လတ်တလောမှာ တောင်သူတွေ အရင်းအနှီး ထည့်ဝင်နိုင်မှု အားနည်းနေပါသေးတယ်။ တချို့ အကျိုးဆောင် ကုမ္ပဏီတွေကတော့ ချေးပေးတာမျိုး ရှိပေမယ့် တချို့ကျတော့လည်း လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားတွေအရ သိပ်ပြီး မရင်းနှီး မမြှုပ်နှံချင်ကြပါဘူး။ တချို့က ၁၀၀ ကို ၂ ကျပ် တိုးနဲ့ ချေးပေးပါတယ်”ဟု ပဲခူးတိုင်းဒေသကြီးမှ တောင်သူကြီးတစ်ဦးက ပြောပြခဲ့သည်။
လတ်တလော အခြေအနေသည် လယ်ယာ လုပ်ငန်းခွင်သည် အဘက်ဘက်မှ ကျဆင်းနေသော အခြေအနေ ဖြစ်သောကြောင့် အရင်းအနှီးထည့် ထည့်ဝင်ပေးနိုင်မှု၊ မျိုးစပါးကောင်းများ ဖြန့်ဝေပေးနိုင်မှုနှင့်အတူ နည်းပညာများ လက်ကမ်းပေးနိုင်မှုတို့မှာ များစွာ အရေးပါကြောင်းနှင့် အလားတူပင် တောင်သူအချို့ လယ်ယာ လုပ်ငန်းခွင်မှ စွန့်ခွာမှုများ ရှိနေသည့်အတွက် ထိုက်သင့်သော ယုံကြည်မှုအား ပြန်လည် အသက်သွင်းပေးနိုင်ရန်လည်း လိုအပ်ကြောင်း သုံးသပ်မှုလည်း ရှိလာသည်။

စပါး တင်း ၁၀၀ ကို ကျပ် လေးသိန်း ပေးမယ်ဆိုတာက တစ်ဧက အထွက်နှုန်း တင်း ၁၀၀ ထွက်မှပေးမှာပါ။ ပြီးပြီးရောဆိုပြီးတော့ ပေးမှာ မဟုတ်ဘူး။ တောင်သူတွေဘက်ကလည်း ဖြစ်သလိုစိုက်တာမျိုး၊ ဖြစ်သလို ကြဲတာမျိုးလုပ်လို့ တင်း ၁၀၀ မထွက်ဘူးဆိုရင် ကျွန်တော်တို့ဘက်က ပေးမှာ မဟုတ်ပါဘူး
“လယ်ယာ လုပ်ငန်းခွင်ကို အခု နောက်ပိုင်း တောင်သူတွေ စွန့်ခွာလာတဲ့ အချက်တစ်ခုကတော့ ရာသီဥတုကြောင့်ပါ။ ဒါကတော့ ဘယ်သူမှ ဖန်တီးလို့မရပါဘူး။ တစ်ခုပဲရှိတယ် ကြိုတင်ကာကွယ်လို့ရအောင်
မိုးလေ၀သနဲ့ပတ်သက်တဲ့ သတင်းတွေကို တောင်သူတွေ အမြဲသတိရှိနေဖို့ လိုသလို ဒါမှလည်း ကြိုတင် ပြင်ဆင်နိုင်လာမှာပဲ။ ရာသီဥတု အခြေအနေ က ၂၀၁၀ မိုးရာသီကစပြီး နှစ်စဉ် နှစ်တိုင်းပုံစံမျိုးနဲ့ မတူပါဘူး။ ၂၀၁၀
စိုက်ပျိုးရာသီမှာ မိုးဦးနောက်ကျတယ်။ စိုက်ပျိုးချိန် နောက်ကျတယ်။ စပါးထွက်တဲ့ အချိန်ကျတော့ မိုးမိတယ်။ စပါးတွေပျက်ကုန်တယ်။ အခု ၂၀၁၁ ကျတော့လည်း မိုးများတဲ့အတွက် စိုက်ပျိုးချိန်နောက်ကျတယ်။
တချို့မိုးများတဲ့ဒေသက လယ်တွေဆိုရင် အခုထိ မစိုက်ပျိုးနိုင်ကြ သေးပါဘူး။ ဒီအထဲ သွင်းအားစု ပြဿနာကလည်း ရှိပါတယ်။ ဒါ ကြောင့် တချို့ဆိုရင် စိုက်ဖို့ ပျိုးဖို့ တော်တော်တောင် စိတ်မပါတော့ပါဘူး”ဟု ပဲခူးတိုင်းဒေသကြီး ဝေါမြို့မှ တောင်သူကြီးတစ်ဦးက ပြောပြခဲ့သည်။
ယင်းကဲ့သို့သော အနေအထားများကြောင့် တောင်သူလယ်သမား အချို့မှာ ယခင်နှစ်က ယူထားသော ချေးငွေများအား အကျေမဆပ်နိုင် ကြသည့်အပေါ် အထူးပြုကုမ္ပဏီများ ဘက်မှလည်း ထပ်ချေးရန် သွေးအေးနေကြောင်း၊ ကုမ္ပဏီအများစုမှာ ယခင်နှစ်ကချေးငွေများ အပြည့်အ၀ မရရှိသေးကြောင်းလည်း သိရသည်။ အလားတူ ပြီးခဲ့သည့်နှစ်က မိုးစပါး၊ ဆောင်းပဲနှင့် နွေစပါး ရိတ်သိမ်းချိန်များ တွင် အပျက်အစီး များခဲ့ခြင်းကြောင့် တောင်သူများ ယင်းကဲ့သို့ ကြွေးတင်နေကြခြင်း ဖြစ်ကြောင်း သိရှိရသည်။ လတ်တလော အခြေအနေတွင် ဆန်စပါးအထူးပြုကုမ္ပဏီ ၃၉ ခုရှိနေပြီး ၂၀ ကျော်သာ လက်တွေ့ငွေချေးပေး နိုင်သေးကြောင်းလည်း သိရသည်။
“ဈေးနှုန်းတစ်ခုကို Minimun fixed price ထားပြီး ၀ယ်ပေးဖို့ဆိုတာ မျိုးပေါ့လေ။ ကျွန်တော်တို့ exporter တွေ အနေနဲ့ကတော့ သိပ်မလွယ်ဘူးလို့ ထင်တယ်။ သူနဲ့ ဆက်စပ်တဲ့ အ၀န်းအ၀ိုင်းလောက်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ တစ်ဦးတစ်ယောက်တည်းအနေနဲ့ သိပ်အဆင်မပြေလှဘူးလို့ ထင်တယ်။ ကုမ္ပဏီအများစုဆို ပိုအဆင်ပြေမယ်။ ဒါပေမယ့် လတ်တလောမှာလည်း တင်း ၁၀၀ ကို ကျပ် ၃၅၀၀၀၀ လောက်နဲ့ အရောင်းအ၀ယ်ဖြစ်နေပါတယ်။ ကွာလတီဆိုရင်တော့ ကျပ် လေးသိန်းလောက် ရှိပါတယ်” ဟု ပြည်ပသို့ ဆန်တင်ပို့နေသော ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
“ကျွန်တော်တို့ကတော့ ကြိုဆိုပါတယ်။ ကျန်တဲ့ အထူးပြုကုမ္ပဏီတွေလည်း အခုလိုလုပ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ အကြောင်းကြောင်းကြောင့် အခက်အခဲ ရှိခဲ့လျှင်လည်း နိုင်ငံတော်ပိုင်းအနေနဲ့ ဒီထက် ပိုပြီး မူဝါဒတစ်ခုအနေနဲ့ ထောက်ပံ့ပေး သွားတာမျိုးလည်း မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တောင်သူတွေကို အကူအညီပေးမယ့် သူတွေလို အပ်ပါတယ်။ အခုအချိန်မှာတောင် သူတွေကို ငွေချေးပေးတယ်ဆိုရင် တောင်တစ်ဧကကို ကျပ် ၅၀၀၀၀ လောက် ချေးပေးနိုင်တာ။ တကယ် လိုအပ်တာက ကျပ်နှစ်သိန်းလောက် လိုပါတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီး မှတောင်သူတစ်ဦးက ပြောပြခဲ့သည်။
“စပါး တင်း ၁၀၀ ကို ကျပ် လေးသိန်း ပေးမယ်ဆိုတာက တစ်ဧက အထွက်နှုန်း တင်း ၁၀၀ ထွက်မှပေးမှာပါ။ ပြီးပြီးရောဆိုပြီးတော့ ပေးမှာမဟုတ်ဘူး။ တောင်သူတွေဘက်ကလည်း ဖြစ်သလိုစိုက်တာမျိုး၊ ဖြစ်သလို ကြဲတာမျိုးလုပ်လို့ တင်း ၁၀၀ မထွက်ဘူးဆိုရင် ကျွန်တော်တို့ဘက်က ပေးမှာ မဟုတ်ပါဘူး။ ကိုယ့်ငွေနဲ့ပဲ ကိုယ်စိုက်စိုက်၊ အကူအညီယူပြီးပဲ စိုက်စိုက် တစ်တင်းကို အလေးချိန် ၄၆ ပေါင်ရှိတဲ့ စပါးတင်း ၁၀၀ ကို ကျပ်လေးသိန်းနှုန်းနဲ့ ပေးဝယ်မှာပါ” ဟု Gold Delta  ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ရွှေတစ်အောင်စလျှင် ဒေါ်လာ ၁၆၀၀ အထက်သို့ ပထမဆုံးအကြိမ် ရောက်ရှိ

AddThis Social Bookmark Button
b41607
အမေရိကန်နှင့် ယူရိုဇုန် ကြွေးမြီ အကျပ်အတည်းများ အပေါ် ပိုမို စိုးရိမ်လာသောကြောင့် ရွှေကို ရင်းနှီးမြှုပ်နှံမှု မြင့်တက်စေခဲ့ပြီး ရွှေတစ်အောင်စလျှင် ဒေါ်လာ ၁၆၀၀ အထက်သို့ ပထမဆုံးအကြိမ် ရောက်ရှိသွားခဲ့သည်။
ဇူလိုင်လ ၁၈ ရက်နေ့က လန်ဒန် ကုန်စည်ဈေးကွက်တွင် ရွှေတစ်အောင်စ ၁၆၀၀ ဒသမ ၁ ဒေါ်လာ အထိ ခုန်တက်သွားခဲ့သည်။ ကြွေးမြီ အကျပ်အတည်းနှင့် ကျပ်တည်း၍ နိုင်ငံရေးသမားများ ကိုင်တွယ်နိုင်စွမ်း အပေါ် ယုံကြည်မှု လျော့ကျလာသောကြောင့် ရင်းနှီးမြှုပ်နှံ သူများသည် ရွှေကို ယုံကြည် စိတ်ချရသော ရင်းနှီးမြှုပ်နှံမှု အဖြစ် ၀ယ်ယူလာကြကြောင်းမှ ဈေးကွက်ကျွမ်းကျင်သူ မိုက်ကယ်လျူဆန်က ပြောကြားခဲ့သည်။ ယူရိုငွေကြေး သုံးစွဲသော နိုင်ငံများသည် ကြွေးမြီ အကျပ်အတည်းကို ဖြေရှင်းရန် ယခုတစ်ပတ် အတွင်း ထိပ်သီး ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်သည်။ ဂရိ ကြွေးမြီ အကျပ်အတည်းကြောင့် ယူရိုငွေကြေး သုံးစွဲသော နိုင်ငံများ စီးပွားရေး ကျပ်တည်း လာမည်ကို စိုးရိမ်နေကြရသည်။ တစ်ချိန်တည်းမှာပင် အမေရိကန် နိုင်ငံရေး သမားများက အစိုးရ ကြွေးမြီ လျော့ချရေး အတွက် အသုံးစရိတ် ဒေါ်လာ ၁ ဒသမ ၅ ထရီလျံ လျော့ချမည့် သမ္မတ အိုဘားမား၏ အစီအစဉ်ကို အကြိတ်အနယ် ဆွေးနွေးနေကြသည်။ ဧပြီလ ၂၉ ရက်နေ့က တစ်အောင်စ ၁၅၆၃ ဒသမ ၇ ဒေါ်လာထိ စံချိန်တင်ခဲ့ပြီး စံချိန်သစ် ထပ်တင်ခဲ့သော ရွှေဈေးသည် တစ်အောင်စ ၁၇၀၀ ဒေါ်လာထိ ရောက်ရှိနိုင်ကြောင်း GoldCore က ခန့်မှန်းခဲ့သည်။

အိန္ဒိယတွင် တာတာလုပ်ငန်းစုက ဒေါ်လာ ၇၀၀ တန် ဆောက်လုပ်ရန် အသင့် အိမ်ခန်းများ ရောင်းမည်

AddThis Social Bookmark Button
b41606
ကမ္ဘာ့ဈေးအချိုဆုံးကား 'နာနို'ကို ထုတ်လုပ်ခဲ့သော အိန္ဒိယကုမ္ပဏီ တာတာ လုပ်ငန်းစုက ဒေါ်လာ ၇၀၀ သာ တန်ဖိုးရှိသော အိမ်များကို ရောင်းချသွားမည်ဟု ဇူလိုင်လ ၁၇ ရက်နေ့တွင် ကြေညာခဲ့သည်။
ကြိုတင် တည်ဆောက်ထားပြီး အသင့် တပ်ဆင်နိုင်သော စနစ်ဖြင့် ဆောက်လုပ်ထားသည့် pre-fabricated အိမ်များကို တစ်ပတ်အတွင်း တည်ဆောက်နိုင်မည် ဖြစ်ပြီး တံခါးများ၊ ပြတင်းပေါက်များနှင့် အမိုး ပါဝင်မည် ဖြစ်သည်။ ''အသုံးပြုမယ့်သူနဲ့ ဆွေးနွေးမှုတွေအပေါ် အခြေခံထားပြီး မတူတဲ့ ဒီဇိုင်းနှစ်မျိုး၊ သုံးမျိုးလောက် ပြင်ဆင်ထားပါတယ်။ တုံ့ပြန်မှုတွေ ထပ်ပြီးတော့ စုဆောင်းနေပါတယ်''ဟု တာတာ၏ စီမံကိန်း ဥက္ကဋ္ဌ ဆူမီဒက်က ဟိုက်ဒရာဘတ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
လာမည့် ၆ လမှ ၈ လ အတွင်း အိန္ဒိယဈေးကွက် အတွင်း ဖြန့်ဖြူးသွားနိုင်မည်ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။ ၂၀ စတုရန်းမီတာ(၂၁၅ စတုရန်းပေ) အတွင်း တည်ဆောက်နိုင်သည့် ''နာနို'' အိမ်တစ်လုံး အတွက် ရူးပီး ၃၂၀၀၀ (ဒေါ်လာ ၇၂၀) ကုန်ကျမည် ဖြစ်ပြီး နံရံနှင့် အတွင်းပိုင်းများကို အုန်းမျှင်များဖြင့် အသုံးပြုသွားမည် ဖြစ်ကာ အိမ်၏သက်တမ်းမှာ နှစ် ၂၀ ရှိမည် ဖြစ်သည်။ အနောက်ဘင်ဂေါ ပြည်နယ်တွင် စမ်းသပ် တည်ဆောက် ပြီးစီးသွားသော ထိုအိမ်များကို စတုရန်း မီတာ ၃၀ အတွင်း တည်ဆောက်နိုင် အရွယ်အစားဖြင့်လည်း ရရှိမည် ဖြစ်ကာ ဆိုလာ အမိုးပြားများ၊ ၀ရန်တာများ ထပ်မံ တပ်ဆင်နိုင်မည် ဖြစ်သည်။
အိန္ဒိယတွင် သန်းပေါင်းများစွာ ရှိနေသော အိုးမဲ့အိမ်မဲ့များ အတွက် လူနေအိမ် စီမံကိန်းများ ဆောင်ရွက်နေသော ပြည်နယ် အစိုးရများသို့လည်း ရောင်းချသွားမည် ဖြစ်ပြီး လူပုဂ္ဂိုလ် တစ်ဦးချင်းစီကိုလည်း ရောင်းချရန် တာတာက မျှော်လင့်ထားသည်။
၂၀၀၉ ခုနှစ်က စတင် ပြသခဲ့သော တာတာ၏ နာနိုကားသည် ကမ္ဘာတစ်ဝန်း စိတ်ဝင်စားမှု ရရှိခဲ့ပြီး ထုတ်လုပ်မှုဆိုင်ရာ နှောင့်နှေးမှုများနှင့် အန္တရာယ် ကင်းရှင်းရေး ပြဿနာများကြောင့် ရောင်းအားမှာ ရည်မှန်းချက်ကို မပြည့်မီသေးပေ။

အိန္ဒိယရှိ ဘုရားကျောင်း အတွင်း တွေ့ရှိခဲ့သည့် ရတနာများကို ယင်းနေရာတွင်သာ ဆက်လက် ထားရှိရန် ပြည်နယ်အစိုးရ တောင်းဆို

w64207
Padmanabhaswmay ဘုရားကျောင်း
အိန္ဒိယနိုင်ငံရှိ ဘုရားကျောင်း တစ်ခုမှ တွေ့ရှိခဲ့သည့် အမေရိကန် ဒေါ်လာ ၂၀ ဘီလျံ တန်ဖိုး ရှိသော ရတနာများကို စောင့်ရှောက်သူ ဂေါပကများ လက်တွင်သာ ဆက်လက် ထားရှိရန် ပြည်နယ် အစိုးရက ဇူလိုင်လ ၁၄ ရက်နေ့တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။
ရွှေဒင်္ဂါးပြားများ၊ အဖိုးတန် ကျောက်မျက် ရတနာများသည် Thiruvananthapuram မြို့ရှိ Padmanabhaswmay ဘုရားကျောင်းတွင်သာ ရှိသင့်သည်ဟု ကီရာလာ ပြည်နယ် အစိုးရ ရှေ့နေများက တရားရုံးချုပ်သို့ တင်ပြခဲ့သည်။
ရတနာအားလုံးသည် ဘဏ္ဍာတိုက်တွင် ရှိသင့်ကြောင်းနှင့် ယင်းရတနာများကို ပြတိုက်တွင် ပြသရန် မလိုအပ်ကြောင်း နယူးဒေလီရှိ တရားရုံးချုပ်တွင် တင်ပြခဲ့သည်။
အဆိုပါ ရတနာများသည် ပုဂ္ဂိုလ်တစ်ဦးက ဟိန္ဒူနတ်ဘုရား Vishnu ကို ရည်စူးပြီး ဘုရားကျောင်းကို လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ပိုင် အဖြစ် မစဉ်းစားသင့်ကြောင့် ပြည်နယ်အစိုးရ အဖွဲ့က တင်ပြထားသည်။

ယင်လက်ခ်နှင့် ရှပ်နီ ခေါင်းဆောင် တစ်ဦး ရွေးကောက်ပွဲ အနိုင်ရမှု အတည်ပြုရေး ရွေးကောက်ပွဲ ကော်မရှင် နှောင့်နှေး

ဝန်ကြီးချုပ် ဖြစ်လာမည့် ဖြူထိုင်းပါတီကို ဦးဆောင် ယှဉ်ပြိုင်သူ ယင်လက်ခ်ရှင်နာဝပ်ထရာနှင့် ရှပ်နီ ခေါင်းဆောင် တစ်ဦး အပါအ၀င် ဖြူထိုင်းပါတီမှ ရွေးကောက်ပွဲနိုင်သူ ၁၁ ဦးကို လွှတ်တော်အမတ် အဖြစ် စာရင်းသွင်းရေးကို ရွေးကောက်ပွဲ ကော်မရှင်က နှောင့်နှေးနေကြောင်း သိရသည်။
ဇူလိုင်လ ၁၂ ရက်နေ့က ၁၀ နာရီကြာ အစည်းအဝေး ထိုင်ပြီးနောက် ရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော် အမတ် ၅၀၀ အနက် ၃၅၈ ဦးကို အတည်ပြုပေးခဲ့သည်။ယင်လက်ခ်ကို အတည်ပြုရေး နှောင့်နှေးနေရခြင်းမှာ သူ့ပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်မှုတွင် ဥပဒေကြောင်းအရ အချို့ကိစ္စများ ငြိစွန်းခြင်း ရှိမရှိကို စစ်ဆေးနေသောကြောင့် ဖြစ်သည်ဟု ဆိုသည်။
ယင်လက်ခ်သည် အငြင်းပွားဖွယ် ကြွေးကြော်သံ ဖြစ်သော ''သက်ဆင် တွေးသလို၊ ဖြူထိုင်းလုပ်မည်'' ဆိုသော စာသားကို သုံးစွဲခဲ့သည်ဟု ဆိုသည်။ ရှပ်နီ ခေါင်းဆောင်တစ်ဦး ဖြစ်သော ဂျာတူပွန်ပရွမ်ပန် သည်လည်း
အတည်ပြုခံရခြင်း မရှိသေးဟု သိရသည်။
မဲဝယ်မှု စွဲချက်များ ရှိနေသောကြောင့် ဒီမိုကရက်ပါတီ ခေါင်းဆောင်ဟောင်းနှင့် ရာထူးမှ ဆင်းပေးရတော့မည့် ၀န်ကြီးချုပ် အဘ်ဟီးဆစ်ကို အတည်ပြုရေးကိုလည်း နှောင့်နှေးထားသည်ဟု ဆိုသည်။
ရွေးကောက်ပွဲ ကော်မရှင်သည် ပုံမှန်အားဖြင့် ကန့်ကွက်ခံထားရမှုများ ရှိသော ရွေးကောက်ပွဲနိုင် အမတ်လောင်းများကို ချက်ခြင်း အတည်ပြုပေးလေ့ မရှိပေ။ ဇူလိုင်လ ၁၉ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင် ထပ်မံ ဆွေးနွေးပြီး ကျန်ရှိသော အမတ် နေရာများကို အတည်ပြုပေးမည် ဖြစ်သည်။
ကော်မရှင်သည် အမတ်နေရာ ၅၀၀ ရှိသည့် အနက် ၄၇၅ ဦး အနည်းဆုံး အတည်ပြုပေးမှသာ သြဂုတ်လ ၁ ရက်နေ့တွင် လွှတ်တော် စတင်နိုင်မည် ဖြစ်သည်။

ဘာလီကျွန်းတွင် ကျင်းပမည့် အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲသို့ အိုဘားမား တက်ရောက်မည်

၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၌ ကျင်းပမည့် အရှေ့အာရှ ၁၈ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ (EAS) သို့ အမေရိကန်သမ္မတ အိုဘားမား တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
သမ္မတ အိုဘားမား အနေဖြင့် EAS ထိပ်သီးဆွေးနွေးပွဲသို့ ပထမဆုံး အကြိမ် တက်ရောက်မည် ဖြစ်ပြီး ယင်းခရီးစဉ် အတွက် လိုအပ်သည့် ပြင်ဆင်မှုများ ကြိုတင် ပြုလုပ်ရန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် သည် ဇူလိုင် လကုန်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်းလည်း သိရသည်။
တရုတ်၊ ရုရှားနိုင်ငံတို့ ပါဝင်မည့် EAS ဆွေးနွေးပွဲသို့ သမ္မတ အိုဘားမားက တက်ရောက်ရန် ရည်ရွယ်ထားကြောင်း အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာဆီရယ်က အကြောင်းကြားခဲ့သည်ဟု ဘာလီကျွန်း ဒေသဆိုင်ရာ အစိုးရ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
နိုဝင်ဘာလအတွင်း အိုဘားမား၏ အင်ဒိုနီးရှား ခရီးစဉ်သည် သမ္မတ သက်တမ်းအတွင်း ဒုတိယမြောက် ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ အတွင်းက ပထမအကြိမ် သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။ ယခု ပြုလုပ်မည့် ထိပ်သီး ဆွေးနွေးပွဲသို့ တရုတ်သမ္မတ ဟူကျင်တောင်လည်း တက်ရောက်ဖွယ် ရှိသည်။

အဲယားကွန်း အင်္ကျီများ ဂျပန်တွင် အရောင်းသွက်နေ

AddThis Social Bookmark Button
b41608
ဂျပန်နိုင်ငံတွင် အပူဒဏ် ကာကွယ်နိုင်သည့် အဲကွန်းအင်္ကျီများ ရေပန်းစားနေသောကြောင့် ထုတ်လုပ်သူများသည် ၀ယ်လိုအား မြင့်တက်လာမှုကို အလျင်မီအောင် ထုတ်လုပ်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
ဂျပန်တွင် ငလျင်နှင့် ဆူနာမီ ဖြစ်ပွားမှုကြောင့် ပျက်စီးမှုများ ဖြစ်ပြီးနောက် လျှပ်စစ်ဓာတ် ပြတ်လပ်မှုများ ဖြစ်နေချိန် Kuchofuku ကုမ္ပဏီမှ အဲကွန်းအင်္ကျီဟု အမည်ပေးထားသော အင်္ကျီများကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
သက်သောင့်သက်သာ မရှိလှသည့် နွေရာသီတွင် လျှပ်စစ်ဓာတ်အား အသုံးပြုမှုများကို ကန့်သတ်မှုများကြောင့် မရပ်မနား ပူပြင်းသည့် နွေရာသီ အပူဒဏ်မှ ကာကွယ်ပေးနိုင်သည့် ယင်းအင်္ကျီများကို ၀ယ်ယူမှု မြင့်မားလာခြင်း ဖြစ်သည်။
မတူညီသည့် အရှိန်နှုန်းတွင် လေကိုဆွဲရန် ဂျာကင် အင်္ကျီထဲရှိ လျှပ်စစ်ပန်ကာ နှစ်ခုက ထိန်းချုပ်ပေးနိုင်မည် ဖြစ်သည်။
အင်္ကျီထဲရှိ ပန်ကာများကို lithiumion ဘက်ထရီနှင့် ဆက်သွယ်ထားခြင်း ဖြစ်ပြီး တစ်ခါအားသွင်းလျှင် ၁၁ နာရီကြာ သုံးစွဲနိုင်မည် ဖြစ်သည်။
''ကျွန်တော် အလုပ်လုပ်တဲ့ နေရာက အရမ်းပူတယ်။ ဒါကြောင့် လက်ပါတဲ့ ၀တ်စုံတွေကို ၀တ်သင့်တယ်။ လေသင်တုန်း ဖြတ်တာကို ကာကွယ်ဖို့ အတွက် အဲကွန်းအင်္ကျီ ၀ယ်ခဲ့တာပါ'' ဟု Kuchofuku ရုံးမှ အဲကွန်းအင်္ကျီ ၀ယ်ပြီး ပြန်လာသည့် အသက် ၃၃ နှစ်အရွယ်ရှိ Ryo Igarashi က ပြောကြားခဲ့သည်။
မော်တော်ကားကုမ္ပဏီ၊ သံမဏိ ထုတ်လုပ်သည့် ကုမ္ပဏီ၊ စားသောက်ကုန် ကုမ္ပဏီနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ အပါအ၀င် ကုမ္ပဏီ ၁၀၀၀ ကျော်ခန့်က Kuchofuku မှ ထုတ်လုပ်သည့် အင်္ကျီများကို မှာယူခဲ့ကြသည်။
Kuchofuku ကုမ္ပဏီသည် အဆိုပါ အင်္ကျီ ထုတ်လုပ်ခြင်းကို ၂၀၀၄ ခုနှစ်က စတင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အင်္ကျီများကို စက်ရုံများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများမှ ၀ယ်ယူခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင် အိမ်ထောင်ရှင်မများနှင့် အခြား ရုံးဝန်ထမ်းများပါ ၀ယ်ယူလာကြသည်။ စံချိန်စံညွှန်းမီသည့် အဆိုပါ အင်္ကျီကို ဒေါ်လာ ၁၄၀ ၀န်းကျင်ဖြင့် ရောင်းချခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။

အာဆီယံ ဘလော့ဂါ အသိုက်အ၀န်း ထူထောင်ရန် အင်ဒိုနီးရှား သမ္မတ ယူဒိုယိုနို တိုက်တွန်း

အာဆီယံဒေသတွင်း ပြည်သူများ အကြား ဆက်သွယ်မှု လွယ်ကူစေရေး အတွက် အာဆီယံ ဘလော့ဂါ အသိုက်အ၀န်းတစ်ခု ထူထောင်ရန် အင်ဒိုနီးရှား သမ္မတ ယူဒိုယိုနိုက ဇူလိုင် ၁၉ ရက်တွင် တိုက်တွန်းခဲ့သည်။
ဒေသတွင်း ပြည်သူများ ဆက်သွယ်ရေး လွယ်ကူစေရေး အတွက် Facebook၊ Twitter နှင့် အခြား လူမှုဆက်ဆံရေး ၀က်ဘ်ဆိုက်များ အသုံးပြုမှုကို ကျယ်ပြန့်အောင် လုပ်ဆောင်သင့်ကြောင်း ဘာလီတွင် ပြုလုပ်သော အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
''ပြီးခဲ့သော ဆယ်စုနှစ် လေးခု လောက်ကနဲ့ အခုချိန်ကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင် ကျွန်တော်တို့ ဒေသတွင်း ပြည်သူတွေဟာ ရုပ်သံလိုင်း၊ အီးမေးလ်၊ Twitter ၊ Facebook တွေကနေ တစ်ဆင့် ဆက်သွယ်နေကြတာဟာ အစိုးရ တာဝန်ရှိသူ အချင်းချင်း ဆက်သွယ်တာထက် ကျော်လွန်သွားတာ ပထမဆုံးအကြိမ် တွေ့ရမယ်''ဟု ကမ္ဘာပေါ်တွင် Facebook အသုံးပြုမှု ဒုတိယအများဆုံးနှင့် Twiter အသုံးပြုမှု တတိယ အများဆုံး ဖြစ်သော အင်ဒိုနီးရှားနိုင်ငံမှ သမ္မတ ယူဒိုယိုနိုက ပြောကြားသည်။
ပြည်သူအချင်းချင်း ဆက်သွယ်မှု မြှင့်တင်နိုင်ရေး အတွက် အာဆီယံ အဖွဲ့သည် နည်းပညာ အစွမ်းကို သဘောထားကြီးကြီးဖြင့် ဖန်တီးခြင်း၊ မြှင့်တင်ခြင်း ပြုလုပ်ပေးရမည်ဟု ၎င်းကပြောကြားခဲ့သည်။ အာဆီယံအဖွဲ့တွင် နိုင်ငံ ၁၀ နိုင်ငံ ပါဝင်ပြီး လူဦးရေ စုစုပေါင်းသန်း ၆၀၀ နီးပါး ရှိသည်။ ဖွံ့ဖြိုးပြီး ဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနိုင်ငံ တို့တွင် အင်တာနက် လူမှုကွန်ရက် ၀က်ဘ်ဆိုက်များ၊ ဘလော့များ သုံးစွဲမှုမှာ မြင့်မားလျက် ရှိသည်။
ယူဒိုယိုနိုမှာလည်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ လူမှုကွန်ရက် မီဒီယာတို့နှင့် ပတ်သက်၍ မရေမရာ ပြောဆိုမှုများကြောင့် ဝေဖန်မှုများလည်း ခံနေရသည်။
အင်ဒိုနီးရှားတွင် ကလေးနှစ်ဦးမိခင် ဖြစ်သော ပရစ်တာမူလီယာဆာရီ ဆိုသူသည် ဆေးရုံ ၀န်ဆောင်မှု ညံ့ဖျင်းသည့် အကြောင်းကို ရေးသားကာ အီးမေးလ်များဖြင့် သူငယ်ချင်းများထံ ပို့မှုကြောင့် တစ်နှစ်ခန့်ကြာ အမှု ဖြစ်ခဲ့ပြီး သီတင်းပတ် သုံးပတ်ကြာ ထောင်ကျခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့က ဝေဖန်ထောက်ပြခဲ့ပြီး Facebook တွင်လည်း လူတစ်သိန်းကျော်က ဝေဖန် ကန့်ကွက်မှုကြောင့် တရားရုံးက အမှုကို ပလပ်ပေးခဲ့ရသည်။ သို့သော်
တရားရုံးချုပ်က ၎င်းအပေါ်စွဲချက်ကို မကြာသေးမီက ပြန်လည် စွဲဆိုခဲ့ပြီး ၆ လကြာ ခံဝန်ဖြင့် နေထိုင်နေရကြောင်း သိရသည်။

ဆက်ဒမ်ဟူစိန်၏ အမေတူအဖေကွဲ ညီအစ်ကိုများ တစ်လအတွင်း သေဒဏ်ပေးခံရမည်

ဆက်ဒမ်ဟူစိန် လက်ထက်က အရာရှိဟောင်းသုံးဦး အပါအ၀င် ဆက်ဒမ်ဟူစိန်၏ အမေတူ အဖေကွဲ ညီအစ်ကိုနှစ်ဦးကို အမေရိကန် စစ်ဘက်က လွှဲပေးပြီးနောက် ၎င်းတို့အား တစ်လအတွင်း အီရတ်က သေဒဏ်ပေးမည်ဟု သိရသည်။
ဇူလိုင် ၁၄ ရက်နေ့က အီရတ်သို့ လွှဲပြောင်းပေးလိုက်သော ၎င်းငါးဦးသည် ယခုနှစ်အကုန် အီရတ်မှ မဆုတ်ခွာမီ အမေရိကန် စစ်တပ်က ထိန်းသိမ်းထားသည့် ပြစ်မှုကျူးလွန်သော အကြီးတန်း တာဝန်ရှိသူ ၂၀၆ ဦးတွင် ပါဝင်သည်။
"ဆက်ဒမ် လက်ထက်က အဆင့်မြင့်အရာရှိ ငါးဦး အပါအ၀င် အမေရိကန် တပ်ဖွဲ့ဝင်တွေ ထိန်းသိမ်းထားတဲ့ နောက်ဆုံး အကျဉ်းသား ၂၀၆ ဦး ကို လက်ခံရရှိပါတယ်"ဟု တရားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်
ဟယ်ဒါအယ်လ်ဆာဒီက ပြောကြားခဲ့သည်။
အဆိုပါ ငါးဦးအား တစ်လအတွင်း သေဒဏ်ပေးမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ယင်းငါးဦးတွင် ဆက်ဒမ်ဟူစိန်၏ အမေတူ အဖေကွဲ ညီအစ်ကိုတော်သူ ၀တ်ဘန်အီဘရာဟင်ဟာဆန်နှင့်
ဆာဘာဝီအီဘရာဟင်အယ်လ်တစ်ကရီတီ တို့ ပါဝင်သည်။ သေဒဏ်ကျခံရမည့် သူများတွင် ကာကွယ်ရေးဝန်ကြီးဟောင်း စူလ်တန်ဟာရှင်အာမက်နှင့် ဗိုလ်ချုပ်ကြီးဟောင်းများ ဖြစ်သည့် ဟူစိန်ရာရှစ်အယ်လ်တစ်ကရီတီနှင့် အဇစ်ဆာလက်ဟ်နျူမန် တို့လည်း ပါဝင်သည်ဟု သိရသည်။
၎င်းင်းတို့ငါးဦးကို ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တရားခွင် စစ်ဆေးမှုများ သီးခြားပြုလုပ်ပြီး သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သေဒဏ်ချမှတ်ထားမှုကို ရက်အနည်းငယ် အတွင်း သမ္မတကောင်စီက လက်မှတ် ထိုးပေးမည် ဖြစ်ပြီး တစ်လအတွင်း သေဒဏ်စီရင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဟေဒါအယ်လ်ဆာဒီက ပြောကြားခဲ့သည်။ အီရတ် ဥပဒေ အရ သေဒဏ်အားလုံးကို အီရတ် သမ္မတ သို့မဟုတ် အီရတ် ဒုသမ္မတ တစ်ဦးက တရားဝင် အတည်ပြုပေးရမည် ဖြစ်သည်။
ဝတ်ဘန်အီဘရာဟင်ဟာဆန်သည် ဆက်ဒမ် လက်ထက်က ပြည်ထဲရေးဝန်ကြီး ဖြစ်ခဲ့ပြီး ၁၉၉၂ ခုနှစ်က ကုန်သည် ၄၂ ဦးကို စားသောက်ကုန် ဈေးကစားမှုဖြင့် သတ်ဖြတ်ရာတွင် ပါဝင်မှုဖြင့် ၂၀၀၉ ခုနှစ် မတ်လက သေဒဏ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။ ဆက်ဒမ်၏ ထောက်လှမ်းရေးတပ်ဖွဲ့ အကြီးအကဲဟောင်း ဆာဘာဝီအီဘရာဟင်လည်း တရားခွင်တွင် အလားတူသေဒဏ် ပေးခံခဲ့ရသည်။

ယင်လက်ခ် အနိုင်ရမှုကို ထိုင်းရွေးကောက်ပွဲ ကော်မရှင် အတည်ပြု

b41628
ဇူလိုင်လ ၃ ရက်နေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ယင်လက်ခ်ရှင်နာဝပ်ထရာ အနိုင်ရရှိမှုကို ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၁၉ ရက်နေ့တွင် အတည်ပြုပေးခဲ့ရာ ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာရေး အတွက် အဓိက အတားအဆီးတစ်ခုကို ယင်လက်ခ် အနေဖြင့် ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်သည်။
အဖွဲ့ဝင်ငါးဦးပါ ရွေးကောက်ပွဲ ကော်မရှင်က ယင်ခ်လက်သည် ဇူလိုင် ၃ ရက်နေ့ ရွေးကောက်ပွဲတွင် တရားမျှတစွာ အနိုင်ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း အခြားသော ပါလီမန် အမတ်များကို ကော်မရှင်က
အတည်မပြုပေးသေးရာ ယင်လက်ခ်၏ ဖြူထိုင်းပါတီ အနေဖြင့် အာဏာကို မရရှိနိုင်သေးပေ။ ပါလီမန် ကျင်းပရန် အတွက် အမတ် ၅၀၀ အနက် ၄၇၅ ဦး အတည်ပြုပေးရန် လိုအပ်ရာ ယခုအချိန် အထိ အမတ် ၃၇၀ သာ
အတည်ပြုရသေးသည်။
ပြည်ပတွင် တိမ်းရှောင်နေရသည့် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ ညီမဖြစ်သူ ယင်လက်ခ်၊ ရာထူးမှ ဆင်းပေးရတော့မည့် ၀န်ကြီးချုပ် အဘ်ဟီးဆစ်တို့ အပါအ၀င် အောက်လွှတ်တော် အမတ် နေရာ ၅၀၀ အတွက် ရွေးချယ်ခံထား ရသူများ အနက်မှ ၁၄၂ ဦးမှာ ပြီးခဲ့သည့် အပတ်က ရွေးကောက်ပွဲ ကော်မရှင်၏ အတည်ပြုမှုတွင် မပါဝင်ခဲ့ပေ။ ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်သည် ဟူသော စွဲချက်များကို စုံစမ်း စစ်ဆေးပြီးမှသာ အတည်ပြုပေးခြင်း ဖြစ်သည်။ ဇူလိုင်လ ၂၀ ရက်နေ့တွင် ထပ်မံ အတည်ပြုလိုက်သော ၁၂ ဦး စာရင်းတွင် ယင်လက်ခ်နှင့် အဘ်ဟီးဆစ်တို့ ပါဝင်လာခဲ့ခြင်း ဖြစ်သည်။
ယင်လက်ခ်၏ ဖြူထိုင်းပါတီသည် ဇူလိုင် ၃ အထွေထွေ ရွေးကောက်ပွဲတွင် အမတ်နေရာ ၂၆၅ နေရာ ရရှိခဲ့သည်။ လွှတ်တော်ကို ရွေးကောက်ပွဲအပြီး ရက် ၃၀ အတွင်း ခေါ်ယူရမည် ဖြစ်သော်လည်း ရွေးကောက်ခံ ကိုယ်စားလှယ် ၉၅ ရာခိုင်နှုန်းကို အတည်ပြုပြီးမှသာ လွှတ်တော် ခေါ်ယူနိုင်မည် ဖြစ်သည်။ ယင်လက်ခ်နှင့် ဖြူထိုင်းပါတီ အပေါ် အဓိက စွဲချက်တင်သည်မှာ သက်ဆင်နှင့် အခြား ပိတ်ပင်ထားသော နိုင်ငံရေးသမားများ မဲဆွယ်မှုတွင် ပါဝင် ပတ်သက်သည် ဆိုသော စွဲချက် ဖြစ်သည်။ သက်ဆင်၏ ပါတီမှ အမှုဆောင် ၁၀၀ ကျော်မှာ ၂၀၀၇ ခုနှစ်တွင် နိုင်ငံရေးလုပ်ခွင့် ငါးနှစ် ပိတ်ပင်ခံထားရသည်။

ဗီယက်နမ်ရဲများ၏ ရိုက်နှက်မှုကြောင့် အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံး

ဆိုင်ကယ်စီးဦးထုပ်ကိစ္စ အငြင်းပွားရာမှ အသက် ၅၃ နှစ် အရွယ် အမျိုးသားတစ်ဦးကို ဗီယက်နမ်ရဲများက ရိုက်နှက်ခဲ့ရာ ရှစ်ရက်အကြာတွင် သေဆုံးသွားခဲ့ပြီး ဗီယက်နမ် ရဲများ၏ အလွဲသုံးစား ဆောင်ရွက်ချက်များကို
ပေါ်လွင်စေခဲ့သည်။
အသက် ၅၃ နှစ်အရွယ် ထရင်ဟွမ်ထန်သည် လည်ပင်းတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မိသားစုက ပြောကြားခဲ့သည်။ အသေးစား ပြစ်မှုများသည် ဆိုးရွားသော အကျိုးဆက်များ ရှိနေကြောင်း ဗီယက်နမ်တွင် ရဲများသည်
အကြမ်းဖက်သည့် နည်းလမ်းများ အသုံးပြုနေကြောင်း ယခု ဖြစ်ရပ်က ထင်ရှားစေခဲ့သည်ဟု အမေရိကန် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောကြားခဲ့သည်။
ယမန်နှစ်က ရဲတပ်ဖွဲ့၏ ရက်စက်စွာ ကိုင်တွယ်မှု ၁၉ မှု ဖြစ်ပွားခဲ့ရာ ၁၅ ဦး သေဆုံးခဲ့ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။ ထရင်သည် ဟနွိုင်းဘူတာတစ်ခုသို့ ဆိုင်ကယ်တက္ကစီစီး၍ သွားခဲ့ကြောင်း မိုဘိုင်းဖုန်းဆက်ရန် အတွက် ဆိုင်ကယ်စီး ဦးထုပ်ကို ချွတ်ခဲ့ကြောင်း အသက် ၂၁ နှစ်အရွယ် သမီးဖြစ်သူ ထရင်ကင်ထရန်က ပြောကြားခဲ့သည်။ ဗီယက်နမ်တွင် ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးခွင့် မရှိဘဲ ရဲတပ်ဖွဲ့က ယာဉ်ကိုသိမ်းယူပြီး ဆိုင်ကယ် မောင်းနှင်သူကို ၇ ဒသမ ၁၄ ဒေါ်လာထိ ဒဏ်ရိုက်နိုင်သည်။
သို့သော်လည်း ဆိုင်ကယ် မောင်းနှင်သူက ဒဏ်ငွေပေးဆောင်ရန် ငြင်းဆိုခဲ့ပြီး စကားများခဲ့ကြောင်း ဖခင်ဖြစ်သူ ထရင်က ဖြန်ဖြေရန် ကြိုးပမ်းခဲ့ကြောင်း ထိုနောက် ရဲက ဖခင်ဖြစ်သူကို တိုက်ခိုက်ခဲ့ကြောင်း သမီးဖြစ်သူက
ပြောကြားခဲ့သည်။
ငှက်ရောင်းသည့် အလုပ်ကိုလုပ်သော ဖခင်ဖြစ်သူ ထရင်သည် မည်သူ တစ်ဦးတစ်ယောက်နှင့်မျှ ပြဿနာ ဖြစ်လေ့ မရှိကြောင်း၊သို့ရာတွင် လည်ပင်းကိုရိုက်ခဲ့ပြီး ရဲစခန်းသို့ ခေါ်သွားခဲ့ကြောင်း၊ ရဲစခန်းတွင် ခြေထောက်ကို
ကြိုးတုတ်ထားခဲ့သည်ကို  တွေ့ခဲ့ရကြောင်း၊ ဖခင်ဖြစ်သူမှာ မလှုပ်မရှားနိုင် ဖြစ်ခဲ့သောကြောင့် ဆေးရုံခေါ်သွားရန် တောင်းဆိုခဲ့သော်လည်း  ရဲက တောင်းဆိုမှုကို ငြင်းဆန်ခဲ့ကြောင်း၊ ဟန်ဆောင်နေသည်ဟု ရဲတပ်ဖွဲ့က
ပြောကြားခဲ့ကြောင်း သမီးဖြစ်သူက ပြောကြားခဲ့သည်။
ဗီယက်နမ်တွင် ၂၀၁၀ ပြည့်နှစ် အတွင်း ထိန်းသိမ်းခံထားရစဉ် သေဆုံးမှု ကိုးကြိမ် ဖြစ်ပွားခဲ့ကြောင်း ၂၀၀၉ ခုနှစ်တွင် ထိုကဲ့သို့ မရှိခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ အစီရင်ခံစာက ဆိုသည်။ သေဆုံးမှု
အားလုံးနီးပါးသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်ရန် ကြိုးပမ်းမှု ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်ဟု အစီရင်ခံစာကဆိုသည်။

အာဆီယံဒေသတွင်း ဖိုရမ်တွင် တောင်တရုတ်ပင်လယ် အရေးနှင့် ကိုရီးယား နှစ်နိုင်ငံအရေး အဓိက ဆွေးနွေး

AddThis Social Bookmark Button

w64304
ဘာလီကျွန်းသို့ ရောက်ရှိလာသော ဟီလာရီကလင်တန်(၀ဲ) ဘာလီကျွန်း၊ နူဆာဒူအာ အပန်းဖြေစခန်းစုတွင် ဆွေးနွေးပွဲ တက်ရောက်သည့် နိုင်ငံများ အလံ လွှင့်ထူထားစဉ်
အာရှနိုင်ငံများနှင့် အမေရိကန်တို့မှ နိုင်ငံခြားရေးဝန်ကြီးများပါ တက်ရောက်သော အာဆီယံဒေသတွင်း ဖိုရမ်(ARF)တွင် တောင်၊ မြောက်ကိုရီးယား နှစ်နိုင်ငံ အရေးနှင့် တောင်တရုတ်ပင်လယ်အရေး အငြင်းပွားမှု တို့ကို အဓိက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဒေသတွင်း လုံခြုံရေး ဆွေးနွေးပွဲတစ်ရပ် ဖြစ်သည့် ARF ကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဇူလိုင်လ ၂၃ ရက်နေ့ နိုင်ငံခြားရေးဝန်ကြီးများ မတွေ့ဆုံမီ ၂၂ ရက်နေ့တွင် တောင်နှင့်မြောက် နှစ်နိုင်ငံမှ နျူဆွေးနွေးပွဲ ကိုယ်စားလှယ်များ သီးခြား တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
တရုတ်နှင့်အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံသည် တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှု ပြေလည်စေရေး အဓိက ညှိနှိုင်းခဲ့ကြပြီး ယင်းဧရိယာ အတွင်း လှုပ်ရှားမှုများကို ကွပ်ကဲမည့် စည်းမျဉ်းစည်းကမ်း ချမှတ်နိုင်ရေး
မူဘောင်များ အကြမ်းဖျင်း သဘောတူညီနိုင်ခဲ့သည်ဟု သိရသည်။
တောင်တရုတ်ပင်လယ် အရေးနှင့် တောင်၊မြောက်ကိုရီးယား အရေးတွင် အမေရိကန်၏ ရပ်တည်ချက်ကို နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယား ခေါင်းဆောင်များကသာ အမှန်တစ်ကယ် စိတ်အားထက်သန်မှု ရှိကြောင်း မပြသနိုင်ပါက မြောက်ကိုရီးယား နျူဖျက်သိမ်းရေး ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်စရေးကို အမေရိကန်က ထောက်ခံမည် မဟုတ်ဟု ထုတ်ပြန်ခဲ့သည်။
ခြောက်နိုင်ငံ အငြင်းပွားနေသော သယံဇာတ ပေါများသည့် တောင်တရုတ်ပင်လယ် ရေပိုင်နက် အရေးတွင်လည်း ပိုင်ဆိုင်မှု အငြင်းပွား ခြောက်နိုင်ငံသည် အငြင်းပွားစရာ မလိုသော မိမိတို့ ပိုင်ဆိုင်ပြီး ဖြစ်သည့် ပိုင်နက်
အပိုင်းအခြားကို အခြေခံကာ နိုင်ငံတကာက လက်ခံထားသော ထုံးတမ်းဥပဒေများ အတိုင်းသာ ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းခဲ့သည်။
၂၀၀၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် တောင်၊မြောက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တရားဝင် မဟုတ်သော ဆွေးနွေးမှု တစ်ရပ်ကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြုလုပ်နိုင်ခဲ့သည်။ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကင်ဆောင်ဟွမ်နှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပက်အူးချွန် တို့သည် ဆွေးနွေးပွဲ ခန်းမသို့ မ၀င်မီ လမ်းတစ်လျှောက် စကားပြောခဲ့ကြကြောင်း ယွန်ဟပ် သတင်းဌာနက ဖော်ပြသည်။

ငလျင် ပြန်တည်ဆောက်ရေး လုပ်ငန်းများ အတွက် ဒေါ်လာ ၂၉၁ ဘီလျံ သုံးစွဲရန် လိုအပ်နိုင်ကြောင်း ဂျပန်အစိုးရ ခန့်မှန်း

AddThis Social Bookmark Button

w64306
ဇူလိုင်လ ၂၃ ရက်နေ့က ငလျင်နှင့်ဆူနာမီဒဏ် ခံခဲ့ရသော ဖူကူရှီးမား စီရင်စု၊ ဆိုမာမြို့တွင် ဆိုမာနိုမာအိုရီ ပွဲတော် ကျင်းပနေစဉ်
မတ်လ ၁၁ ရက် ငလျင်နှင့် ဆူနာမီကြောင့် ပျက်စီးခဲ့သော နေရာများတွင် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ အတွက် လာမည့် ၁၀ စုနှစ်တွင် ဒေါ်လာ ၂၉၁ ဘီလျံ သုံးစွဲရန် လိုအပ်မည်ဟု ဂျပန် အစိုးရက ခန့်မှန်းကြောင်း ဂျပန်သတင်းစာများက ဇူလိုင် ၂၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ အတွက် ပထမ ငါးနှစ်တွင် ဂျပန်အစိုးရက ယန်း ၁၉ ထရီလျံ သုံးစွဲသွားမည် ဖြစ်ကြောင်း ကျိုဒို သတင်းအေဂျင်စီနှင့် ယိုမီယူရီ သတင်းစာတို့က ဖော်ပြခဲ့သည်။ စီမံကိန်း လုပ်ငန်းများ အတွက် ဂျပန်အစိုးရက အသုံးစရိတ်များ လျော့ချရန် လူထု ၀န်ဆောင်မှု လုပ်ငန်းများ၏ ပိုင်ဆိုင်မှု အရပ်ရပ် ရောင်းချရန်၊ ငွေချေးစာချုပ်သစ်များ ထုတ်ရောင်းရန်၊ အခွန်မြှင့်တင်မှုများ ဆောင်ရွက်ရန် စဉ်းစားနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ငလျင်ကြောင့် ပျက်စီးမှုများသည် ယန်း ၁၆ ဒသမ ၉ ထရီလျံ အထိ ရှိနိုင်ကြောင်း အစိုးရက အစောပိုင်းတွင် ခန့်မှန်းထားသည်။ ပါလီမန်က မေလတွင် ယန်း လေးထရီလျံ အပိုဘတ်ဂျက်ကို သဘောတူပေးခဲ့ပြီး ယန်း နှစ်ထရီလျံကို ဒုတိယမြောက် အပို ဘတ်ဂျက် အဖြစ် ခွင့်ပြုခဲ့ပြီ ဖြစ်သည်။ ယခုနှစ် နှောင်းပိုင်းတွင် ယန်း ၁၀ ထရီလျံ တန်ဖိုးရှိနိုင်သော အပိုဘတ်ဂျက် ပြဋ္ဌာန်းမှုကို ဆောင်ရွက်သွားမည်ဟု လေ့လာသူများက မျှော်လင့်ထားသည်။

အငြင်းပွား ရေပိုင်နက်အရေး ကုလခုံရုံးတွင် တင်ပြရန် ဖိလစ်ပိုင်မှ အဆို တင်သွင်းမှုကို တရုတ်ပယ်ချ

တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့်ဖိလစ်ပိုင် ပဋိပက္ခ ဖြစ်မှုများကို ကုလသမဂ္ဂ ကျောထောက် နောက်ခံပြုသည့် ခုံရုံးတွင် တင်ပြရန် ဖိလစ်ပိုင်ဘက်မှ အဆိုတင်သွင်းမှုကို တရုတ်က ပယ်ချခဲ့ကြောင်း သိရသည်။
''သက်ဆိုင်ရာ နိုင်ငံတွေ အကြား တိုက်ရိုက် ဆွေးနွေး ညှိနှိုင်းခြင်းမှ တစ်ဆင့် တောင်တရုတ်ပင်လယ် အငြင်းပွားမှုကို ဖြေရှင်းသင့်တယ် ဆိုတဲ့ ခံယူချက်ကို တရုတ်က အမြဲ ကိုင်စွဲထားတယ်''ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ
ပြောရေးဆိုခွင့် ရှိသူ Hong Lei က သတင်းထောက်များကို ပြောကြားခဲ့သည်။ ရေသယံဇာတ ရင်းမြစ် များစွာရှိသည်ဟု ယူဆသည့် တောင်တရုတ်ပင်လယ် ရေပိုင်နက် ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ဗီယက်နမ်၊ ဘရူနိုင်း၊ မလေးရှားနှင့် တရုတ်(တိုင်ပေ) တို့သည်လည်း တရုတ်၊ဖိလစ်ပိုင်တို့နှင့်အတူ အငြင်းပွားနေသည်။
ရေပိုင်နက် ဥပဒေ အတွက် အပြည်ပြည်ဆိုင်ရာ ခုံရုံးတွင် တင်ပြ ဆွေးနွေးကြရန် ဖိလစ်ပိုင်က တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံသို့ ပြီးခဲ့သည့် သီတင်းပတ် အတွင်းက သွားရောက်ခဲ့သည့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Albert del Rosario က ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ဥပဒေများကို အခြေခံပြီး စပရက်တလီကျွန်း အပါအ၀င် တောင်တရုတ်ပင်လယ် အစိတ်အပိုင်းများ အပေါ် ဖိလစ်ပိုင်နိုင်ငံ၏ တောင်းဆိုချက်များကို ထောက်ပြခဲ့ကြောင်း တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် del Rosario က သတင်းထောက်များကို ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ တောင်းဆိုချက် များသည် သမိုင်းဝင် အမှန်တရားများကို အခြေခံထားသည်ဟု တရုတ်နိုင်ငံမှ တာဝန်ရှိသူများက ပြောခဲ့ကြောင်း del Rosario က ထပ်မံ ပြောကြားခဲ့သည်။
အငြင်းပွားဖွယ် ရေပိုင်နက်တွင် ဖိလစ်ပိုင် ငါးဖမ်းသမားများကို သေနတ်နှင့် ပစ်ခဲ့သည့် ဖြစ်ရပ် အပါအ၀င် တောင်တရုတ်ပင်လယ် ရေပိုင်နက်တွင် တရုတ်၏ ရန်လိုသည့် အပြုအမှုများ များပြားလာသည်ဟု ဖိလစ်ပိုင် နှင့်
ဗီယက်နမ်နိုင်ငံ တို့က ပြီးခဲ့သည့် လအတွင်းက စွပ်စွဲ ပြောကြားခဲ့သည်။

အင်ဒိုနီးရှားရှိ လော်ကွန်မီးတောင် ပေါက်ကွဲ

AddThis Social Bookmark Button

w64206
ဇူလိုင်လ ၁၅ ရက်နေ့က လော်ကွန် မီးတောင် ပေါက်ကွဲနေမှု မြင်ကွင်း
အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းရှိ လော်ကွန်မီးတောင် ပေါက်ကွဲခဲ့ခြင်းကြောင့် လူထောင်ပေါင်းများစွာ အိုးအိမ် စွန့်ခွာခဲ့ရကြောင်း သိရသည်။ ဆူလာဝေစီပြည်နယ် မြောက်ပိုင်းတွင် တည်ရှိသော လော်ကွန် မီးတောင်မှ ချော်ရည်မှုန်များ ဖြာထွက်ခဲ့ပြီး ပြာမှုန်များမှာလည်း လေထု အတွင်း ပျံ့နှံ့ခဲ့သည်။ နှလုံးရောဂါကြောင့် သေဆုံးသွားသည့် အမျိုးသမီး တစ်ဦးမှ အပ သေဆုံးသူ မရှိသေးကြောင်း သိရသည်။
ဇူလိုင်လ ၁၄ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်တွင် စတင် ပေါက်ကွဲခဲ့ပြီးနောက် သန်းခေါင်းယံ အချိန်နှင့် နောက်တစ်နေ့ကူးစ နံနက် ၁ နာရီ ၁၀ မိနစ်တွင် ထပ်မံ ပေါက်ကွဲခဲ့သေးကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံတွင်းရှိ မီးတောင်ရှင် ၁၂၉ လုံးအနက် လော်ကွန်မီးတောင် ပါဝင်ပြီး ၁၉၉၁ ခုနှစ်က နောက်ဆုံး ပေါက်ကွဲခဲ့သည်။ ချော်ရည်များသည် မီးတောင်နှုတ်ခမ်းဝမှ စီးဆင်းလာပြီးနောက် အနောက်ဘက် ဆင်ခြေလျှော တစ်လျှောက် တောမီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ နောက်ထပ် ပေါက်ကွဲမှုများ ထပ်မံ ဖြစ်ပေါ်မည်ဟု ယူဆရသောကြောင့် တပ်လှန့် ထားရကြောင်း သိရသည်။
၅၇၄၁ ပေ မြင့်သော တောင်ကြီးမှာ ၁၅ ရက်နေ့ နံနက်ပိုင်း အထိ လှုပ်ခါနေဆဲ ဖြစ်သည်ဟု ဆိုသည်။ ရဲများနှင့်စစ်သားများမှ မီးတောင်ခြေ မြေသြဇာကောင်းသော ရပ်ဝန်းတွင် နေထိုင်သူ ဒေသခံများကို ကယ်ဆယ်ရေးတွင် ကူညီခဲ့ကြသည်ဟု မီးတောင်နီးရှိ တိုမိုဟွန်မြို့မှ ယာယီ မြို့တော်ဝန် ဂျင်မီအီမန် ကဆိုသည်။
လူ ၆၀၀၀ ကျော်ခန့်ကို ကျောင်းများ၊ ဘုရားရှိခိုးကျောင်းများနှင့် ယာယီ အမိုးအကာများသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်ကာ မီးတောင်လျှိုမြောင်နှင့် နှစ်မိုင်အတွင်းတွင် ရှိသူ ၂၇၀၀၀ ကိုလည်း ရွှေ့ပြောင်းပေးမည် ဖြစ်ကြောင်း
သိရသည်။

ဆူဟာတို၏သား နိုင်ငံရေးလောကသို့ ၀င်ရောက်လာ

b41519
ဟူတိုမိုမန်ဒါလာပူထရာ

b41520
ဆူဟာတိုနှင့် အသက်ငါးနှစ်အရွယ် ဟူတိုမိုမန်ဒါလာပူထရာ
ကွယ်လွန်သူ အင်ဒိုနီးရှား အာဏာရှင်ဟောင်း ဆူဟာတို၏ အငယ်ဆုံးသား မစ္စတာဟူတိုမိုမန်ဒါလာပူထရာသည် နိုင်ငံရေးလောကသို့ ပြန်လည် ၀င်ရောက်ရန် ကြိုးပမ်းနေသည်။ တော်မီဟု ထင်ရှားသည့် ပူထရာသည် National Repubilc (Partai Nasional Republik) ပါတီသစ် ဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရန် စီစဉ်နေသည်။ ခြစားမှု စွပ်စွဲချက်များဖြင့်
တရားစီရင်ခဲ့သော တရားသူကြီး ကို သတ်ဖြတ်ရန် စီစဉ်ခဲ့မှု အတွက် ၂၀၀၂ ခုနှစ်တွင် တော်မီအား ထောင် ၁၅ နှစ် ချထားခဲ့သည်။ နောက်လေးနှစ် အကြာတွင် ထောင်ဒဏ် ၅ နှစ် လျော့ချမှုဖြင့် အခြား လွတ်ငြိမ်းချမ်းသာမှုများဖြင့် တော်မီထောင်မှ လွတ်ခဲ့သည်။
စီးပွားရေးတွင်လည်း တော်မီသည် ဖခင်ရှိစဉ်ကကဲ့သို့ သြဇာ မရှိတော့ပေ။ သို့သော်လည်း တော်မီသည် အိမ်ခြံမြေ လုပ်ငန်းမှ မီဒီယာလုပ်ငန်း အထိ စီးပွားရေးလုပ်ငန်း အမျိုးမျိုးတွင် ပါဝင် ပတ်သက်နေပြီး ချမ်းသာနေဆဲ ဖြစ်သည်။
ယခုအခါ တော်မီက နိုင်ငံရေး ထိုးစစ် အတွင်းသို့ ၀င်ရောက်လာနေသည်။ ပါတီ စည်းရုံးရေး ခရီးသစ်များတွင် သမ္မတ ယူဒိုယိုနို အစိုးရ အဖွဲ့ကို ဝေဖန်ပြီး ဖခင်ဖြစ်သူ အုပ်ချုပ်ခဲ့သည့် နှစ် ၃၀ ကာလ အတွင်း စီးပွားရေး
တိုးတက်မှုများကို တမ်းတပြောဆိုနေသည်။ ''ပြုပြင်ပြောင်းလဲရေး နှစ် ၃၀ ဆောင်ရွက်တာက လူတွေရဲ့ ဘ၀ကို ပိုမကောင်းလာစေပါဘူး''ဟု တော်မီ၏ National Repubilc ပါတီ တည်ထောင်သူတစ်ဦး ဖြစ်သူ
ယက်အူဆမန်ဆူမာနီဂရာက ပြောကြားခဲ့သည်။ ပါတီ အနေဖြင့် အာဏာရှင်စနစ်ကို ပြန်သွားမည် မဟုတ်ကြောင်း သို့သော်လည်း အင်ဒိုနီးရှား၏ ဂုဏ်ရောင် ပြောင်မြောက်မှုကို တမ်းတခြင်းသာ ဖြစ်ကြောင်း မစ္စတာယက်က ပြောကြားခဲ့သည်။ အင်ဒိုနီးရှား ပြည်သူများသည် လက်ရှိ နိုင်ငံရေး အခြေအနေကို စိတ်ကုန်နေကြသည်။ မေလက ထုတ်ပြန်ခဲ့သော စစ်တမ်းတစ်စောင်တွင် သမ္မတ ယူဒိုယိုနိုကို ကျေနပ်မှုသည် ၅၀ ရာခိုင်နှုန်းအောက် ကျဆင်းသွားခဲ့ပြီး ၄၈ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ အင်ဒိုနီးရှားတို့၏ အနှစ်သက်ဆုံး သမ္မတကို စစ်တမ်း ထုတ်ရာတွင်လည်း ဆူဟာတိုကို ရွေးချယ်ခဲ့သူ ၃၆ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ယူဒိုယိုနိုက ဒုတိယ နေရာသာ ရရှိခဲ့သည်။
ထိုကဲ့သို့ အခြေအနေများကြောင့် တော်မီကို နှစ်သက်မှု ရှိစေနိုင်သည်။ တော်မီက သူ၏ ဦးတည်ချက်များကို မပြောကြားသေးသော်လည်း ၂၀၁၄ ခုနှစ်တွင် သမ္မတ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်နိုင်မည်ဟု ခန့်မှန်းနေကြသည်။

မလေးရှား ရွေးကောက်ပွဲစနစ် ပြုပြင် ပြောင်းလဲခြင်း မရှိပါက အသွေးအရောင်စုံ တော်လှန်ရေးနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း အတိုက်အခံ ခေါင်းဆောင် အန်ဝါအီဘရာဟင် သတိပေး

AddThis Social Bookmark Button

b41518
ကွာလာလမ်ပူမြို့တွင် ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင်များကို ထိပ်တိုက် ရင်ဆိုင်နေမှုအား ဇူလိုင် ၉ ရက်က တွေ့ရစဉ်
ကန့်ကွက်လှုပ်ရှားသူများ တောင်းဆိုသည့် အတိုင်း ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲပြီး ညစ်ပတ်သော နိုင်ငံရေးကို အဆုံးသတ်ရန် မလေးရှား အစိုးရက အားထုတ်ခြင်း မရှိပါက အသွေးအရောင်စုံ တော်လှန်ရေးနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း မလေးရှား အတိုက်အခံခေါင်းဆောင် တစ်ဦးဖြစ်သူ အန်ဝါအီဘရာဟင်က သတိပေးခဲ့သည်။
မဲမသမာမှုများနှင့် အခြား ရွေးကောက်ပွဲ မသမာမှုများ မရှိစေရေး ပြင်ဆင်မှုများ ပြုလုပ်ရန် လူ ၂၀၀၀၀ ခန့်က ကန့်ကွက်ခဲ့ကြရာတွင် အစိုးရက အင်အားသုံး နှိမ်နင်းခဲ့ပြီး နောက်တစ်နေ့ ဖြစ်သော ဇူလိုင်လ ၁၀ ရက်နေ့တွင်
အန်ဝါက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ လူ ၁၄၀၀ ကျော် ထိန်းသိမ်းခံခဲ့ရပြီး အန်ဝါပါ ထိခိုက် ဒဏ်ရာရခဲ့သော ကန့်ကွက် ဆန္ဒပြမှုသည် ၂၀၀၇ ခုနှစ် နောက်ပိုင်း အကြီးမားဆုံး ကန့်ကွက်မှု ဖြစ်ခဲ့သည်။
ဇူလိုင်လ ၁၀ ရက်နေ့တွင် လူငယ်ဘွဲ့ရများကို ပြောကြားရာ၌ People's Justice Party ခေါင်းဆောင် အန်ဝါက ''ကျွန်တော်တို့ အားထုတ် ကြရမယ်။ လွှတ်တော်တွင်းမှာရော၊ လွှတ်တော်ပြင်ပမှာပါ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ပေါ်လာဖို့၊ သူတို့ ရွေးကောက်ပွဲ စနစ်ကို မပြင်မချင်း ချီတက်ကြရမယ်''ဟု ပြောကြားခဲ့သည်။
မလေးရှားသည် ကိုယ်ပိုင် တော်လှန်ရေးကာလ အတွင်းသို့ ရောက်ရှိနေပြီးလား ဆိုသော မေးမြန်းချက်ကို အန်ဝါက''ကျွန်တော်တို့ အစိုးရ အပေါ်မှာ ယုံကြည်မှု မရှိတော့ပါဘူး။ ဒါကြောင့်(၀န်ကြီးချုပ်) နာဂျစ် သိထားရမှာက အဲဒီ အခြေအနေကို နီးကပ်နေပြီ ဆိုတာပါပဲ''ဟု ပြောကြားခဲ့သည်။
၁၉၅၅ ခုနှစ် ကတည်းက အာဏာရပါတီ ဖြစ်ခဲ့သော Barisan Nasional(National Front) ညွန့်ပေါင်းကို ဆက်လက် ဦးဆောင်ခွင့် ရခဲ့သူ နာဂျစ်က အန်ဝါသည် သူကိုယ်တိုင် ၀န်ကြီးချုပ် ဖြစ်လာရေး အတွက် ကောင်းသည်ဆိုးသည် မရွေး အကုန် လုပ်မည့်သူ ဖြစ်ကြောင်း ပြန်လည် ဝေဖန်ခဲ့ဖူးသည်။ တစ်ချိန်က Barisan Nasional ၏ ခေါင်းဆောင်ပိုင်းတွင် ပါဝင်ခဲ့ပြီး ဒုဝန်ကြီးချုပ် အထိ ဖြစ်ခဲ့ဖူးသူ အန်ဝါသည် ဇူလိုင် ၉ ကန့်ကွက်မှုများကို သူ့နိုင်ငံရေး အကျိုးအမြတ် အတွက် အသုံးချနေကြောင်း နာဂျစ် ဝေဖန်ခဲ့သည်။ နာဂျစ် အစိုးရသည် ကန့်ကွက်မှုများကို တားဆီးရန် အပြင်းထန်ဆုံး ကိုင်တွယ်ခဲ့ပြီး ကွာလာလမ်ပူမြို့ တစ်ခုလုံး ရဲများဖြင့် ပိတ်ဆို့ခဲ့ကာ ကန့်ကွက်မှု ပြုလုပ်သည့် Coalition for Clean and Fair Elections အဖွဲ့၏ အရောင် ဖြစ်သော အ၀ါရောင်ဝတ်သူ မှန်သမျှ ဖမ်းဆီးမည်ဟု ထုတ်ပြန်ခဲ့သည်။
ယခု နှိမ်နင်းမှုများသည် ဆယ်စုနှစ်များအတွင်း မြင်တွေ့ခဲ့ရသမျှထဲတွင် အဆိုးရွားဆုံး ဖြစ်ကြောင်း အမ်နက်စ်တီ အင်တာနေရှင်နယ်က ဝေဖန်ခဲ့သည်။ BN ညွန့်ပေါင်းတွင် အဓိကပါတီ အဖြစ် ရှိနေသည့် UMNO ပါတီတွင် အဖွဲ့ဝင် ၃ သန်းမျှ ရှိနေကြောင်း၊ ကွာလာလမ်ပူတွင် မငြိမ်မသက်မှုများ ဖြစ်သွားစေလိုက တစ်သန်းမျှကို စုစည်း လိုက်ရုံသာ ဖြစ်ကြောင်း။ မိမိတို့ အင်အားကို သံသယ မရှိစေလိုကြောင်း နာဂျစ်က သတိပေးခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ရထားလမ်းချော်မှုကြောင့် လူ ၈၀ နီးပါး သေဆုံး

b41508
ဇူလိုင်လ ၁၁ ရက်နေ့က အာသံပြည်နယ်၊ ဘက်ကူချီ ကျေးရွာတွင် ဖြစ်ပွာခဲ့သော ရထား လမ်းချော်တိမ်းမှောက်မှု
ဇူလိုင် ၁၀ ရက်က ဥတာပရာဒေ့ရှ်ပြည်နယ် မြောက်ပိုင်းတွင် ခရီးသည်တင် ရထားတစ်စီးမှာ လမ်းချော်မှု ဖြစ်ခဲ့ပြီး အာသံပြည်နယ်တွင်လည်း ရထားသံလမ်း၌ ထောင်ထားသော ဗုံးပေါက်ကွဲမှုကြောင့် အခြား ရထားတစ်စီးမှာ လမ်းချော် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ဥတာပရာဒေ့ရှ်ပြည်နယ် မြို့တော် Lucknow မှ ၉၅ မိုင် အကွာတွင် ခရီးသည်တင် ရထားတစ်စီး လမ်းချော်ခဲ့ပြီး ရထားတွဲ ဒါဇင်ပေါင်း များစွာမှာ မြောက်တက်သွားခြင်း၊ တစ်ခုနှင့်တစ်ခု ထပ်မိခြင်း ဖြစ်ခဲ့သည်။ ကိုလ်ကတ္တားမှ နယူးဒေလီသို့ သွားရောက်သည့် ရထားပေါ်တွင် ခရီးသည် ၁၀၀၀ ခန့် လိုက်ပါလာခဲ့ပြီး သေဆုံးသူ ၆၇ ဦးတွင် ဆွီဒင် နိုင်ငံသား နှစ်ဦးလည်း ပါဝင်သည်။ အာသံပြည်နယ်တွင် National Democratic Front of Bodolan NDFB ဟု ခေါ်သော မျိုးနွယ်စု ခွဲထွက်ရေး အဖွဲ့က ထောင်ထားခဲ့သည်ဟု ယူဆရသော ဗုံးတစ်လုံးကြောင့် ခရီးသည်တင် ရထားတစ်စီးမှာ လမ်းချော်ခဲ့သည်။ ရထားတွဲလေးခုမှာ လိမ့်ထွက်သွားခဲ့ပြီး အနည်းဆုံးလူ ၁၀၀ ခန့် ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဇူလိုင် ၇ ရက်ကလည်း ဥတာပရာဒေ့ရှ် ပြည်နယ်တွင် ရထားတစ်စီးနှင့် ဘတ်စကားတစ်စီး တိုက်မိမှု တို့ကြောင့် လူ ၃၈ ဦးခန့် သေဆုံးခဲ့သည်။ အိန္ဒိယတွင် ပုဂ္ဂလိက လေကြောင်းလိုင်းများ အပြိုင်အဆိုင် ထွက်ပေါ်လာသော်လည်း လူ ၁၈ ဒသမ ၅ သန်းကျော် နေ့စဉ် စီးနင်းနေသည့် ရထားလမ်း ကွန်ရက်မှာ လိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်၍ တရုတ် ကျည်ဆန်ရထားလမ်းသစ် ပြေးဆွဲမှု ရပ်ဆိုင်း

ဒေါ်လာ ၃၃ ဘီလျံ ကုန်ကျသော ပေကျင်းနှင့် ရှန်ဟိုင်း ကျည်ဆန်ရထား လမ်းသစ်သည် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြေးဆွဲမှု ရပ်ဆိုင်းခဲ့ရကြောင်း တရုတ် ရထားပို့ဆောင်ရေး
အာဏာပိုင်များက ပြောကြားခဲ့သည်။
မိုးကြိုးများ ပစ်ခဲ့ပြီး လေပြင်းထန်စွာ တိုက်ခတ်ခဲ့သောကြောင့် ဒေသစံတော်ချိန် ညနေ ၆ နာရီခန့်တွင် ရထားလမ်းသို့ ပို့လွှတ်နေသော လျှပ်စစ်ဓာတ်အားလိုင်း မိနစ် ၉၀ ခန့် ပြတ်တောက်သွားခဲ့ကြောင်း ပေကျင်း ရထားပို့ဆောင်ရေး ဗျူရိုက ပြောကြားခဲ့သည်။
မီးပျက်သွားခဲ့ပြီး ရထားတွဲများ ရုတ်တရက် ပူလာခဲ့ကြောင်း လေအေးပေးစနစ်မှာ မီးပျက်သောကြောင့် ရပ်တန့်သွားခဲ့ကြောင်း ခရီးသည်များက ပြောကြားခဲ့သည်။ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်သည် တရုတ်နိုင်ငံ၏ အဓိက မြို့ကြီးနှစ်မြို့ကြား ပြေးဆွဲသော ကျည်ဆန် ရထားလမ်းကို ဇွန်လ ၃၀ ရက်နေ့က တရားဝင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ နှစ် (၉၀)ပြည့် အထိမ်းအမှတ် အကြို နေ့တွင် ကျည်ဆန်ရထားလမ်း ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
ရထားလမ်းသစ်များ တည်ဆောက်ရေး အတွက် ငွေကြေး အမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့ခြင်းကြောင့် ခြစားမှု အတွက် အဓိကကဏ္ဍ ဖြစ်စေခဲ့သည်။ ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် လူတစ်ဦးချင်းက ပေကျင်း၊ ရှန်ဟိုင်း ရထားလမ်း အတွက် ရန်ပုံငွေများမှ ယွမ် ၁၈၇ သန်းကို ခိုးယူခဲ့ကြကြောင်း တရုတ်နိုင်ငံတော် စာရင်းစစ်က မတ်လတွင် ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလက ရထားပို့ဆောင်ရေး ၀န်ကြီးဟောင်း လျူကျီရွှန်သည် တရုတ်ကျည်ဆန်ရထား ကွန်ရက် စီမံကိန်းများမှ ယွမ်သန်း ၈၀၀ ကျော် ရယူခဲ့ကြောင်း စွပ်စွဲခံရပြီးနောက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။
စီစဉ်ထားသည်ထက် တစ်နှစ် စော၍ ဖွင့်လှစ်ခဲ့သော ပေကျင်း၊ ရှန်ဟိုင်း ရထားလမ်း၏ အန္တရာယ် ကင်းရှင်းမှု အပေါ် စိုးရိမ်မှုများ ရှိနေချိန်တွင် လျှပ်စစ်ဓာတ်အား မတော်တဆ ပြတ်တောက်မှုက စိုးရိမ်မှု ထပ်မံ ဖြစ်စေခဲ့ကြောင်း ချိုင်းနားဒေးလီး သတင်းစာက ဇူလိုင်လ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယား အရေးတွင် တရုတ်ကူညီရန် အမေရိကန်ဗိုလ်ချုပ်ကြီး တိုက်တွန်း

b41507
ဇူလိုင်လ ၁၁ ရက်နေ့က အမေရိကန် စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မိုက်မူလင်နှင့် တရုတ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချန်ပင်တေးတို့ တွေ့ဆုံစဉ်
တရုတ်နိုင်ငံ အနေဖြင့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ကောင်းမွန်မှုကို အသုံးချကာ ဒေသတွင်း တည်ငြိမ်မှု ရရှိစေရေး အတွက် ယင်းနိုင်ငံကို တွန်းအားပေးရန်၊ မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် ရန်စသည့် လုပ်ရပ်များကို နောက်ထပ် မပြုလုပ်ရန် ပေကျင်းမြို့သို့ ရောက်ရှိနေသော အမေရိကန်စစ်ဦးစီးချုပ်များ အဖွဲ့ ဥက္ကဋ္ဌ မိုက်မူလင်က ဇူလိုင်လ ၁၀ ရက်နေ့တွင် တိုက်တွန်း ပြောကြားခဲ့သည်။
အာရှဒေသတွင် ဖြစ်ပွားနေသည့် ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုသည် ထိန်းချုပ် မရနိုင်သည့် အခြေအနေသို့ ရောက်ရှိလာမည်ကို စိုးရိမ်မိကြောင်းနှင့် တရုတ်နိုင်ငံ၏ စစ်အင်အား တိုးမြှင့်မှုကိုလည်း ပူပန်မိကြောင်း မိုက်မူလင်က ပြောကြားခဲ့သည်။တရုတ်နိုင်ငံ အနေဖြင့် အရှိန်အဟုန် ကြီးစွာ တိုးတက်လာမှုကို မိမိတို့ အနေဖြင့် ၀င်ရောက်စွက်ဖက်ရန် အကြောင်း မရှိသော်လည်း အာရှ-ပိစိဖိတ်ဒေသ အရေးကိစ္စများတွင် တက်ကြွစွာ ဆက်လက် ပါဝင်သွားမည် ဖြစ်ကြောင်း မိုက်မူလင်က ပြောကြားခဲ့သည်။
''သမိုင်း အထောက်အထားတွေကို ပြန်ကြည့်မယ် ဆိုရင် မြောက်ကိုရီးယား ခေါင်းဆောင်တွေဟာ ရန်စမှုတွေကို ပြုလုပ်တတ်တဲ့ အစဉ်အလာ ရှိပါတယ်။ အခုဆိုရင် အရင်ကထက် ပိုဆိုးလာတယ်လို့ ကျွန်တော် ထင်ပါတယ်''ဟု မိုက်မူလင်က ပြောကြားခဲ့သည်။ ၂၀၁၀ ပြည့်နှစ် မတ်လအတွင်းက တောင်ကိုရီးယား စစ်သင်္ဘောကို တော်ပီဒိုဖြင့် ပစ်ခတ်ခံခဲ့ရမှုကြောင့် လူ ၄၆ ဦး သေဆုံးခဲ့ရခြင်းသည် မြောက်ကိုရီးယား၏ လက်ချက် ဖြစ်ကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့ပြီးချိန်မှစ၍ နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာလာခဲ့သည်။
အဆိုပါ စွပ်စွဲမှုကို မြောက်ကိုရီးယားက ငြင်းဆိုခဲ့သော်လည်း ပြီးခဲ့သော နှစ်၊ နိုဝင်ဘာလအတွင်း နယ်စပ်ကျွန်းကို အမြောက်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် တောင်ကိုရီးယား နိုင်ငံသား လေးဦး သေဆုံးခဲ့ရသည်။
''တရုတ်ခေါင်းဆောင်ပိုင်းနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းတို့ အကြား ဆက်ဆံရေးက အရမ်း ကောင်းမွန်ပါတယ်။ ပုံမှန် ပူးတွဲ လုပ်ဆောင်မှုတွေ ရှိပါတယ်။ ဒီအတိုင်း ဆက်ဆံရေး ကောင်းနေဖို့လည်း အရေးကြီးပါတယ်''ဟု မိုက်မူလင်က ပြောကြားခဲ့သည်။မိုက်မူလန်၏ တရုတ်နိုင်ငံသို့ လေးရက်ကြာ ခရီးစဉ်အတွင်း တရုတ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချန်ပင်တေးနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး တောင်တရုတ်ပင်လယ် အရေးမှာလည်း အဓိက ဆွေးနွေးဖွယ် ဖြစ်ခဲ့သည်ဟု သိရသည်။

မလေးရှားတွင် ၂၀၀၇ ခုနှစ် နောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြမှု အတွင်း လူ ၁၆၀၀ ကျော် အဖမ်းခံရ

AddThis Social Bookmark Button

w64122
ကွာလာလမ်ပူမြို့တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့နေစဉ်
မလေးရှားနိုင်ငံ၊ မြို့တော် ကွာလာလမ်ပူ၌ ၂၀၀၇ ခုနှစ် နောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြမှုကို ဇူလိုင် ၉ ရက်က ပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များ အသုံးပြု နှိမ်နင်းခဲ့ပြီး လူ ၁၆၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ကွာလာလမ်ပူရှိ လမ်းများ တစ်လျှောက် လူ ၅၀၀၀၀ ခန့်က ရွေးကောက်ပွဲ စနစ် ပြုပြင် ပြောင်းလဲမှု ပြုလုပ်ရန်အတွက် တောင်းဆို ဆန္ဒပြခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၁၀၀၀၀ ခန့် ချထားခဲ့ကြောင်း သိရသည်။ လာမည့် နှစ်ဆန်းပိုင်းတွင် ရွေးကောက်ပွဲ ပြုလုပ်ဖွယ် ရှိပြီး မဲဝယ်ခြင်း၊ မသမာမှု ပြုလုပ်ခြင်း တို့ကို ကာကွယ်ပေးရန် အပါအ၀င် မဲပေးမှုစနစ် ပြုပြင် ပြောင်းလဲရန် အတွက် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
တရား ရင်ဆိုင်နေရဆဲ ဖြစ်သော ဒုတိယ ၀န်ကြီးချုပ်ဟောင်းနှင့် အတိုက်အခံ ခေါင်းဆောင် အသက် ၆၂ နှစ်ရှိ အန်ဝါအီဗရာဟင်မှာလည်း ရဲတပ်ဖွဲ့ ပစ်ခတ်လိုက်သော မျက်ရည်ယိုဗုံးကြောင့် ခေါင်းနှင့်ခြေတွင် ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။
လူတစ်ဦးတည်းက မဲအကြိမ်ကြိမ် ပေးခြင်းကို ကာကွယ်ရန် အတွက် မဖျက်နိုင်သောမင် အသုံးပြုရန်၊ ပါတီအားလုံးကို မီဒီယာ အသုံးပြုခွင့် တန်းတူပေးရန် စသည့် ပြုပြင်ပြောင်းလဲမှု အတွက် ဆန္ဒပြမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အတိုက်အခံညွန့်ပေါင်း Bershi က ပြောကြားသည်။ ''ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲဖို့၊ လွတ်လပ်ပြီး တရားမျှတတဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့ အတွက်ပဲ တောင်းဆို ဆန္ဒပြတာ''ဟု အသက် ၅၀ နှစ်ရှိ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
ရဲတပ်ဖွဲ့ဝင် ၁၀၀၀၀ ခန့် ချထားပြီး နှိမ်နင်းမှု အတွင်း ဖမ်းဆီးခံရသူများမှာ အာမခံဖြင့် ပြန်လွတ်လာဖွယ် ရှိကြောင်း သိရသည်။
''အပြောင်းအလဲ အတွက် ကျွန်တော်တို့ ဆန္ဒ ထုတ်ဖော်ဖို့ အခွင့်အရေး တစ်ခါမှ မရခဲ့ဘူး''ဟု အသက် ၃၀ နှစ်ရှိ ကျောင်းသား Chew Ai Nee က ပြောကြားသည်။

ပါကစ္စတန်နှင့် ဘင်လာဒင် ဆက်ဆံမှု မရှိခဲ့ကြောင်း သမ္မတဟောင်း မူရှာရက်ဖ် ပြောကြား

w64307
ဝါရှင်တန်ရှိ ၀ုဒ်ရိုးဝီလ်ဆင် စင်တာတွင် အမေရိကန်-ပါကစ္စတန် ဆက်ဆံရေး ခေါင်းစဉ်ဖြင့် ဟောပြောနေသည့် မူရှာယက်ဖ်
လန်ဒန်သို့ ထွက်ပြေး တိမ်းရှောင်နေသည့် ပါကစ္စတန် သမ္မတဟောင်း မူရှာရက်ဖ်က မိမိတို့ နိုင်ငံနှင့် အိုစမာဘင်လာဒင် တို့အကြား ဆက်ဆံမှု မရှိခဲ့ကြောင်း၊ နှစ်နိုင်ငံ အစိုးရများ အနေဖြင့် အဆိုပါကိစ္စကို အကျယ်မချဲ့ဘဲ ယုံကြည်မှုကို ပြန်လည် တည်ဆောက်သင့်ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့က ပြောကြားခဲ့သည်။
''ပါကစ္စတန်နိုင်ငံဟာ အိုစမာဘင်လာဒင်နဲ့ ပတ်သက်မှု မရှိခဲ့ဘူး ဆိုတာ ကမ္ဘာနဲ့အမေရိကန်နိုင်ငံကို လက်ခံ ယုံကြည်လာအောင် လုပ်ရမှာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ ပေါ့ဆမှုကြောင့် ဖြစ်သွားရတာပါ''ဟု မူရှာရက်ဖ်က ၀ါရှင်တန်သို့ ရောက်ရှိစဉ် ပြောကြားခဲ့သည်။
မေလ ၂ ရက်နေ့တွင် အမေရိကန် အထူးတပ်ဖွဲ့များက အိုစမာဘင်လာဒင်အား ပါကစ္စတန်နိုင်ငံ ပိုင်နက် အတွင်း ၀င်ရောက် တိုက်ခိုက်ခဲ့မှုကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး ထိခိုက်ခဲ့ရာ ဘင်လာဒင် အနေဖြင့် ပါကစ္စတန်နိုင်ငံ အတွင်း ငါးနှစ်ကြာ နေထိုင်ခဲ့ခြင်းကို အစိုးရက သိရှိကြောင်း အမေရိကန်နိုင်ငံက သံသယ ဖြစ်ပွားခဲ့သည်။ ''အိုစမာဘင်လာဒင် ပါကစ္စတန်နိုင်ငံမှာ ငါးနှစ်နေခဲ့တဲ့ထဲက နှစ်နှစ်က ကျွန်တော် သမ္မတတာဝန် ထမ်းဆောင်စဉ်ကာလ ဖြစ်ပါတယ်။ သူနဲ့ ကျွန်တော်တို့ ပတ်သက်မှု လုံးဝ မရှိခဲ့ပါဘူး။ ဒါကတော့ ယုံချင်ယုံ၊ မယုံချင်နေပေါ့''ဟု မူရှာရက်ဖ်က ပြောကြားခဲ့သည်။
ယခုအခါ အသက် ၆၇ နှစ်အရွယ် ရှိပြီ ဖြစ်သော မူရှာရက်ဖ်သည် ပါကစ္စတန်နိုင်ငံ၏ သမ္မတရာထူးကို ၁၉၉၉ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး စက်တင်ဘာ ၁၁ တိုက်ခိုက်မှုပြီးနောက် အမေရိကန် သမ္မတဟောင်း
ဂျော့ဒဗလျူဘုရှ် အစိုးရနှင့် ဆက်ဆံရေး တိုးမြှင့်ခဲ့သည်။ မူရှာရက်ဖ်သည် ယခုအခါ လန်ဒန်တွင် တိမ်းရှောင်နေပြီး  ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ပါကစ္စတန်နိုင်ငံသို့ လာမည်နှစ်တွင် ပြန်သွားရန်
ပြင်ဆင်ထားကြောင်း သိရသည်။

တရားရုံး ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့် အနေဖြင့် အီကွေဒေါ သတင်းစာ တစ်စောင်က မျက်နှာဖုံးဗလာဖြင့် ထုတ်ဝေ

AddThis Social Bookmark Button

w64305
အီကွေဒေါသမ္မတ ရာဖေးကော်ရီရာ(၀ဲ)၊ အယ်လ်ယူနီဗာဆို သတင်းစာ မျက်နှာဖုံး(ယာ)
အီကွေဒေါသမ္မတကို အသရေ ဖျက်မှုဖြင့် လျော်ကြေးပေးရန် တရားရုံးက အမိန့်ချခဲ့ပြီးနောက် အယ်လ်ယူနီဗာဆို သတင်းစာက ကန့်ကွက်သည့် အနေဖြင့် မျက်နှာဖုံး စာမျက်နှာကို ဗလာထည်သက်သက်ဖြင့် ထုတ်ဝေခဲ့ကြောင်း သိရသည်။
သတင်းစာ အမည်အောက်တွင် အဖြူရောင်ကွက်လပ်သာ ထားခဲ့ပြီး အောက်ခြေတွင် ရုရှား - အမေရိကန် စာရေးဆရာမ အိုင်ရန်း၏ ''အကျင့်ပျက် ခြစားမှုဟာ ဂုဏ်ပြုချီးမြှောက် ခံရပြီး ရိုးသားမှုဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေသလို ဖြစ်လာပြီဆိုရင် သင့်လူ့အဖွဲ့အစည်းဟာ ပျက်စီးနေပြီဆိုတာ သင်သိရမယ်''ဟူသော စကားကို ဖော်ပြထားသည်။
သမ္မတ ရာဖေးကော်ရီရာ အကြောင်း ရေးထားသည့် ဆောင်းပါး တစ်ပုဒ် အတွက် သတင်းစာ၏ ဒါရိုက်တာများနှင့် အတွေးအမြင်ဆိုင်ရာ အယ်ဒီတာကို တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့ပြီး ၎င်းတို့က သမ္မတကို လျော်ကြေးငွေ ဒေါ်လာ သန်း၃၀ ပေးအပ်ရန် တရားရုံးက အမိန့်ချခဲ့သည်။ သတင်းစာကလည်း သမ္မတကို လျော်ကြေးဒေါ်လာ ၁၀ သန်းပေးရန် အမိန့်ချခဲ့သည်။
သမ္မတက နစ်နာကြေး ဒေါ်လာ သန်း ၈၀ ရလိုကြောင်း တောင်းဆိုထားသည်။ နှစ်ဖက်စလုံးက ဆုံးဖြတ်ချက်ကို အယူခံ ထပ်ဝင်ကြမည် ဖြစ်သည်။ သတင်းစာ လွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့အစည်းများက တရားရုံး ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပြီး ယခု ဖြစ်စဉ်သည် ကော်ရီရာ၏ မီဒီယာတို့ကို ဖိနှိပ်လိုခြင်းကို ဖော်ပြခြင်း ဖြစ်ကြောင်း ဝေဖန်ခဲ့ကြသည်။
''လွတ်လပ်စွာ ဖော်ပြခွင့်အပေါ် ကြီးစွာသော အထိနာမှုပါပဲ။ ဒီလိုမျိုးတွေ လက်တင်အမေရိကမှာ ဖြစ်နေတာဟာ တိုးတက်မှုကို ထိခိုက်စေပါတယ်''ဟု ဂျာနယ်လစ်များ ကာကွယ်ပေးရေး ကော်မတီမှ အမေရိက အစီအစဉ်
ညှိနှိုင်းရေးမှူး ကားလို့စ်လောရီရာက ပြောကြားခဲ့သည်။
သမ္မတ ကော်ရီရာက ယင်းဆောင်းပါးတွင် သူ့ကို အာဏာရှင် တစ်ဦးဟု ရည်ညွှန်းထားပြီး အရပ်သားများ ပြည့်နေသော ဆေးရုံတစ်ရုံကို ပစ်ခတ်ရန် လုံခြုံရေးတပ်ဖွဲ့များအား ညွှန်ကြားခဲ့သည်ဟု စွပ်စွဲထားကြောင်း တင်ပြခဲ့သည်။
ဆောင်းပါးရှင် ပလာစီယိုကမူ သမ္မတကို စွပ်စွဲထားခြင်း မပါဝင်ကြောင်း၊ ကော်ရီရာ၏ ရန်သူတစ်ဦးဦးသာ သမ္မတ ဖြစ်လာပါက ယင်းသို့ စွပ်စွဲခံရနိုင်ကြောင်း ရေးသားခဲ့ခြင်းသာ ဖြစ်သည်ဟု ချေပထားသည်။

ဆိုမာလီယာ တောင်ပိုင်းတွင် အငတ်ဘေး ကြုံနေရကြောင်း ကုလသမဂ္ဂ ကြေညာ

AddThis Social Bookmark Button
b41629
ဆိုမာလီယာ တောင်ပိုင်းဒေသများတွင် အငတ်ဘေး ကြုံနေရကြောင်း ကုလသမဂ္ဂက ဇူလိုင်လ ၂၀ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အနှစ် ၆၀ အတွင်း အဆိုးရွားဆုံး မိုးခေါင် ရေရှားမှုနှင့် ရင်ဆိုင်နေရသော ဆိုမာလီယာ နိုင်ငံသား သန်းပေါင်းများစွာသည် အစာရေစာ ရရှိရန် အိမ်နီးချင်း နိုင်ငံများသို့ ရက်နှင့်ချီ လမ်းလျှောက် ထွက်ခွာနေရသည့် အခြေအနေမျိုး ရောက်ရှိနေချိန်တွင် ကုလက ယခုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။
စစ်ပွဲဒဏ်ကြောင့် ပျက်စီးနေသော နိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါး၊ လူ ၃ ဒသမ ၇ သန်းခန့်သည် စားနပ်ရိက္ခာ အကျပ်အတည်း ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။ ချက်ချင်း အရေးယူ မဆောင်ရွက်ပါက အငတ်ဘေးသည် နှစ်လ အတွင်း တောင်ပိုင်းဒေသ ၈ နေရာလုံးသို့ ပျံ့နှံ့သွားမည် ဖြစ်ကြောင်း ဆိုမာလီယာဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်သူ မာ့ဘောင်ဒင် က ပြောကြားခဲ့သည်။
ကုလသမဂ္ဂက တောင်ပိုင်း ဘာကူလ်(Bakool)နှင့် ရှာဘယ်လီအောက်ပိုင်း(Lower Shabelle) ဒေသ တို့ကို အငတ်ဘေး ကြုံနေရသောဒေသ အဖြစ် ကြေညာခဲ့ခြင်း ဖြစ်သည်။ ထုတ်ပြန်ခဲ့ပြီး မကြာမီပင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်က ဆိုမာလီယာနှင့် ကင်ညာရှိ ဆိုမာလီ ဒုက္ခသည်များ အတွက် ထပ်တိုး အလှူငွေ အမေရိကန် ဒေါ်လာ ၂၈ သန်း ထပ်မံ ပေးအပ်သွားမည် ဖြစ်ကြောင်း ကြေညာသည်။ ယခုနှစ်အတွင်း ဆိုမာလီ အတွက် အကူအညီ ၄၃၁ သန်း ပေးခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
မိုးခေါင်ရေရှားမှု ဆိုးရွားစွာ ကြုံတွေ့ရခြင်း၊ သီးနှံပျက်ခြင်း၊ မွေးမြူရေး တိရစ္ဆာန်များ သေဆုံးခြင်း၊ ကုန်ဈေးနှုန်းတက်ခြင်း၊ ပြည်တွင်းစစ်နှင့် ပဋိပက္ခများကြောင့် အရှေ့အာဖရိကရှိ နိုင်ငံအချို့တွင် ပြည်သူ သန်းပေါင်းများစွာမှာ
အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။ ကင်ညာ၊ အီသီယိုးပီးယား၊ ဂျီဘောင်တီ၊ ယူဂန္ဓာ၊ ဆိုမာလီယာ နိုင်ငံတို့မှ လူ ၁၁ သန်းခန့်မှာ အငတ်ဘေးဒုက္ခ ကြုံနိုင်ကြောင်း ကုလက ပြောကြားခဲ့သည်။

ဖုန်းအချက်အလက် ခိုးယူမှု အရှုပ်တော်ပုံ၏ ဖော်ကောင် ရုတ်တရက် သေဆုံး

b41613
ဗြိတိန်တွင် ဖုန်းအချက်အလက် ခိုးယူမှု အရှုပ်တော်ပုံ၏ ဖော်ကောင် ဖြစ်သော News of the World သတင်းထောက်ဟောင်း တစ်ဦး ဖြစ်သည့် ရှောင်ဟိုရေးမှာ ၎င်း၏အိမ်၌ ဇူလိုင် ၁၈ ရက်၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ သို့သော် သံသယဖြစ်ဖွယ် အခြေအနေများကို မတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ဟိုရေးသည် ပြီးခဲ့သောနှစ်တွင် နယူးယောက်တိုင်းမ်သတင်းစာ၊ ဘီဘီစီသတင်းဌာနနှင့် အင်တာဗျူးများ ပြုလုပ်ခဲ့ပြီး ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်၏ ဆက်သွယ်ရေး အရာရှိချုပ် ဖြစ်ခဲ့သည့် News of the World သတင်းစာ အယ်ဒီတာဟောင်း အန်ဒီကော်လ်ဆင်သည် ဖုန်းအချက်အလက် ခိုးယူသည့် ကိစ္စကို သိရှိနေကြောင်း ဖွင့်ချခဲ့သည်။ လန်ဒန်မြောက်ပိုင်း၊ ၀တ်ဖို့ဒ်ရှိ ဟိုရေး နေအိမ်တွင် လူတစ်ဦး သေဆုံးနေကြောင်း အကြောင်းကြားသဖြင့် ရဲကားများ၊ လူနာတင်ကားများ သွားရောက်ခဲ့ရာ ရောက်ရှိပြီး မကြာမီပင် ဟိုရေးမှာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဟိုရေး သေဆုံးရသည့် အကြောင်းရင်းကို အတိအကျ မသိရသေးကြောင်း၊ သို့သော် သံသယဖြစ်စရာ မရှိသေးကြောင်း၊ ကိုယ့်ကိုယ်ကို သတ်သေခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ဟိုရေးမှာ မကြာသေးမီ သီတင်းပတ်များ အတွင်း တစ်ကိုယ်တည်းနေပြီး အများကို ထိတ်လန့်နေသည်ဟု ၎င်း၏သူငယ်ချင်းနှင့် အိမ်နီးချင်း တစ်ဦးက ပြောကြားသည်။

ဖုန်းအချက်အလက် ခိုးယူမှု အရှုပ်တော်ပုံကြောင့် စကော့တလန်ယာ့ဒ် ရဲမင်းကြီးနှင့် လက်ထောက်ရဲမင်းကြီး ရာထူးမှ နှတ်ထွက်ခဲ့ရပြီး နယူးစ်ကော်ပိုရေးရှင်း အမှုဆောင်ချုပ် ထိန်းသိမ်း စစ်ဆေးခံရ

b41612
လန်ဒန်ရှိ နယူးစ်အင်တာနေရှင်နယ် ရုံးချုပ်တွင် News of the World သတင်းစာတံဆိပ်ကို ဖယ်ရှားထားစဉ်(အောက်တွင် တစ်နေရာ လွတ်နေသည်)၊ မီဒီယာများကို ပြောကြားနေသည့် မားဒေါ့ခ်ျ(ယာ)
ဖုန်းသတင်း အချက်အလက် ခိုးယူမှု အရှုပ်တော်ပုံသည် ရဲများ၏ အကျင့်ပျက် ခြစားမှု အရှုပ်တော်ပုံနှင့်ပါ ရောယှက်သွားခဲ့ပြီး ဗြိတိန်မြို့တော် ရဲဌာန(စကော့တလန်ယာ့ဒ်)၏ ရဲမင်းကြီးနှင့် လက်ထောက် ရဲမင်းကြီးတို့ပါ ရာထူးမှ နှတ်ထွက်ပေးခဲ့ရကြောင်း သိရသည်။ နယူးစ်ကော်ပိုရေးရှင်း၏ အမှုဆောင်ချုပ် ရာထူးမှ နှတ်ထွက်လိုက်သူ ရီဘတ်ကာ ဘရွတ်ခ်မှာလည်း နုတ်ထွက်ပြီး နှစ်ရက် အကြာတွင် ထိန်းသိမ်း စစ်မေးခံခဲ့ရကြောင်း သိရသည်။
အသက် ၈၀ ပြည့်ပြီဖြစ်သော မားဒေါ့ခ်ျ၏ မွေးစားသမီးဟု မှတ်ယူခံရသည့် အသက် ၄၃ နှစ် အရွယ် ရီဘတ်ကာ ဘရွတ်ခ်ကို ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖမ်းဆီး စစ်ဆေးခဲ့ပြီး ၁၂ နာရီ အကြာ ဇူလိုင်လ ၁၈ ရက်နေ့ အစောပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။ နိုင်ငံရေးနှင့်လူမှုရေး အရ အတွင်းပိုင်းတွင် ပေါက်ရောက်သူ အဖြစ် လူသိများသော ဘရွတ်ခ်သည် ၀န်ကြီးချုပ် ကင်မရွန်နှင့် ခရစ္စမတ်တွင် ညစာ အတူစားသည် အထိ ရင်းနှီးသူ ဖြစ်သည်။ ယခုဖြစ်စဉ်ကြောင့် ကွန်ဆာဗေးတစ် အစိုးရမှာ မားဒေါ့ခ်ျ၏ မီဒီယာ အင်ပါယာနှင့် မည်မျှ ပတ်သက်နေသည်ကို မေးခွန်းထုတ်ဖွယ် ဖြစ်လာခဲ့သည်။
မားဒေါ့ခ်ျ၏ ဒေါင်းဂျုံးစ်နှင့် ကုမ္ပဏီကို ကွပ်ကဲနေရာမှ နှတ်ထွက်လိုက်သည့် လက်စ်ဟင်တန်၊ အသက် ၃၈ နှစ် အရွယ်ရှိ သားဖြစ်သူ ဂျိမ်းစ်မားဒေါ့ခ်ျတို့မှာ နောက်ထပ် ဖမ်းဆီး စစ်ဆေးခံရသူများ ဖြစ်လာနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ဘရွတ်ခ် ဖမ်းဆီးခံရပြီး မရှေးမနှောင်းပင် မားဒေါ့ခ်ျ၏ News of the World လက်ထောက် အယ်ဒီတာ နေးလ်ဝါလိစ်အား အကြံပေး အဖြစ် ခန့်အပ်ခဲ့ခြင်းနှင့် ၀ါလိစ်၏ ပံ့ပိုးမှုဖြင့် အဆင့်မြင့် အပန်းဖြေခန်း တစ်ခုသို့ ည ၂၀ မျှ အခမဲ့ သွားခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည့် စကော့တလန် ယာ့ဒ်ရဲမင်းကြီး စတီဖင်ဆန် သည်လည်း ရာထူးမှ နှတ်ထွက်ခဲ့ရသည်။ လက်ထောက်ရဲမင်းကြီး ဂျွန်ယိတ်စ်မှာလည်း ဖုန်းအချက်အလက် ခိုးယူမှု ပြဿနာကို ပြန်လည် အမှုဖွင့် စစ်ဆေးရန် မဆောင်ရွက်ခဲ့ခြင်းကြောင့် ဝေဖန်ခံခဲ့ရပြီးနောက် နုတ်ထွက်ခဲ့ရသည်။

အာဖဂန် နေတိုးတပ်မှူး ရာထူးမှ ဗိုလ်ချုပ်ကြီး ပီးထရော့ အနားယူ၊ စီအိုင်အေ ညွှန်မှူး တာဝန် ထမ်းဆောင်မည်

b41611
ဗိုလ်ချုပ်ကြီး ဒေးဗစ်ပီးထရော့(ယာ)နှင့် အမေရိကန် စစ်ဦးစီးချုပ်များ အဖွဲ့ ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလင်
အာဖဂန်နစ္စတန်ရှိ နေတိုးတပ်များဆိုင်ရာ တပ်မှူး အမေရိကန် ဗိုလ်ချုပ်ကြီး ဒေးဗစ်ပီးထရော့သည် ရာထူးတာဝန်များကို မရိန်းတပ်ဖွဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂျွန်အလန်ထံသို့ ဇူလိုင်လ ၁၈ ရက်နေ့တွင် အခမ်းအနားဖြင့် တရားဝင် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အမေရိကန်စစ် ဦးစီးချုပ်များ အဖွဲ့ ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလင်၊ နေတိုးနှင့် အာဖဂန် အရာရှိများက ကဘူးလ်တွင် ပြုလုပ်သော အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။အာဖဂန်သမ္မတ ဟာမစ်ကာ ဇိုင်း၏ အဓိက
မဟာမိတ်များ လုပ်ကြံခံနေရချိန်တွင် ယခင်က စီစဉ်ထားသည့်အတိုင်း ရာထူးတာဝန် လွှဲပြောင်းမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ပီးထရော့သည် စစ်ဘက်တွင် ၃၇ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် လာမည့် သြဂုတ်လတွင် စစ်တပ်မှ အနားယူမည် ဖြစ်ကာ စီအိုင်အေ ညွှန်မှူး တာဝန်ကို စက်တင်ဘာလ ၆ ရက်နေ့တွင် ထမ်းဆောင်မည် ဖြစ်သည်။
စီအိုင်အေ ညွှန်မှူး ပါနက်တာမှာ အနားယူသွားသော ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်၏ နေရာကို အစားဝင်ခဲ့သည်။
အသက် ၅၈ နှစ်ရှိပြီ ဖြစ်သော ပီးထရော့သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၄ ရက်နေ့က အာဖဂန်တပ်မှူး ရာထူးကို အခြေအနေအရ ရယူခဲ့ရသူ ဖြစ်သည်။ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက၊ အာရှအလယ်ပိုင်း တို့ကို လွှမ်းခြုံသော အမေရိကန်၏ အလယ်ပိုင်းစစ်ဌာနချုပ် တပ်မှူး တာဝန်မှ အုပ်ချုပ်မှုအရ တစ်ဆင့် နိမ့်သည်ဟု ဆိုနိုင်သော အာဖဂန်တပ်မှူး ရာထူးကို ယာယီ ရယူပေးခဲ့ရခြင်း ဖြစ်သည်။
ထိုစဉ်က အာဖဂန်တပ်မှူး ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်မှာ ရိုးလင်းစတုန်း မဂ္ဂဇင်းပါ အင်တာဗျူးတွင် အစိုးရအဖွဲ့တွင်းမှ တာဝန်ရှိသူများကို ပြင်းထန်သော ဝေဖန်မှု ပြုခဲ့ခြင်းကြောင့် နုတ်ထွက်ပေးခဲ့ရပြီးနောက် ပီးထရော့က
တာဝန်ယူခဲ့ရခြင်း ဖြစ်သည်။

 နယ်လ်ဆင်မင်ဒဲလား၏ ၉၃ နှစ်ပြည့် မွေးနေ့တွင် လူမှုရေးအလုပ် ၆၇ မိနစ်ကြာ လုပ်ဆောင်ရန် ကုလသမဂ္ဂ တိုက်တွန်း

b41610
နယ်လ်ဆင်မင်ဒဲလား မိသားစုကို ဇူလိုင် ၁၇ ရက်က တွေ့ရစဉ်
တောင်အာဖရိကတွင် လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေးနှင့် လွတ်လပ်ရေးခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား၏ ဇူလိုင် ၁၈ ရက်၌ ကျရောက်သော ၉၃ နှစ်ပြည့် မွေးနေ့၌ လူမှုရေးအလုပ်များ လုပ်ကိုင်ရန် ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ကမ္ဘာတစ်ဝန်း ပြည်သူများကို တိုက်တွန်းခဲ့သည်။
တောင်အာဖရိက နိုင်ငံသား တစ်ဦးက မင်ဒဲလား အတွက် အထူး ရေးဖွဲ့ထားသည့် Happy Birthday သီချင်းကို နိုင်ငံတစ်ဝန်းရှိ ကျောင်းများမှ ကလေး ၁၂ ဒသမ ၄ သန်းက သီဆိုဂုဏ်ပြုမည် ဖြစ်သည်။ မင်ဒဲလား က နိုင်ငံအတွက် အလုပ်လုပ်ပေးခဲ့သည့် နှစ်အရေအတွက် အတိုင်း လူမှုရေး လုပ်ငန်းများကို ၆၇ မိနစ်ကြာ လုပ်ဆောင်ရန် ကုလသမဂ္ဂက တိုက်တွန်းခဲ့သည်။ ''တခြား လူတွေ အတွက် လက်တွေ့ ကူညီ လုပ်ဆောင်ပေးတာ၊ အပြောင်းအလဲ ဖြစ်အောင် လုပ်ပေးတာတွေဟာ နယ်လ်ဆင်မင်ဒဲလားကို အကောင်းဆုံး ကျေးဇူးတင်တဲ့ နည်းပဲ''ဟု ဘန်ကီမွန်က အစီရင်ခံစာတွင် တိုက်တွန်းထားသည်။
ဇူလိုင် ၁၈ ရက်ကို နယ်လ်ဆင်မင်ဒဲလားနေ့ အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသည်မှာ ယခုနှစ် ဆိုလျှင် သုံးနှစ်ရှိပြီ ဖြစ်ပြီး ယင်းနေ့တွင် လူသားများက လူ့လောကအတွက် တစ်ခုခု လုပ်ဆောင်ပေးရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။ စက်ဘီးစီး အဖွဲ့တစ်ဖွဲ့သည် တောင်အာဖရိကမြို့တော် ဂျိုဟန်နက်စဘတ်မြို့မှ ထွက်ခွာ၍ နိုင်ငံတစ်ဝန်းရှိ ဆင်းရဲနိမ့်ကျနေသော နေရာများတွင် သီတင်း
ပတ် တစ်ပတ်ကြာ လူမှုရေး လုပ်ငန်းများ လုပ်ကိုင်မည် ဖြစ်သည်။
ကျောင်းများ၊ မိဘမဲ့ကျောင်းများတွင်လည်း သန့်ရှင်းရေး၊ ဆေးသုတ်ရေး အတွက် စေတနာ့ဝန်ထမ်းများကို ကြိုဆိုခဲ့သလို သွေးလှူဘဏ်များတွင်လည်း အရေးတကြီး လူနာများ အတွက် အချိန်ပို ဖွင့်ထားခဲ့သည်။
ထောင်ထဲတွင် ၂၇ နှစ်ကြာ ဖမ်းဆီးခံထားရပြီး ပြန်လွတ်လာသည့် ၁၉၉၀ ပြည့်နှစ်၌ မင်ဒဲလားက ပထမဆုံးအကြိမ် သမိုင်းဝင် မိန့်ခွန်း ပြောကြားခဲ့သည့်နေရာ ဖြစ်သော ကိတ်ပ်တောင်း မြို့လယ်ရှိ အဓိက လမ်းမကြီး တစ်ခုကို မင်ဒဲလား အမည်ဖြင့် မှည့်ခေါ် ဂုဏ်ပြုခဲ့သည်။
''ကလေးကို စာသင်ပေးပါ။ စားစရာ မရှိသူကို ကျွေးလိုက်ပါ။ ပတ်ဝန်းကျင်ကို ဂရုစိုက်လိုက်ပါ။ ဆေးရုံ ဒါမှမဟုတ် လူမှုအဖွဲ့အစည်း တစ်ခုမှာ ပါဝင် လုပ်ဆောင်လိုက်ပါ။ ကမ္ဘာကြီး ကောင်းမွန်လာဖို့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုမှာ တစ်စိတ်တစ်ပိုင်း ပါဝင်လိုက်ပါ''ဟု ဘန်ကီမွန်က တိုက်တွန်းခဲ့သည်။

ကင်ဆာသုတေသန ရန်ပုံငွေ အတွက် မြောက်အိုင်ယာလန် နိုင်ငံသား ၎င်း၏ယာဉ်ငယ်ဖြင့် နိုင်ငံ ၂၆ နိုင်ငံ ပျံသန်းမည်

AddThis Social Bookmark Button
b41609
ကင်ဆာသုတေသန ရန်ပုံငွေ အတွက် မြောက်အိုင်ယာလန် နိုင်ငံသား တစ်ဦးသည် ၎င်း၏ယာဉ်ဖြင့် နိုင်ငံ ၂၆ နိုင်ငံကို ဖြတ်ကျော်ပျံသန်းရန် ပြင်ဆင်နေကြောင်း သိရသည်။
ဂျိမ်းစ်ဘွန်းဇာတ်ကား You Only Live Twice မှ ယာဉ်ငယ်နှင့် ပုံစံတူသော ယာဉ်ကို စီးနင်းမှုကြောင့် Gyrocopter Man ဟု ထင်ရှားသည့် အသက် ၄၇ နှစ်ရှိ စီးပွားရေးလုပ်ငန်းရှင် နော်မန်ဆာပလပ်သည် ခရီး အကွာအဝေး ၄၃၀၀၀ ကီလိုမီတာ (မိုင် ၂၇၀၀၀) ကို ဖြတ်သန်းရန် စီစဉ်နေသည်။ ဂျပန်နိုင်ငံ ဝေဟင်မှ လေကြောင်း ဖြတ်သန်းခွင့် ရပါက ဇူလိုင် ၂၀ ရက်တွင် ထွက်ခွာမည် ဖြစ်ပြီး သဲကန္တာရ၊ တောင်တန်း၊ သမုဒ္ဒရာများနှင့် သွားလာရ ခက်ခဲသော နေရာများကို ဖြတ်ပျံမည် ဖြစ်သည်။
နော်မန်သည် ၂၀၀၃ ခုနှစ်တွင် အူမကင်ဆာ ခံစားခဲ့ရပြီး ကင်ဆာသုတေသန အတွက် ရန်ပုံငွေ ရရှိရန် ယခုကဲ့သို့ ခရီးစတင်ခဲ့ခြင်း ဖြစ်သည်။စစ်ဘက်ဝေဟင် ပျံသန်းဇုန် များပြားသော တရုတ်နိုင်ငံကို ရှောင်ရှား ပျံသန်းသွားမည်ဟု နော်မန်က ပြောကြားသည်။
''ပြီးခဲ့တဲ့ နှစ်တွေတုန်းက အခုလိုမျိုး စံချိန်ကို ချိုးဖို့လိုတယ် ဆိုတာ ကျွန်တော်တွေးမိတယ်။ ဒါကြောင့် ဒီခရီးစဉ်အတွက် အစီအစဉ် ဆွဲတာ နှစ်နှစ်လောက် ကြာသွားတယ်။ ခရီးစဉ်မှာ ပြဿနာတော့ ကြုံရနိုင်တယ်''ဟု
၎င်းကပြောကြားသည်။
နော်မန်သည် ခရီးစဉ် အတွင်း ရုပ်သံသတင်းထောက် တစ်ဦးကို ခေါ်ဆောင်သွားမည် ဖြစ်ပြီး www. gyroxgoesglobal.com တစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်နိုင်ရန် ကြိုးပမ်းမည် ဖြစ်သည်။ ယင်းကဲ့သို့ ယာဉ်မျိုးဖြင့် တစ်ဦးတည်းက ကမ္ဘာပတ်မှုမှာ မရှိသေးပေ။

မိုးလယ်ကာလ မိုးများသည့်အတွက် မြစ်အချို့တွင် မြစ်ရေကြီးခြင်းနှင့် ဒေသအချို့တွင် ရေကြီး၊ရေလျှံခြင်းများ ဖြစ်ပေါ်၊ ချင်းတွင်း၊ ပဲခူး၊ င၀န်၊ သံလွင်မြစ်တို့တွင် စိုးရိမ်ရေမှတ်သို့ ကျော်လွန်ရောက်ရှိ

6436a
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယိုချောင်းရေမြင့်တက်လာကာ မောင်တောမြို့နယ်ရှိ လယ်မြေအချို့
ရေလွှမ်းခဲ့စဉ် (ဓာတ်ပုံ-သားရွှေဦး၊ ကစ္ဆပ)
မိုးလယ်ကာလအတွင်း မိုးရွာသွန်းမှုများ ကောင်းမွန်နေသည့်အတွက် မြန်မာနိုင်ငံရှိ မြစ်အချို့တွင် မြစ်ရေကြီးခြင်း သတိပေးချက်များ ထုတ်ပြန်လာရပြီး ချင်းတွင်းမြစ်၊ ပဲခူးမြစ်၊ င၀န် မြစ်နှင့် သံလွင်မြစ်တို့တွင် စိုးရိမ်ရေ မှတ်သို့ ကျော်လွန်ရောက်ရှိနေကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံတွင် မြစ်ရေကြီးခြင်းကို ကာလသုံးခု ပိုင်းခြားထားပြီး မိုးဦးကာလ ဇွန်လမှာ ပထမကာလ၊ မိုးလယ်ကာလ ဇူလိုင်နှင့် သြဂုတ်လ များမှာ ဒုတိယကာလ၊ မိုးနှောင်းကာလ စက်တင်ဘာလမှာ တတိယကာလ တို့ဖြစ်ပြီး လက်ရှိအချိန်သည် မြစ်ရေကြီးမှု ဒုတိယကာလသို့ ရောက်ရှိနေသည်ဟု သိရှိရသည်။
6436b
မိုးသည်းထန်ခဲ့သဖြင့် ကျုံပျော်မြို့နယ်ရှိ လယ်မြေများရေလွှမ်းနေစဉ် (ဓာတ်ပုံ-အောင်ကျော်မျိုး၊ ဟင်္သာတ)
မိုးဦးကာလ ဇွန်လကုန်ပိုင်းက သံလွင်မြစ်နှင့် င၀န်မြစ်တို့တွင် မြစ်ရေကြီးခြင်း သတိပေးချက်များ ထုတ်ပြန်ခဲ့ရပြီးသံလွင်မြစ်တွင် ဘားအံမြို့၌ စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိကာ မြို့အတွင်းရှိ ရပ်ကွက်အချို့တွင် မြစ်ရေ၀င်ရောက်မှုများ ရှိခဲ့သည်။
ယခုလက်ရှိ မိုးလယ်ကာလတွင်လည်း မြစ်ရေကြီးမှုများကို ကြုံတွေ့လာရပြီး၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၁ရက် နေ့တွင် င၀န်မြစ်၊ သံလွင်မြစ်၊ ချင်းတွင်းမြစ်တို့နှင့် ပတ်သက်၍ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မြစ်ရေကြီးခြင်း သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
6436c
ကလေးဝမြို့တွင်း တစ်နေရာကို ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက တွေ့ရစဉ်  (ဓာတ်ပုံ-အောင်သူထွန်း၊ ကလေးမြို့)
ဇူလိုင်လ ၂၂ ရက်နေ့တွင် မြစ်ရေကြီးမှုနှင့် ပတ်သက်၍ ထပ်မံထုတ်ပြန်ခဲ့ရာ၌ ချင်းတွင်းမြစ်တွင် ဟုမ္မလင်းမြို့၊ င၀န်မြစ်တွင် ငါးသိုင်းချောင်း မြို့၊ သံလွင်မြစ်တွင် ဘားအံမြို့၊ ပဲခူး မြစ်တွင် ပဲခူးမြို့၊ စစ်တောင်းမြစ်တွင် မဒေါက်မြို့တို့ ပါဝင်လာသည်။
“ချင်းတွင်းမြစ်မှာ မော်လိုက်နဲ့ ကလေးဝမှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီး မြစ်ရေကြီးခြင်း သတိပေးချက်အနေနဲ့ ထုတ်ပြန်ထားပါတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇူလိုင် လ ၂၂ ရက်နေ့က ပြောပါသည်။

ချင်းတွင်းမြစ်ရေကြီး၍ မြစ်ကမ်းတစ်လျှောက် ပြင်ဆင်
ချင်းတွင်းမြစ်တွင် အထက်ချင်းတွင်း ဒေသများ၌ မိုးကောင်း၍ ချင်းတွင်းမြစ်ကမ်းနံဘေးရှိ ရေ၀င်ဒေသများ၌ ပြင်ဆင်မှုများ ပြုလုပ်လာကြသည်။
“ဇူလိုင်လ ၂၂ ရက် မနက် ၄ နာရီလောက်မှာ ရွာထဲကို ရေတွေဝင်လာတယ်။ ရေက အတိုးကြမ်းတယ်။ ရေ၀င်တဲ့အိမ်တွေက လူတွေလည်း ရေလွတ်တဲ့တောပိုင်း၊ အမြင့်ပိုင်းတွေကို ပြောင်းရွှေ့ကြတယ်”ဟု ဆားလင်းကြီးမြို့ နယ် ရွှေလှေရွာနေ ကိုထွန်းနိုင်က ပြောပါသည်။
ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာသည့် အတွက် မုံရွာမြို့မှ အထက်ချင်းတွင်း ဒေသများဖြစ်သည့် ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်းဒေသများသို့ ပြေးဆွဲသော အမြန်ရေယာဉ် ရှော်တယ်ခရီးစဉ်များ ကို ဇူလိုင်လ ၂၂ ရက်နေ့မှ စတင် ရပ်နားထားသည်။
“ခရီးသည်တွေ လက်မှတ်ဝယ်ထားတာ ငွေပြန်အမ်းပါတယ်”ဟု မုံရွာမြို့မှ ရှော်တယ်ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။
“မနှစ်က ဒီလို ရေမလာဘူး။ ဒီနှစ် ဇူလိုင်လ ၂၂ မနက်မှာ ရေအတိုးကြမ်းတယ်။ အခုရေ၀င်တော့ သိမ်းလက်စ စပါးတွေ၊ ရိတ်တော့မယ့် နှမ်းခင်းတွေ ရေ၀င်တယ်။ စောစောရိတ်သိမ်းတဲ့ သူတွေတော့ လွတ်တာပေါ့”ဟု ချင်းတွင်းမြစ် အနောက်ဘက်ကမ်း နေသူ တစ်ဦးက ပြောကြားသည်။
ချင်းတွင်းမြစ်ရေသည် ဇူလိုင်လ ၂၃ ရက်နေ့တွင် ခန္တီးမြို့၌ စိုးရိမ်ရေ အမှတ် အောက်ကျဆင်းလာခဲ့ပြီး ဟုမ္မလင်းမြို့၊ မော်လိုက်မြို့နှင့် ကလေးဝမြို့တို့တွင် စိုးရိမ်ရေမှတ်များ အထက်၌ ဆက်လက်ရှိနေသည်။
“မြို့အ၀င်တစ်နေရာနဲ့ လျှပ်စစ်ရုံးနဲ့ ရဲစခန်းကြားစတဲ့ အနိမ့်ပိုင်းတွေမှာ  လမ်းပေါ်မှာရေက နှစ်ပေကနေ လေးပေလောက်အထိ ရှိပါတယ်”ဟု ကလေးဝ မြို့ခံတစ်ဦးက ဆိုပါသည်။

6436d
သံလွင်မြစ်အနီး အမှတ်(၂)ရပ်ကွက်မြေနိမ့်ပိုင်းတွင် သံလွင်မြစ်ရေနှင့် တစ်ဆက်တည်းရှိနေပုံကို တွေ့ရစဉ် (ဓာတ်ပုံ-စိုးစိုး၊ ဘားအံ)

ပဲခူးမြို့ပေါ်အထိ မြစ်ရေ၀င်
ပဲခူးမြစ်ရေသည် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှစ၍ မြင့်တက်လာခဲ့ပြီး ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်အချို့ တွင် မြစ်ရေ၀င်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကာ လှေများဖြင့် သွားလာနေ ကြရသည်။
ပဲခူးမြစ်ဖျားပိုင်းရှိ ပဲခူးရိုးမဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပဲခူးမြစ်ရေ ရုတ်တရက်ပြန်လည် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ပဲခူးမြစ်ရေသည် ပထမအကြိမ် အဖြစ် ဇူလိုင်လ ၁၅ ရက်နေ့က မြင့် တက်ခဲ့ပြီး ဒုတိယအကြိမ် မြစ်ရေကြီးမှုတွင် ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲခန့်၌ ၈၅၄ စင်တီမီတာသို့ ရောက်ရှိခဲ့သည်။ ပဲခူးမြို့နှင့် ပတ်ဝန်းကျင်ဒေသများမှ အနိမ့်ပိုင်းဒေသများ ရေလွှမ်းနေကြောင်း သိရသည်။
ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်းတွင်  မြစ်ရေသည် စိုးရိမ်ရေမှတ် ၉၁၀ စင်တီမီတာကို စ၍ ရောက်ရှိခဲ့သည်။ ကယ်ဆယ်ရေးစခန်းကို မဇင်း ရပ်ကွက် ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမဘေး အနောက်ရွှေနံ့သာ ကျောင်းတိုက်တွင် ဖွင့်လှစ်ထားပြီး ကျောက်ကြီးစုရပ်ကွက်၊ ရွာသစ် မူလ တန်းကျောင်းများ၊ ဘုန်းကြီးကျောင်းများ၌ ယာယီပြောင်းရွှေ့နေထိုင်မှုများ လည်းရှိနေသည်။

6436e
 မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မြင်တွေ့ရသော စစ်တွေမြို့တွင်းတစ်နေရာ (ဓာတ်ပုံ-သန်းလှိုင်၊ စစ်တွေ)
ဘားအံမြို့ရှိ မြေနိမ့်ရပ်ကွက်အချို့ ရေနစ်မြုပ်နေ
ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၆ နာရီခွဲ၌ တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်ထက် ကျော်လွန်ပြီး ၈၁၆ စင်တီမီတာသို့ ရောက်ရှိနေကာ မြစ်ရေရောက်ရှိရာ ဘားအံမြို့ မြေနိမ့်ရပ်ကွက် အချို့တွင် ရေ၀င်နစ်မြုပ်မှု ဖြစ်ပေါ်လျက် ရှိသည်။
ဘားအံမြို့ မြေနိမ့်ရပ်ကွက်များဖြစ်သည့် အမှတ်(၁)ရပ်ကွက်(အုတ် ဖိုတန်း)၊ အမှတ်(၂)ရပ်ကွက် ဆယ်အိမ်စု၊ အမှတ်(၅)ရပ်ကွက်၊ ရော်ဘာ ခြံ(၄) လမ်းနှင့် အောင်နန်၊ မင်္ဂလာ(၄) လမ်းတို့တွင် မိုးရွာသွန်းမှု များပြားခဲ့ခြင်းကြောင့် ရေတင်ရေ၀ပ်လျက်ရှိရာမှ ဇူလိုင်လ ၂၁ ရက်နေ့ ည ၁၂ နာရီကျော်ခန့်တွင် သံလွင်မြစ်ရေနှင့် တစ်ဆက်တစ်စပ်တည်း ဖြစ်ပေါ်လာခဲ့ပြီး ရေ၀င်နစ်မြုပ်မှုဖြစ်ပေါ်ခဲ့ကာ လူနေအိမ် အချို့ပြောင်းရွှေ့မှုများရှိ ခဲ့သည်။
ဇူလိုင်လ ၂၁ ရက်နေ့ ညဦးပိုင်း မှစတင်၍ တရိပ်ရိပ်ထိုးတက်လာသော မြေနိမ့်ရပ်ဝန်း မြစ်ရေလွှမ်းမိုးရာ ရပ်ကွက်များ၌ ရေကင်းအဖွဲ့များကို စနစ်တကျ ချထားစောင့်ကြည့်လျက်ရှိနေကာ ရေဘေးဒုက္ခသည် ကယ်ဆယ်ရေးစခန်းများကို ဖွင့်လှစ်ထားပြီး မြစ်ရေကြီးမှု ကြိုတင်ကာကွယ် တားဆီးရေးကို လုပ်ဆောင်ပေးလျက် ရှိသည်ဟုလည်း သိရှိရသည်။
“အခု ညနေပိုင်းမှာ မြစ်ရေက ၈၅၈ စင်တီမီတာရှိတယ်လို့ သိရပါ တယ်”ဟု ဘားအံမြို့ခံတစ်ဦးက ဇူလိုင်လ ၂၃ ရက်နေ့က ပြောကြားခဲ့ပါ သည်။

မိုးများ၍ ဟင်္သာတတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လာ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့ည  ၉ နာရီအချိန်မှ စတင်ရွာသွန်းခဲ့သော မိုးမှာ ၂၀ ရက်နေ့တိုင်အောင် ဆက်လက်ရွာသွန်းနေပြီး မိုးသည်းထန်မှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
“မိုးကမရပ်သေးဘဲ ဆက်ရွာနေလို့ ရပ်ကွက်တွေမှာ လမ်းတွေရေမြုပ် တာတွေ၊ အိမ်တွေထဲ ရေ၀င်တာတွေဖြစ်လို့ သွားလာရ ခက်ခဲနေပါတယ်။ ဟင်္သာတမြို့လယ်က ဈေးကြီးရှေ့ လမ်းမကြီးမှာလည်း ရေတွေပြည့်နေပြီး ဆိုင်ခန်းတွေရော ပိတ်ထားရပါတယ်။ ရုံးကြီးရပ်မှာလည်း ရေတွေများတယ်” ဟု မြို့ခံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
“ဆေးရုံကြီးရှိတဲ့ ရပ်ကွက်မှာရော၊ လမ်းမကြီးမှာရော ရေတွေများ ပါတယ်။ ဆေးရုံနေရာက မြေမြင့်တော့ ရေ၀င်တာမျိုးတော့ မရှိပါဘူး။ ဆရာဝန် အိမ်ရာတွေတော့ ရေ၀င်ပါ တယ်။ အဲဒါကြောင့် ဆရာဝန်တွေ ဆေးရုံပေါ်မှာသွားပြီးနေခဲ့ရပါတယ်”ဟု ဟင်္သာတခရိုင် ဆေးရုံကြီးဝင်းအတွင်း နေထိုင်သူတစ်ဦးက ပြောကြားပါသည်။
ဟင်္သာတမြို့နယ် အတွင်းရှိ ဒူးယားကျေးရွာမှ လယ်စိုက်တောင်သူ တစ်ဦးကလည်း ”မိုးကများတော့ မနေ့ ညကတည်းက မြုပ်တဲ့လယ်တွေမြုပ်နေတယ်။ ဒီနေ့ ၂၀ ရက်နေ့ဆို လယ်တွေတော်တော်များများ ရေမြုပ်ပါတယ်။ မိုးကရက်ရှည်ရင်တော့ စပါးပင်တွေ ပျက်စီးမှာကို စိုးရိမ်ရပါတယ်”ဟု ပြော ပြသည်။
 ဟင်္သာတမြို့နယ် ဒူးယားတိုက်နယ်အတွင်းရှိ ကျေးရွာများ၌ ရေလျှံ မှုဖြစ်ပွားခဲ့ပြီး လယ်ကွင်းများ ရေမြုပ်ခဲ့ကြောင်း သိရှိရသည်။ “ပျိုးနာကျတုန်းက ပျိုးသီးထပ်မရှိတော့လို့ ကြိတ်ဖို့ထားထားတဲ့ စပါးတွေထဲက ပြန်ယူပြီး ပျိုးရပါတယ်။ ပျိုးထောင်ရက်က ၂၈ ရက်လောက် ထားရတယ်။ အခုမိုးများ တော့ ၁၅ရက်သားလောက်တောင် မရောက်သေးဘူး။ မြေမစွဲခင်မှာလယ်ထဲ ရေ၀ပ်ခဲ့တယ်။ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး”ဟု ဒူးယားတိုက်နယ်မှ တောင်သူဦးမင်းအောင်က ပြောပါသည်။
“ကျွန်တော်တို့ ကွင်းဆင်းလေ့လာတုန်းက ဒူးယားမြို့နယ်မှာ  ဧက ၉၀၀ ရေလွှမ်းခဲ့ပါတယ်။ ဒီလ မကုန်ခင်မှာတော့ ပင်သေပင်ပျောက်တွေကို ပြန်ဖာနိုင်မှာမို့ မစိုးရိမ်ရပါဘူး။ မိုးက ဆက်ရွာပြီး သြဂုတ်လလောက်မှ မိုးရပ်မယ်ဆိုရင် အနှံတည်တဲ့အချိန်မို့ အဆင်မပြေနိုင်ပါဘူး။ လယ်သမား တွေကိုလည်း ပျိုးပင်တွေရှိသေးရင် ချန်ထားဖို့ ပြောထားပါတယ်”ဟု မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ဒူးယားစခန်း တာဝန်ခံ ကိုဝင်းဇော်က ပြောပါသည်။
“မြို့လယ်မှာရှိတဲ့ စာသင်ကျောင်းတွေ ပိတ်ထားရပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ ရပ်ကွက်ထဲက ကျောင်းတွေရဲ့ အခြေအနေကို လိုက်ကြည့်နေပါတယ်။ ရေများရင်တော့ ကလေးတွေကို ကျောင်းပိတ်ပေးမှာပါ” ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။
ဇူလိုင်လ ၂၀ရက်နေ့ည မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ချက်အရ ဟင်္သာတမြို့ ဂေါက်ကလပ်အနီး၌ မိုးရေချိန် ၉ ဒသမ ၀၂ လက်မ၊ ဟင်္သာတမြို့တွင် ၈ ဒသမ ၆၆ လက်မ ဖြင့် ၂၅ နှစ်အတွင်း စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၌လည်း မိုးကောင်းပြီး ရေကြီးရေလျှံ
ဇူလိုင်လ တတိယပတ်အတွင်းက ရွာသွန်းခဲ့သောမိုးကြောင့် စစ်တွေနှင့် အခြားမြို့များတွင်လည်း လမ်းမများပေါ် ၌ ရေပြည့်လျှံခြင်းများ ဖြစ်ပေါ်ခဲ့ပြီး မင်းပြားမြို့တွင် မြို့တွင်း၌ပင် လှေဖြင့် သွားလာခဲ့ရကြောင်း သိရှိရသည်။
ယင်းသို့ မိုးများခြင်းကြောင့် မြို့နယ်အသီးသီးရှိ အချို့သော ရပ်ကွက်များတွင် ပုံမှန်ထက်မြင့်သော ရေတက်လာခဲ့ ခြင်းများရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှု နည်းပါးခဲ့သည်။
ရခိုင်ပြည်နယ် ကမ်းရိုးတန်းမြို့များတွင် ဇူလိုင်လ ၂၁ ရက်က စံချိန်တင် မိုးရွာသွန်းခဲ့သဖြင့် မြို့ရွာများရေ လွှမ်းဒဏ်ကို ခံခဲ့ရကြောင်း သတင်းရရှိသည်။ အဆိုပါ စံချန်တင် မိုးရွာသွန်းခဲ့သော မြို့များမှာ တောင်ကုတ်မြို့တွင် ၇၃၉ မီလီမီတာ ၂၉.၁၀ လက်မ ရွာသွန်းခဲ့ပြီး ၁၅ နှစ်အတွင်း မိုးရွာသွန်းမှု အများဆုံးဖြစ်သ
ဧရာဝတီတိုင်း ဒေသကြီးက လယ်မြေအချို့ ရေလွှမ်း
ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ပြီး အဆက်မပြတ် ရွာသွန်းခဲ့သော မိုးကြောင့် အနောက်ရိုးမတောင်မှ စီးဆင်းခဲ့သည့် တောင်ကျရေများသည် တောင်ခြေနှင့် မိုင် ၂၀ ခန့်ကွာဝေးသည့် င၀န်မြစ် အတွင်း စီးဆင်းရာရေ စီးရာတစ်လျှောက် ရှိကျေးရွာများနှင့် လယ်မြေများနုန်း မြေများဖုံးလွှမ်းမှုများ ဖြစ်ပေါ်ခဲ့သည်။
“ဒီတစ်ခါရေကြီးတာနဲ့ဆိုရင် ဒီနှစ်အတွင်းမှာ သုံးခါရှိပြီ။ အခုနောက်ဆုံးအကြိမ်က အဆိုးဆုံးပဲ။ ပျိုးထောင်ပြီး ပြန်စိုက်တာလည်း နှစ်ခါရှိပြီ။ အခုကတော့ လယ်ကွင်းတွေထဲမှာ ရေတင်မကဘူး။ တောင်ရေနဲ့ အတူပါလာတဲ့ နုန်းတွေကကန်သင်းရိုးနဲ့ တစ်ညီတည်း ဖြစ်နေတယ်။ ဆင်းလိုက်ရင်ဒူးလောက် အထိရှိတယ်။ ပျိုးပင်တွေကော စိုက်ပြီးသားတွေကော နုန်းပိနေတော့ ဘာဆက်လုပ်ရမယ်ဆိုတာ စဉ်းစားနေတုန်းပဲ” ဟု ရသာကြီးကျေးရွာမှ တောင်သူ ဦးကံထွန်းက ပြောပြသည်။
မိုးရွာသွန်းမှုများကြောင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ပုသိမ်-မုံရွာကားလမ်းမကြီး ရေနံ့သာလမ်းဆုံ ၀န်းကျင်မှ ကွင်းကောက်မြို့ဝန်းကျင် အထိ(မိုင်၃၀)၊ ရိုးမတစ်လျှောက် ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်များရှိ ကျေးရွာအချို့တွင် အလားတူဖြစ်ပွားမှုများ ပေါ်ပေါက်ခဲ့သည်။ အဆိုပါကျေးရွာများသို့ ဇူလိုင် လ ၂၀ ရက်နေ့တွင်ရေများ စတင်ဝင် ရောက်ခဲ့ပြီးဇူလိုင်လ ၂၂ ရက်နေ့တွင် ရေပြန်လည်ကျဆင်းသွားသည်။တောင် ကျရေစီးဆင်းမှုကြောင့် လယ်မြေဧက တစ်ထောင်ဝန်းကျင်ခန့် နုန်းနှင့် အမှိုက်သရိုက်များ ၀င်ရောက်မှုရှိကြောင်း သိရှိရသည်။
“ဇူလိုင်လ ၁၈ ရက် နေ့မွန်းလွဲ ၁ နာရီကျော်ကနေ စပြီး လေးရက် ဆက်တိုက်မိုးရွာတယ်။ လယ်ကွက် တွေရေမြုပ်ပြီး တမံထဲကရေနောက်တွေက စပါးပင်တွေကို ကပ်တယ်။ ရေကျတော့ နွံနဲ့ပိပြီး အားလုံးလိုလို ပျက်စီးကုန်ပါတယ်။ ရေကျရင်တချို့ လယ်သမားတွေက ပေါ်ဆန်းစပါး မျိုးကို ဆက်စိုက်မယ်လို့ရည်ရွယ်ထား တယ်”ဟု ရေကြည်မြို့နယ်ရှိ တောင်သူတစ်ဦးက ပြောပါသည်။
“စိုက်ခါစလယ်တွေမှာ မိုးများတဲ့ အတွက် ပျက်စီးမှုများတယ်။ မိုးရွာတော့ အောက်ခံရေလည်း ရှိနေတော့ ရေလွှမ်းတာတွေဖြစ်ကုန်တယ်။ မိုးရေ က နေပြန်ပူရင် ကျသွားနိုင်ပေမယ့် အောက်ခံရေ လိုက်လာမှာကိုတော့ စိုး ရိမ်ရပါတယ်။ ပထမတစ်ခေါက် တုန်းကလည်း ပြန်ပျိုးထောင်ပြီး စိုက်ရပါတယ်။ ပျိုးထောင်ရတာက ရက်မပြည့်သေးခင်မှာတင် မြေသားတောင်မစွဲသေးဘဲ မိုးကရွာတော့ ထပ်ပြီးဆုံးရှုံးရပါတယ်”ဟု ကျုံပျော်မြို့နယ်မှ ဒေသခံတစ်ဦးကပြောပြသည်။

ဧရာဝတီမြစ်၌ စိုးရိမ်ရေမှတ် ရောက်ခြင်း မရှိသေး
ဧရာဝတီမြစ်ရေသည် ဇူလိုင်လ ၂၂ ရက်နေ့၌  မြစ်ကြီးနားမြို့တွင် ၅၉၅ စင်တီမီတာ၊ ဗန်းမော်မြို့တွင် ၈၇၀ စင်တီမီတာ၊ ကသာမြို့တွင် ၈၈၁ စင်တီမီတာ၊ မန္တလေးမြို့တွင် ၉၉၂ စင်တီမီတာနှင့် စစ်ကိုင်းမြို့တွင် ၈၈၀ စင်တီမီတာ အသီးသီးရှိနေပြီး အဆိုပါမြို့များ၏ စိုးရိမ်ရေမှတ်အောက် အနည်းဆုံး ၁၅၀ စင်တီမီတာ(ငါးပေခန့်)မှ ၂၁၀ စင်တီမီတာ (ခုနစ်ပေခန့်)၌သာ ရှိနေသည်။
“ချင်းတွင်းမြစ်ရေချိန်က အထက်ပိုင်းတွေမှာ မိုးရွာသွန်းမှုအရ မုံရွာမြို့ရဲ့ စိုးရိမ်ရေအမှတ်ကို  ရောက်လာနိုင်တာကြောင့် ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ပေါင်းဆုံတဲ့ မြစ်အောက်ပိုင်းက ညောင်ဦးမြို့ကိုတော့ အခုမြစ်ရေချိန်က ရောက်လာနိုင်ပါတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
လက်ရှိအချိန်တွင် ညောင် ဦးမြို့ရှိ ဧရာဝတီမြစ်ရေချိန်အမှတ်မှာ ဇူလိုင်လ ၂၂ ရက်နေ့တွင် ၁၉၄၀ စင် တီမီတာသို့ရောက်ရှိနေပြီး ချင်းတွင်း မြစ်ရေရောက်ရှိလာပါက ညောင်ဦးမြို့၏ စိုးရိမ်ရေအမှတ် ၂၁၂၀ စင်တီ မီတာသို့ မြင့်တက်လာနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် မြစ်ရေကြီးခြင်းကို သတိပြုရသောမြစ်များ မှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံ လွင်မြစ်၊ စစ်တောင်းမြစ်၊ ပဲခူးမြစ်၊ ဒုဋ္ဌ၀တီမြစ် စသည်တို့ဖြစ်ကြသည်။
မြန်မာနိုင်ငံတွင် ပျက်စီးဆုံးရှုံးမှု ကြီးမားသော မြစ်ရေကြီးခြင်းကို ၂၀၀၄ ခုနှစ်တွင် ကြုံတွေ့ခဲ့ရသည်။
မြစ်ရေကြီးမှုသည် မိုးလယ်၊ မိုးနှောင်းမိုး ကောင်းမွန်ခြင်းများပေါ် မူတည်နေပြီး လာမည့် မိုးရာသီကာ လလက်ကျန်ရက်များအတွင်း မိုးရွာ သွန်းမှုများ ဆက်လက်ကောင်းမွန် ပါက မြစ်ရေကြီးမှု၊ ရေကြီးရေလျှံမှု များကို သတိပြုရဦးမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့သစ်နှင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ပထမဆုံးအကြိမ် တွေ့ဆုံမည်

AddThis Social Bookmark Button
w643s1
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့ က တွေ့ဆုံခဲ့ကြစဉ်
ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ အဖွဲ့သစ်နှင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ပထမဆုံးအကြိမ် တွေ့ဆုံမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် တို့သည် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ဦးအောင်ကြည်သည် ယခင် အစိုးရ လက်ထက်က အလုပ်သမား ၀န်ကြီး ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သွယ် ဆောင်ရွက်ရန် အတွက် ဆက်ဆံရေးဝန်ကြီး အဖြစ် ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၈
ရက်နေ့တွင် ခန့်အပ်ခံရပြီး ယင်းနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံး အကြိမ် တွေ့ဆုံခဲ့သည်။ ၎င်းသည် အစိုးသစ် လက်ထက်တွင်လည်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်ခံရပြီးနောက် ယခုအကြိမ်သည် ပထမဆုံးအကြိမ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် ဖြစ်သည်။
w643s2
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့ကြစဉ်
ဒေါ်အောင်ဆန်းစုကြည်သည် ယခင် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် နှင့် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် နောက်ဆုံး တွေ့ဆုံထားပြီး အစိုးရသစ် လက်ထက်တွင် ပထမဆုံး အကြိမ် ပြန်လည် တွေ့ဆုံမည် ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့သည် ၂၀၀၇ ခုနှစ် မှ ၂၀၁၀ ပြည့်နှစ်အတွင်း (၉)ကြိမ် တွေ့ဆုံထားပြီး ယခု ၂၀၁၁ ခုနှစ် အတွင်း တွေ့ဆုံခြင်းမှာ (၁၀)ကြိမ်မြောက်ဖြစ်သည်။
"အစိုးရသစ်လက်ထက်မှာ ပထမဦးဆုံးအကြိမ် ပြန်တွေ့တာ ကောင်းတဲ့လက္ခဏာပါ။ ဖြေရှင်းလို့ရတဲ့ ပြဿနာတွေကို အရင်ဦးဆုံး ရှင်းပြီးတော့ ဖြေရှင်းလို့မရနိုင်သေးတဲ့ ပြဿနာတွေကို နောက်မှတစ်ဆင့်ပြီး တစ်ဆင့်ရှင်းသွားရင် ပြဿနာတွေ အားလုံးပြေလည်သွားမှာပါ။ ဘာပဲဖြစ်ဖြစ် တွေ့တာတော့ ကောင်းပါတယ်"ဟု ဂျာနယ်လစ်တစ်ဦးက သုံးသပ်ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။ အသက် ၆၆ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၁ ခုနှစ် ဇူလိုင်လဆန်းတွင် ပုဂံဒေသသို့ သူမ၏ သားဖြစ်သူနှင့် အတူ ဘုရားဖူး ခရီးစဉ် အဖြစ် သွားရောက်ခဲ့သေးသည်။ ထို့အပြင် ဇူလိုင်လ ၁၉ ရက်(အာဇာနည်နေ့)ကလည်း ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်သို့ သွားရောက်ကာ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား ဂါရ၀ပြုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံခဲ့မှုများ
၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်
၎။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်
၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်
၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်

မြန်မာနိုင်ငံ၌ တိရစ္ဆာန်နှင့် အပင်မျိုးစိတ် ၂၀၀ ၀န်းကျင် မျိုးသုဉ်းမည့် အန္တရာယ်နှင့် ကြုံတွေ့နေ

သစ်တောများ ပြုန်းတီးခြင်း၊ အလွန်အကျွံဖမ်းဆီးခြင်း၊ ထုတ်လုပ် ခြင်းစသည် တို့ကြောင့် မြန်မာနိုင်ငံ၌ တိရစ္ဆာန်နှင့် အပင်မျိုးစိတ်ပေါင်း ၂၀၀ ၀န်းကျင်မှာ မျိုးသုဉ်းမည့် အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံသည် အရှေ့တောင် အာရှဒေသတွင် ဇီဝမျိုးစုံမျိုးကွဲစုံလင် များပြားသော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေပြီး တောရိုင်းတိရစ္ဆာန် မျိုးစိတ်များစွာ၊ အပင်မျိုးစိတ်များစွာ တည်ရှိနေသည်။ ဇီဝမျိုးစုံမျိုးကွဲ များတွင် အပင်မျိုးစိတ် ၁၁၈၀၀၊ ကြိမ်မျိုးစိတ် ၃၇ မျိုး၊ ၀ါးမျိုးစိတ် ၇၀၊ ဆေးဘက်ဝင်အပင်များ ၈၄၁ မျိုး၊ နို့တိုက်သတ္တ၀ါများ ၂၅၁ မျိုး၊ တွားသွားသတ္တ၀ါများ ၂၇၂ မျိုး၊ ကုန်းနေရေနေသတ္တ၀ါ ၈၂ မျိုး၊ ငှက် မျိုးစိတ် ၁၀၅၆ မျိုး၊ ပင်လယ်ငါး ၄၆၅ မျိုး တို့ရှိနေသည်။
“မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ သဘာဝအနေအထား ကောင်းမွန်တဲ့နိုင်ငံဖြစ်ပါတယ်။ မျိုးစိတ်များစွာလည်း ကျက်စားနေထိုင်ကြတယ်။ ငှက်မျိုးစိတ်၊ အပင်မျိုး စိတ်အများအပြား တွေ့နိုင်တယ်”ဟု European Union မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခုအခါတွင် ဇီဝမျိုးစုံမျိုးကွဲများအနက် အချို့မှာ မျိုးသုဉ်းမည့် အန္တရာယ်နှင့်ကြုံတွေ့နေရပြီး နေထိုင်ရာ စားကျက်ပျောက်ဆုံးခြင်း၊ လိုအပ်သည်ထက် ပိုမိုဖမ်းဆီးထုတ်လုပ်ခြင်း၊ ပြင်ပမှ မျိုးစိတ်သစ် ရောက်ရှိခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် အနည်ကျခြင်း၊ ရာသီဥတုပြောင်းလဲ ခြင်းတို့သည် ယင်းအန္တရာယ်ကို ကြုံ တွေ့စေလာသည့် အကြောင်းအရင်း များဖြစ်ကြသည်။
ယင်းသို့ မျိုးသုဉ်းမည့်အန္တရာယ်နှင့် ကြုံတွေ့နေရသည့် မျိုးစိတ်များတွင် နို့တိုက်သတ္တ၀ါမျိုးစိတ် ၃၉ မျိုး၊ ငှက်မျိုးစိတ် ၄၅ မျိုး၊ တွားသွား သတ္တ၀ါ ၂၁ မျိုး၊ ငါးမျိုးစိတ် ၅၈ မျိုး၊ အပင်မျိုးစိတ် ၃၈ မျိုး ပါဝင်နေသည်။
“အလွန်အကျွံ ထုတ်လုပ်သုံးစွဲတာကလည်း မျိုးသုဉ်းမှုအန္တရာယ် ကို ကြုံတွေ့လာစေတယ်။ တစ်ချက်ကတော့ အသိပညာ နည်းတာပေါ့။ နောက်တစ်ချက်ကတော့ ဆင်းရဲတာပေါ့။ ဆင်းရဲတဲ့အခါမှာ တခြားဘာ မှ မစဉ်းစားနိုင်ပါဘူး။ စီးပွားရေး သမားတွေကတော့ ၀ိသမလောဘ တစ်ခုတည်းကြောင့်လုပ်တာ။ ဒေသခံ တွေလို ဆင်းရဲတယ်ဆိုတာကြောင့် မဟုတ်ဘူး။ သတ္တုရှာတယ်။ သစ်တောတွေ ပြုန်းကုန်တယ်။ တိရစ္ဆာန် တွေ နယ်စပ်ကနေ ပို့တာနဲ့ ပတ်သက်လို့တော့ ထိုင်း၊ တရုတ်နယ်စပ် နှစ်ခုရှိတယ်။ ထိုင်းကိုတော့ အိမ်မွေး တိရစ္ဆာန်အနေနဲ့ သွားတာများတယ်။ တရုတ်ကတော့ တောထွက်အများစု ကို အားဆေးအတွက် သုံးတာ။ နယ်စပ်မှာ စစ်ဆေးတယ်ဆိုပေမယ့် နယ်စပ်က အရှည်ကြီး။ တောထဲက သစ်ခွခြောက်တွေ၊ မျောက်တွေ၊ လိပ်တွေ၊ မြွေတွေ၊ တောက်တဲ့တွေနဲ့ တခြားရှိသမျှ ပို့နေတာပါ”ဟု မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ ဥက္ကဋ္ဌ ဦးစိုးညွန့် က ပြော ပါသည်။
မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုး ကွဲများအနက် ရှားပါးလာသော မျိုးစိတ်များတွင် မျိုးသုဉ်းလုနီးပါး အခြေအနေရှိ အပင်နှင့် သတ္တ၀ါ ၃၅ မျိုး၊ မျိုးသုဉ်းမှုအန္တရာယ်နှင့် ကြုံတွေ့နေ ရသော အပင်နှင့်သတ္တ၀ါ ၅၁ မျိုး၊  မျိုးသုဉ်းမှုအန္တရာယ်နှင့် ကြုံရမည့် အဆင့်သို့ ရောက်ရှိသွားနိုင်သော အပင်နှင့်သတ္တ၀ါမျိုးစိတ် ၁၁၅ မျိုးတို့ ပါဝင်နေသည်။ “နယ်စပ်မှာ လိပ်တွေ ထောင်နဲ့ချီပြီးမိတယ်။ မူဆယ်နယ် စပ်မှာ ဖမ်းမိတာ သူ့ရဲ့ မူရင်းနေတဲ့ ရခိုင်ပြည်နယ်ကို ပြန်ပို့ရတယ်။ ရခိုင် ပြည်နယ်မှ မဟုတ်ရင် မနေနိုင်ဘူး” ဟု ဇီဝမျိုစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်း စောင့်ရှောက်ရေးအသင်း (BANCA) မှ Executive Committee Member ဦးတင့်ထွန်းက ပြော ကြားသည်။

ADSLအင်တာနက် လိုင်းကို ကနဦးတပ်ဆင်ခ ငွေ ကျပ် ၁၅ သိန်းမှ ငွေကျပ် ငါးသိန်း နှုန်းသို့ လျှော့ချ

AddThis Social Bookmark Button
6434
ADSL စနစ်ဖြင့် အင်တာနက်ချိတ်ဆက် အသုံးပြုပုံကို တွေ့ရစဉ်
ADSL အင်တာနက်လိုင်းကို ကနဦးတပ်ဆင်ခငွေကျပ် ၁၅ သိန်း နှုန်းမှ ငွေကျပ်ငါးသိန်းနှုန်းသို့ ယခုနှစ်အတွင်း လျှော့ချအသုံးပြုခွင့် ပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။
ယခင်က ADSL အင်တာနက်လိုင်း လျှောက်ထားရာတွင် ကနဦး တပ်ဆင်ခအဖြစ်ငွေကျပ် ၁၅ သိန်းကို ပေးသွင်းခဲ့ရသော်လည်း ယခုအခါ ငွေကျပ် ငါးသိန်းနှုန်းသို့ လျှော့ချ အသုံးပြုခွင့် ပေးသွားရန်ရှိကြောင်း အဆိုပါ ADSL အင်တာနက်လိုင်း အပြင် အခြားအင်တာနက်လိုင်း အမျိုးအစားများကိုလည်း ဈေးနှုန်းလျှော့ချ ကာ ၀န်ဆောင်မှုများ ပေးသွားရန်ရှိကြောင်း သိရှိရသည်။
“ADSL အင်တာနက်လိုင်းတွေ ရဲ့ အရင်မူရင်းဈေးက ငွေကျပ် ၁၅ သိန်းဖြစ်ပါတယ်။ ကြိုးဖုန်းရှိမှ လျှောက်ထားလို့ရပါတယ်။ အခု နောက်ပိုင်းမှာ အင်တာနက်ကို ပြည်သူတွေ ပိုမို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့အတွက် ဈေးနှုန်းတွေ လျှော့ချသွားဖို့ ရှိပါတယ်။ ADSL အင်တာနက်လိုင်းကိုလည်း ကျပ်ငါးသိန်း ၀န်းကျင်နှုန်းနဲ့ ယခုနှစ်အတွင်း လျှော့ချအသုံးပြုခွင့် ပေးသွားဖို့ စီစဉ်နေပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် အင်တာနက် အသုံးပြုနိုင်အောင် နယ်မြို့တွေမှာ နှစ်သိန်း၊ သုံးသိန်းလောက်နဲ့ ရောင်းပေးပြီး နယ်မြို့တွေက အထက်တန်းကျောင်းတွေ၊ တက္ကသိုလ်တွေမှာ အခမဲ့ တပ်ဆင်ပေးနိုင်ရင် ပိုပြီးအကျိုးရှိလာမှာ ဖြစ်ပါတယ်  .  .  .
ADSL အင်တာနက်လိုင်းသည် အမြန်နှုန်း 256kbps မှ 2048 kbps အဖြစ် အသုံးပြုနိုင်သော အင်တာနက်လိုင်းများ ဖြစ်ပြီးလစဉ်ကြေးကို အမြန်နှုန်းပေါ် မူတည်ပေးသွင်း ရကြောင်း သိရှိရသည်။
ယခင်စာရင်းများအရ မြန်မာနိုင်ငံတွင် အင်တာနက် တပ်ဆင်ထားသော လိုင်းအရေအတွက်မှာ ၄၀၀၀၀ ကျော်ရှိပြီး အများစုမှာ ADSL အင်တာနက်လိုင်းဖြင့် ချိတ်ဆက်ထားခြင်း ဖြစ်ကြောင်း၊ ADSL လိုင်းဖြင့် အင်တာနက် သုံးစွဲသူအရေအတွက်မှာ ရန်ကုန်မြို့၌ အများဆုံးဖြစ်ပြီး ၅၀၀၀ ၀န်းကျင်ရှိကြောင်း သိရှိရသည်။
“ADSL အင်တာနက်လိုင်းတွေရဲ့ ကနဦးတပ်ဆင်ခကို ၁၅ သိန်း ကနေ ငါးသိန်း လျှော့ချလိုက်တဲ့ အတွက်သုံးစွဲသူတွေ ပိုအဆင်ပြေလာဖို့ ရှိပါတယ်။ အင်တာနက် တပ်ဆင်ခွင့်ကို ကိုယ်စားလှယ်အဖြစ် ရရှိထားတဲ့ Sky Net တို့ Red Link  တို့လို ကုမ္ပဏီတွေအနေနဲ့လည်း အင်တာနက် အသုံးပြုခတွေကို လျှော့ချပေးဖို့ လိုပါတယ်။ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် အင်တာနက် အသုံးပြုနိုင်အောင် နယ်မြို့တွေမှာ နှစ်သိန်း၊ သုံးသိန်းလောက်နဲ့ ရောင်းပေးပြီး နယ်မြို့တွေက အထက်တန်းကျောင်း တွေ၊ တက္ကသိုလ်တွေမှာ အခမဲ့တပ်ဆင်ပေးနိုင်ရင် ပိုပြီး အကျိုးရှိလာမှာ ဖြစ်ပါတယ်”ဟု သုံးစွဲသူတစ်ဦးက ပြောကြားခဲ့သည်။
ပြည်တွင်းရှိ အိုင်တီပိုင်းဆိုင်ရာ ပညာရှင်တစ်ဦးက “နိုင်ငံတကာမှာတော့ ဖုန်းကြိုးကို အသုံးပြုပြီး အင်တာနက်ချိတ်ဆက်တဲ့ စနစ်ထက် ဖိုက်ဘာကြိုးကို အသုံးပြုပြီး အင်တာနက်ချိတ်ဆက်တာတွေ ပိုအသုံးများ ပါတယ်။ စင်ကာပူမှာ IT ပိုင်းဆိုင်ရာ ကုမ္ပဏီကြီးသုံးခု ရှိပါတယ်။ starhub ကုမ္ပဏီ၊ singtel ကုမ္ပဏီနဲ့ M1 ကုမ္ပဏီ တွေဖြစ်ပါတယ်။ starhub ကုမ္ပဏီရဲ့ Broadband စနစ်နဲ့ အင်တာနက် အသုံးပြုခဆိုရင် 3Mpbs အမြန်နှုန်း ကို တစ်လ၀န်ဆောင်ခ စင်ကာပူ ဒေါ်လာ ၂၆ ဒေါ်လာ(ကျပ် ၁၅၀၀၀) ၀န်းကျင် ပေးရပါတယ်။ ဒီဝန်ဆောင်မှုမှာ အခမဲ့ပြည်တွင်း ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်နိုင်တဲ့ ကြိုးဖုန်းတစ်လုံးအခမဲ့ တပ်ဆင်ပေးပါတယ်။ singtel ကုမ္ပဏီမှာ 6 Mpbs ရှိတဲ့ Broadband အင်တာနက်စနစ်ကို တစ်လချင်းစီအတွက် စင်ကာပူဒေါ်လာ ၃၆ ဒေါ်လာ (ကျပ် ၂၁၀၀၀) ၀န်းကျင်လောက် ပေးရပါတယ်။ ဒါ့အပြင် ဒီစနစ်မှာ အခမဲ့ဝန်ဆောင်မှုအဖြစ် laptop နဲ့ချိတ်ဆက်ပြီး အင်တာနက် အသုံးပြုနိုင်မယ့် portable moden တစ်ခုကို ထည့်ပေးပါတယ်။ သူတို့ ဆီမှာ လစဉ်ကြေးကိုပဲ အဓိက သတ်မှတ်ထားပါတယ်” ဟု ပြောပြခဲ့သည်။
ပြည်တွင်း skynet  ကုမ္ပဏီ၏ အင်တာနက်တပ်ဆင် အသုံးပြုခများ မှာ  2 Mpbs ရှိ FTTX  အင်တာနက် စနစ်အတွက် တစ်လလျှင် လစဉ် ကြေးငွေကျပ် ၁၅၀၀၀၀ကို ပေးသွင်းရကြောင်း၊ ကနဦး တပ်ဆင်ခ အဖြစ် ငွေကျပ် ၈၀၀၀၀နှင့် ပစ္စည်းပိုင်းဆိုင်ရာ ကုန်ကျစရိတ်အဖြစ် ငွေကျပ် ၁၀၀၀၀၀ ကို ပေးသွင်းရကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၌ အင်တာနက်သုံးစွဲမှု အနေဖြင့် ၂၀၀၈ခုနှစ်တွင် အင်တာနက်သုံးစွဲသူ အရေအတွက် ၇၈၀၀၀ ကျော်၊ ၂၀၀၉ခုနှစ်တွင် ၉၃၀၀၀ ကျော် ၂၀၁၀ ပြည့်နှစ်တွင် ၃၅၀၀၀၀ ကျော် ရှိလာကြောင်း သိရှိရသည်။ 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့နှင့် တွေ့ဆုံဆွေးနွေးရန် နေပြည်တော်သို့ ဖိတ်ကြား

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့နှင့် တွေ့ဆုံ ဆွေးနွေးရန် နေပြည်တော်သို့ ဖိတ်ကြားထားကြောင်း နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ယင်းကဲ့သို့ ဖိတ်ကြားမှုကို ဇူလိုင်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် နေပြည်တော်ရှိ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဖိတ်ကြားခဲ့ ခြင်းဖြစ်ပြီး နိုင်ငံရေးပါတီများမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ နှင့်အတွင်းရေးမှူး (ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး တစ်ဦးဦး မတက် ရောက်နိုင်ပါက ယင်းအစား အလုပ် အမှုဆောင်အဖွဲ့ဝင်တစ်ဦး) တို့ ကိုယ်တိုင် မပျက်မကွက် တက်ရောက်ရန် ဖိတ်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးမှုကို နေပြည် တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမဆောင်၌ ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
ယင်းတွေ့ဆုံဆွေးနွေးပွဲ၌ နိုင်ငံ ရေးပါတီများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်ရန် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားနိုင်ကြောင်း လေ့လာသူများ က သုံးသပ်ကြသည်။
“ဒီတွေ့ဆုံဆွေးနွေးမှုမှာ တချို့ မျှော်မှန်းနေသလို ကြားဖြတ်ရွေး ကောက်ပွဲအတွက်လည်း မှာကြားတာတွေ ဖြစ်နိုင်ပါတယ်”ဟု အမျိုး သားဒီမိုကရေစီအင်အားစုပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောကြား ခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို မတ်လ ၃၀ ရက်နေ့ တွင် အသစ်ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌမှာ ဦးတင်အေး၊ အဖွဲ့ဝင်များမှာ ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဦးသာဦး၊ ဒေါက်တာဒေါ်မြင့်ကြည်၊ ဦးဝင်း ကြည်၊ ဦးညွန့်တင်တို့ ဖြစ်သည်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ၃၇ ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

 မြန်မာနိုင်ငံတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ၀န်ကြီးဌာနများ စီမံခန့်ခွဲဆောင်ရွက်ရမည့် ဥပဒေ ၃၉၀ ရှိကြောင်း သိရ

မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့် နှစ် ဒီဇင်ဘာလအထိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ၀န်ကြီးဌာနများ ကစီမံခန့်ခွဲ ဆောင်ရွက်ရမည့်ဥပဒေ  ၃၉၀ ရှိကြောင်း သိရှိရပါသည်။
ဥပဒေများကို စီမံခန့်ခွဲဆောင်ရွက်ရသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ၀န်ကြီးဌာနများအနက် တရားရုံးချုပ်က စီမံခန့်ခွဲဆောင်ရွက်ရသည့်ဥပဒေ ၅၂ ခုဖြင့် အများ ဆုံးဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ကစီမံခန့်ခွဲ ဆောင်ရွက်ရသည့် ဥပဒေ ၅၀ဖြင့် ဒုတိယအများဆုံး ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့် နှစ် ဒီဇင်ဘာလအထိ ပြဋ္ဌာန်း၊ ရုပ် သိမ်း၊ တည်ဆဲဥပဒေများ စာရင်း ချုပ်အရ ခေတ်ကာလအလိုက် မူရင်း ဥပဒေ ၅၆၆ ခုရှိပြီး မူရင်းဥပဒေ များအနက် ဆက်လက်ကျင့်သုံးရန်  မလိုသောတည်ဆဲဥပဒေ ၁၇၆ ခုရှိ ကြောင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ၀န်ကြီးဌာနများက စီမံ ခန့်ခွဲဆောင်ရွက်ရမည့် ဥပဒေများမှာ ၃၉၀ ရှိကြောင်း သိရသည်။
ထို့ပြင် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ အထိ ပြဋ္ဌာန်း၊ ရုပ်သိမ်း၊ တည်ဆဲဥပဒေများ စာရင်းချုပ်အရ ခေတ်ကာလအလိုက် မူရင်းဥပဒေများမှာ လွတ်လပ်ရေး မရမီကာလ နှင့် ပါလီမန်ကာလ ၁၉၅၄ ခုနှစ်အ ထိ (မြန်မာနိုင်ငံဥပဒေ အတွဲ ၁ မှ ၁၃ အထိ) (၂၁၄) ခု၊ ပါလီမန် ကာလ (၁၉၅၅ ခုနှစ်မှ ၁၉၆၂ ခု နှစ် မတ်လအထိ) (၅၆) ခု၊ တော်လှန်ရေး ကောင်စီကာလ (၁၉၆၂ ခုနှစ် မတ်လမှ ၁၉၇၄ ခုနှစ် မတ် လအထိ) (၇၈) ခု၊ ပြည်သူ့လွှတ်တော်ကာလ (၁၉၇၄ ခုနှစ် မတ်လ မှ ၁၇-၉-၁၉၈၈ အထိ) (၆၀) ခု၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကာလ (၁၈-၉-၁၉၈၈ ခုနှစ်မှ ၁၄-၁၁-၁၉၉၇ ခု နှစ်အထိ) (၈၄) ခု၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (၁၅-၁၁-၁၉၉၇ မှ ၁၄-၁၂-၂၀၁၀ အထိ) (၇၄) ခုတို့ ဖြစ် သည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ