Welcome to my blog :)

rss

Sunday, July 17, 2011

အရက်၊ စီးကရက် ကဲ့သို့သော ပြည်သူအတွက် ကန့်သတ်ထားသင့်သည့် ကုန်စည်များမှလွဲ၍ အများပြည်သူသုံး ကုန်စည် အများစုအား ကုန်သွယ်လုပ်ငန်းခွန် ၂၀ ရာခိုင်နှုန်းအောက်၌သာ ကောက်ခံသင့်ဟု လုပ်ငန်းရှင်များဆို

b41503
နေပြည်တော်တွင် ဇူလိုင်လ အတွင်း ကျင်းပခဲ့သည့် ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲ အထူးရောင်းချပွဲကို တွေ့ရစဉ်
အများပြည်သူအတွက် ကန့်သတ်ထားသင့်သည့် အရက်၊ စီးကရက် ကဲ့သို့သော ကုန်စည်များမှလွဲ၍ ပြည်သူများ အားထား အသုံးပြုနေရသည့် ပြည်တွင်းပြည်ပထုတ် ကုန်စည် အများစုအား ကုန်သွယ်လုပ်ငန်းခွန် လျော့ချ
ကောက်ခံသင့်ကြောင်း လုပ်ငန်းရှင်များက အကြံပြု ပြောကြားခဲ့ကြသည်။
အခွန်နှုန်း လျော့ချပေးမှုသက်သက် မဟုတ်ဘဲ ရရှိသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်များအား တိကျစွာ ပြန်လည် ကောက်ခံခြင်းဖြင့်လည်း နိုင်ငံတော်ဘဏ္ဍာ လျော့ကျမည် မဟုတ်ဘဲ တိကျစွာ ပေးဆောင်လာပါက ပိုမို
တိုးတက်စေနိုင်သည်ဟုလည်း လေ့လာသူများ၊ လုပ်ငန်းရှင်များက ဆိုသည်။
ကုန်သွယ်လုပ်ငန်းခွန် လျော့ချခြင်းဖြင့် အများပြည်သူ၏ နေ့စဉ် စားဝတ်နေရေး အသုံးစရိတ်များကိုပါ အကျိုးသက်ရောက်စေခြင်း၊ ပြည်တွင်း ကုန်ထုတ်စွမ်းအား တိုးတက်လာပြီး အလုပ်အကိုင်သစ်များ ပိုမို ပေါ်ပေါက်လာစေသည့် ရလဒ်များ ရှိလာမည် ဖြစ်သည်ဟု ပညာရှင်များနှင့် လုပ်ငန်းရှင်များက ထပ်မံ သုံးသပ်ခဲ့ကြပါသည်။
''ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရတဲ့ ကုန်စည် အမျိုးအစား ၅၈ မျိုးရှိတယ်။ ၂၀၀၉ ခုနှစ် စာရင်းအရ အဲဒီအထဲမှာ တကယ် ကောက်ခံသင့်တဲ့ ကုန်စည်က အမျိုး ၂၀၊ ၃၀ လောက်ပဲ ရှိတော့တယ်လို့ မြင်တယ်။ ကျန်တာတွေက ခေတ်နဲ့ မညီတာ၊ နောက် အစိုးရသစ်က ပြည်တွင်းထုတ်ကုန် စွမ်းအားမြင့်တက်ဖို့ ပြောင်းလဲပေးတဲ့နေရာမှာ ထိရောက်အောင် လျော့ချပေးသင့်တဲ့ ကုန်စည်တွေလို့ မြင်ပါတယ်။ ဥပမာ စက်မှုလယ်ယာကို ကူးပြောင်းဖို့ ချမှတ် လုပ်ဆောင်နေတယ်၊ လယ်လုပ် ကိရိယာကို ကျတော့ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ခံနေရင် တောင်သူတွေ ၀န်ထုပ်ဝန်ပိုး ဖြစ်နေဦးမှာပဲ။ သွင်းပြီး ရောင်းတဲ့သူတွေက အခွန်ဆောင်ရတာ မဟုတ်ဘူး။ တကယ် ဆောင်ရတာက တောင်သူလေ။ အဲဒီလို ကုန်စည်မျိုးကျတော့ ကုန်သွယ်ခွန် ကင်းလွတ်ခွင့်တောင် ပေးထားသင့်တယ်''ဟု ကုန်ထုတ်လုပ်ငန်းရှင် တစ်ဦးက ရှင်းပြခဲ့သည်။

ကျောက်စိမ်း ဆိုပါတော့။ ၂၀၀၉ ခုနှစ် စက်တင်ဘာက ထုတ်တဲ့ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ စာအုပ်မှာ ၃၀ ရာခိုင်နှုန်း ကောက်ခံဖို့ သတ်မှတ်ထားတယ်။ အခုနောက်ပိုင်း ကျတော့ ရတနာခွန် ဆိုပြီး သတ်မှတ်ပြီးတော့ ပြည်တွင်းပြပွဲမှာ ရောင်းရင် ၁၀ ရာခိုင်နှုန်းပဲ ကောက်တော့တယ်
''ကုန်သွယ်လုပ်ငန်းခွန် ဆိုတာ ရောင်းခွန်လို့ မြင်ပါတယ်။ ရောင်းခွန်ကို ကုန်ထုတ်လုပ်တဲ့သူပဲ ဖြစ်ဖြစ် ပြန်ရောင်းတဲ့သူပဲ ဖြစ်ဖြစ် ပေးဆောင်ရတာ မဟုတ်ဘူး။ စားသုံးသူပဲ ပေးဆောင်ရတာပါ။ အခွန်ကျသင့်ငွေကို ကုန်ထုတ်တဲ့သူ၊ ရောင်းသူက ဖယ်ထား ပြီးသားပါ။ ပေးရတာက စားသုံးသူ ပြည်သူပါပဲ။ ဒီတော့ အခွန်လျော့ပေးတာက စားသုံးသူ သုံးစွဲရတဲ့ ပမာဏကို လျော့ချပေးတာနဲ့ အတူတူပါပဲ။ ခေတ်ကာလနဲ့ မကိုက်ညီသလို ကောက်ခံမှုလည်း ပြုရခက်လာတဲ့ ကုန်စည်မျိုးတွေဆို ကင်းလွတ်ခွင့်ထဲ ထည့်သင့်တယ်။ ကောက်ခံမယ် ဆိုရင်လည်း သက်သောင့်သက်သာနှုန်း ကောက်ခံရင် ပိုကောင်းမယ် ထင်ပါတယ်။ ဥပမာ ပုဆိုး၊ အင်္ကျီ ထုတ်ရောင်းတဲ့သူတွေက ကုန်သွယ် လုပ်ငန်းခွန် ၁၀ ရာခိုင်နှုန်း ပေးရတယ်။ ဒီလို အခွန်မျိုးကို လျော့ချမယ်ဆိုရင် လျော့ချလို့ ရတယ်လို့ မြင်ပါတယ်။ စားဝတ်နေရေး ဆိုတဲ့အထဲက ၀တ်တာ အတွက် သုံးစွဲရတဲ့ ပမာဏ အများပြည်သူ သက်သာခွင့် ရသွားတာပေါ့။ အရက်၊ စီးကရက်လို အများပြည်သူ အတွက် အနှောင့်အယှက် ဖြစ်စေတဲ့ ကုန်စည်မျိုးတွေကျတော့ မလျော့ချတဲ့ အပြင် တိတိကျကျ ကောက်ခံရမယ်လေ''ဟု ကုန်ထုတ်လုပ်ငန်းရှင် တစ်ဦးက ရှင်းလင်း ပြောပြခဲ့သည်။
''ကုန်သွယ်လုပ်ငန်းခွန်ကို ၅ ရာခိုင်နှုန်း ကောက်ခံမယ့် အမျိုးအစားနဲ့ ၁၀ ရာခိုင်နှုန်း ကောက်ခံမယ့် အမျိုးအစား ဆိုပြီး နှစ်မျိုးလောက်ပဲ ကောက်ခံသင့်တာ။ ဒီထက် ပိုကောက်သင့်တဲ့ ကုန်စည်တွေ ပါနေရင်တောင် အမြင့်ဆုံး ၂၀ ရာခိုင်နှုန်းပဲ ကောက်ခံဖို့ သင့်တယ်။ ဥပမာ အခု ၅ ရာခိုင်နှုန်းနဲ့ ပေးဆောင်ရတဲ့ ကုန်စည် အမျိုးအစား ၅၈ မျိုးထဲက အမျိုးအစား အများစုကို ကင်းလွတ်ခွင့်ပေးမယ်၊ ၁၀ ရာခိုင်နှုန်းနဲ့ ဆောင်ရတဲ့ ကုန်စည် အမျိုးအစား ၁၃၄ မျိုး၊ ၂၀ ရာခိုင်နှုန်းနဲ့ ဆောင်ရတဲ့ ၉၁ မျိုး၊ ၂၅ ရာခိုင်နှုန်းနဲ့ ဆောင်ရတဲ့ ၄၄ မျိုးထဲက အမျိုးအစား အများစုကို ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းပဲ ခွဲခြား ပေးဆောင်တဲ့ အနေအထားအထိ လျော့ချသင့်တယ်။ လျော့ချပြီးရင်လည်း အခွန်မရှောင်အောင် တိတိကျကျ ကောက်ခံသင့်တယ်။ ဘာအကျိုးရှိမလဲ မေးရင် အများပြည်သူ နေ့စဉ် စားဝတ်နေရေး အသုံးစရိတ် လျော့ကျသွားမယ်၊ ဒါမှမဟုတ် ထပ်ပြီး တက်မလာတော့ဘူး''ဟု စီးပွားရေးဆိုင်ရာ ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
''ဒီဇယ်သွင်းရင် ကုန်သွယ် လုပ်ငန်းခွန်က ၉၀ ရာခိုင်နှုန်း အထိ ကျသင့်တယ်၊ ဓာတ်ဆီသွင်းရင် ကုန်သွယ် လုပ်ငန်းခွန် ၁၇၀ ရာခိုင်နှုန်း အထိ ကျသင့်တယ်။ ပြည်ပကသွင်းပြီး ကုန်းပေါ်အရောက် တန်ဖိုးပေါ်မှာ ပေးဆောင်ရမယ်လို့ သတ်မှတ်ထားတယ်။ ဒါမျိုးကတော့ လျော့ချပစ်သင့်တယ်လို့ ထင်တယ်။ ကုန်ပစ္စည်းဈေးက ကုန်စည် သယ်ယူစရိတ်ပေါ်မှာလည်း အများကြီး မူတည်တဲ့ အတွက်ပါ။ စားသုံးသူတွေပဲ ဒီစရိတ်တွေကို မျှပေးရတယ်။ အဲဒီလို အများပြည်သူနဲ့ ဆိုင်တဲ့ ကုန်စည်တွေကိုတော့ လျော့ချပေးသင့်ပါတယ်''ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။
''ကျောက်စိမ်း ဆိုပါတော့။ ၂၀၀၉ ခုနှစ် စက်တင်ဘာကထုတ်တဲ့ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ စာအုပ်မှာ ၃၀ ရာခိုင်နှုန်းကောက်ခံဖို့ သတ်မှတ်ထားတယ်။ အခုနောက်ပိုင်းကျတော့ ရတနာခွန် ဆိုပြီး သတ်မှတ်ပြီးတော့
ပြည်တွင်းပြပွဲမှာ ရောင်းရင် ၁၀ ရာခိုင်နှုန်းပဲ ကောက်တော့တယ်။ ပြည်တွင်းမှာ မရောင်းဘဲ ပြည်ပပို့ရင် ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းပဲ ကောက်တယ်လေ''ဟု  လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
''ပြည်တွင်းမှာ ထုတ်ရောင်းတဲ့ ငါးဆားနယ်၊ ပုစွန်ချဉ်၊ ငါးချဉ်၊ ထန်းလျက်၊ ကြံသကာ၊ သရက်သီးသနပ်၊ မရမ်းသီးသနပ် ရောင်းရင်တောင် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းဆောင်ဖို့ သတ်မှတ်ထားတုန်းလေ။ ဒါမျိုးကျတော့ စားသုံးသူအပေါ် ၀န်မပိအောင်၊ ပြည်တွင်းမှာလည်း အလုပ်အကိုင်ရအောင် ကင်းလွတ်ခွင့် ပြုသင့်တယ်လို့ ထင်တယ်။ ဘာကြောင့် ပြောရတာလဲဆိုတော့ စာရင်းအရပဲ ပါနေတာ။ တကယ်တမ်းကျတော့ သရက်သီးသနပ် လုပ်တဲ့သူကို အခွန် သွားကောက်တာ ရှိချင်မှ ရှိမှာလေ။ အပို သက်သက်လို ဖြစ်နေတဲ့ အခွန်စာရင်း ဖြစ်နေလို့ပါ။ ဒါ့အပြင် ကိုယ့်နိုင်ငံမှာ ကိုယ်စိုက်ပျိုး ထုတ်လုပ်ပြီး ရောင်းချတဲ့ ကုန်စည်ပေါ်မှာတော့ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေချင်ဘူး။ ရုပ်ရှင်ခွန် ၃၀ ရာခိုင်နှုန်း ကောက်တယ်။ တကယ်က ၁၅ ရာခိုင်နှုန်းလောက်ပဲ ကောက်သင့်တော့တယ်''ဟု လုပ်ငန်းရှင် တစ်ဦးကလည်း ပြောကြားခဲ့သည်။
''၁၉၉၀ မှာ ဒီဥပဒေကို ပြဋ္ဌာန်းတုန်းက ဆိုရှယ်လစ်ခေတ်က အငွေ့တွေပါတယ်။ ဒါကြောင့် ရုပ်ရှင်ခွန်ကို ၃၀ ရာခိုင်နှုန်း၊ ဂျာနယ် မဂ္ဂဇင်းကို ၁၀ ရာခိုင်နှုန်း ကောက်တယ်။ တခြားနိုင်ငံမှာ တစ်ဝက်လောက်ပဲ ရှိတယ်။ စင်ကာပူ ဆိုရင် ဒေါ်လာ တစ်သန်းဖိုး ရောင်းချရတယ် ဆိုမှ ၇ ရာခိုင်နှုန်းပဲ ကောက်တယ်။ ထိုင်းဆိုရင် သတင်းစာကို ရောင်းခွန် မကောက်ဘူး။ တခြား အခွန်ပဲ ကောက်ရင်ကောက်မယ်။ အဲဒီအတွက် ဂျာနယ်တွေဆိုရင် ကုန်သွယ် လုပ်ငန်းခွန် ၁၀ ရာခိုင်နှုန်း အစား ၅ ရာခိုင်နှုန်းလောက်ပဲ ကောက်သင့်တယ်''ဟု ဂျာနယ်လစ်တစ်ဦးက ပြောကြားခဲ့ပါသည်။

၁၉၉၀ မှာ ဒီဥပဒေကို ပြဋ္ဌာန်းတုန်းက ဆိုရှယ်လစ်ခေတ်က အငွေ့တွေပါတယ်။ ဒါကြောင့် ရုပ်ရှင်ခွန်ကို ၃၀ ရာခိုင်နှုန်း၊ ဂျာနယ် မဂ္ဂဇင်းကို ၁၀ ရာခိုင်နှုန်း ကောက်တယ်။ တခြား နိုင်ငံမှာ တစ်ဝက်လောက်ပဲ ရှိတယ်။ စင်ကာပူ ဆိုရင် ဒေါ်လာ တစ်သန်းဖိုး ရောင်းချရတယ် ဆိုမှ ၇ ရာခိုင်နှုန်းပဲ ကောက်တယ်။ ထိုင်းဆိုရင် သတင်းစာကို ရောင်းခွန် မကောက်ဘူး . . .
''ပြည်ပက တင်သွင်းတဲ့ ကုန်စည်အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံတဲ့အခါမှာ ဒေါ်လာနဲ့ ကျသင့်ခွန် တွက်ချက်ပြီးရင် ဒေါ်လာနဲ့ မပေးသွင်းစေဘဲ မြန်မာကျပ်ငွေနွှဲပဲ ပေးသွင်းတာ ပိုထိရောက်မယ် ထင်ပါတယ်။ ဥပမာ
ကျွန်တော် ဒေါ်လာ ၅၀၀ အခွန်ဆောင်ရမယ် ဆိုရင် ဒေါ်လာ ၅၀၀ ကို ကာလပေါက်ဈေး ကျပ် ၈၀၀ နဲ့ မြှောက်ပြီး ကျသင့်တဲ့အတိုင်း ပေးဆောင်စေတာကို ပြောတာပါ။ ဒေါ်လာဈေးကိုလည်း သုံးလတစ်ကြိမ် ကာလပေါက်ဈေးနှုန်း တစ်ခု သတ်မှတ် ထားသင့်တယ်။ ဒါမှလည်း အခွန်ရရှိမှုနဲ့ ဘဏ္ဍာစာရင်းထဲ ၀င်တဲ့ ပမာဏက တိကျမယ်လေ။ ဒါပေမယ့် တင်သွင်းတဲ့ ကုန်စည်တွေ အပေါ်တော့ ကုန်သွယ် လုပ်ငန်းခွန်ကို ကင်းလွတ်ခွင့် ပေးသင့်တာပေး၊ လျော့သင့်တာ လျော့ပြီးမှ လုပ်သင့်ပါတယ်'' ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် တစ်ဦးကလည်း ပြောကြားခဲ့သည်။
''ဒေါ်လာကို ကာလပေါက်ဈေး သတ်မှတ်ပြီး ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံတာ ကောင်းပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ပြည်တွင်း ကုန်သွယ်လုပ်ငန်းခွန် သီးသန့် ကောက်ခံတဲ့ အခါမှာ အခုဆိုရင် အရင်က ဒေါ်လာနဲ့ ပေးရတဲ့သူလည်း ကျပ်ငွေနဲ့ ပြောင်းပြီး ပေးဆောင်ဖို့ သတ်မှတ်ထားတယ်။ အဲဒီမှာ ဒေါ်လာကို ကာလပေါက်ဈေးနဲ့ညီတဲ့ တန်ဖိုး သတ်မှတ်မထားတဲ့ အတွက် အရင် ဒေါ်လာနဲ့ ပေးဆောင်နေကျ လုပ်ငန်းရှင်က ကျပ်ငွေနဲ့ ပေးဆောင်နေကျ လုပ်ငန်းရှင်ထက် ပိုပြီး သက်သာခွင့် ရနေတာမျိုး ဖြစ်တယ်လေ။ ဥပမာ ဒေါ်လာ ၁၀၀၀ ပေးဆောင်ရမယ့်သူက ဘဏ္ဍာအခွန် ၀န်ကြီးဌာနက သတ်မှတ်ထားတဲ့ တစ်ဒေါ်လာ ကျပ်ဘယ်လောက်ဆိုတဲ့ နှုန်းနဲ့ပေးသွင်းရတာ။ ကျပ်ငွေ ၁၀ သိန်း ဆောင်ရမယ့် လုပ်ငန်းရှင် ကတော့ ကျပ်ငွေ ၁၀ သိန်း တိတိကျကျ ပေးသွင်းရတာလေ။ ဒီတော့ ကွာခြားချက်တွေ ဖြစ်သွားနိုင်သလို ပြည်သူ့ဘဏ္ဍာထဲဝင်တဲ့ အခွန်ငွေလည်း လျော့သွားနိုင်တာပေါ့။ ဒါကြောင့် ဒေါ်လာနဲ့ ကျသင့်ခွန် တွက်ထားတဲ့ အခွန်တွေကို ကျပ်ငွေနဲ့ ပေးဆောင်စေတဲ့ နေရာမှာ ဒေါ်လာကို ကာလပေါက်ဈေး တစ်ခု သတ်မှတ် လုပ်ဆောင်သင့်ပါတယ်''ဟု လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။
ပါမောက္ခ ဒေါ်ရီရီမြင့်ကလည်း ''ဥပဒေဆိုတာ အခြေအနေ၊ အချိန်အခါနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ လိုပါတယ်။ အဓိက အရေးကြီးဆုံးက ချမှတ်ထားတဲ့ ဥပဒေက အများပြည်သူရဲ့ ဆန္ဒကို ထင်ဟပ်နိုင်ဖို့ လိုပါတယ်။ ပြုပြင်ပြောင်းလဲဖို့ လိုတဲ့အထဲ အခွန်ကိစ္စလည်း ပါနေတယ်။ အဓိကကတော့ အခွန် နှုန်းထားတွေပါ။ အခွန်ဆိုတာက လူတိုင်းနဲ့ သက်ဆိုင်တယ်။ အစိုးရ အနေနဲ့လည်း အခွန်ကောက်ရမယ်၊ ပြည်သူကလည်း အခွန်ပေးဖို့ တာဝန် ရှိပါတယ်။
အခွန်အကောက် မရှိဘဲ အစိုးရ ရပ်တည်ဖို့ မဖြစ်နိုင်သလို ပြည်သူတွေ အခွန်ပေးချင်အောင်လည်း တိုက်တွန်း စည်းရုံးနိုင်ရမယ်။ ပြည်သူတွေရဲ့ ဆန္ဒနဲ့ ကောက်ခံတဲ့ အခွန် နှုန်းထားတွေက မကိုက်ညီရင် အခွန် မပေးချင်တာတွေ၊ အခွန် ရှောင်တာတွေ ဖြစ်လာမယ်။ ကုန်သွယ်လုပ်ငန်းခွန် ဆိုတာက စားသုံးသူက ပေးရတဲ့ အခွန်ပါ။ အများပြည်သူက ရောင်းခွန်လို့ သိထားတယ်။ အမျိုးအစားအလိုက် နှုန်းထားတွေ ခွဲထားတယ်။ ကောက်ခံတဲ့နှုန်းထား များရင်၊ အမျိုးအစားများရင် စားသုံးသူတွေ ၀န်ပိစေသလို နည်းရင် အစိုးရဘဏ္ဍာ ရရှိမှု လျော့နည်းမှာ ဆိုတော့ မျှတတဲ့ ပမာဏ ဖြစ်ဖို့ လိုပါတယ်။ တစ်ဦးတစ်ယောက်ချင်း ဝေဖန်နေတာထက် အစုအဖွဲ့နဲ့ ညှိနှိုင်း အဖြေရှာသွားရမှာပါ။ကုန်သွယ်လုပ်ငန်းခွန်မှ မဟုတ်ဘူး၊ ဘယ်အခွန် ဖြစ်ဖြစ်ပါ၊ ပြင်ရ ပြောင်းရမယ့် ကိစ္စတွေ အများကြီး ရှိနေပါတယ်''ဟု ပြောကြားခဲ့ပါသည်။
''ပုံမှန်အားဖြင့်တော့ နိုင်ငံခြားက ကုန်ပစ္စည်း တင်သွင်းတဲ့ လုပ်ငန်းရှင် တစ်ဦးဟာ withholding tax အပါအ၀င် အခွန်လေးမျိုး ကျခံရတယ်။ ဒီအထဲမှာ custom duty လည်း ပါပါတယ်။ custom duty ကတော့ သုည
ရာခိုင်နှုန်းကနေ ၂၀၀ ရာခိုင်နှုန်း အထိ အမျိုးမျိုး ကောက်တယ်။ ဥပမာ အရက် ဆိုရင် ၂၀၀ ရာခိုင်နှုန်း ကောက်တယ်။ commercial tax ကတော့ ထာဝရ ပေးရတယ်။ စင်ကာပူတောင် ပေးရတယ် မလွတ်ဘူး၊ နောက်တစ်ခုက အမြတ်ခွန် ပေးရတယ်။ အမြတ်ခွန်ကလည်း ၃၀ ရာခိုင်နှုန်း ပေးရတယ်။ ဒါပေမယ့် withhloding tax ကျတော့ ပစ္စည်းတစ်ခု တင်သွင်းမယ် ဆိုပြီး ဘဏ်မှာ LC ဖွင့်ကတည်းက ၃.၅ ရာခိုင်နှုန်းကို အမေရိကန် ဒေါ်လာနဲ့ တစ်ခါတည်း သွင်းရတယ်။ နဂို အခွန်သုံးမျိုးရှိတဲ့ အတွက်ကြောင့် အခွန်က လေးမျိုး ဖြစ်သွားတယ်''ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
အလားတူပင် အခြား တစ်ဖက်တွင်လည်း အခွန်စနစ်တွင် အားနည်းချက်များ ရှိနေသောကြောင့် SMEs လုပ်ငန်းများ ဖွံ့ဖြိုးမှု အတားအဆီးများ ဖြစ်စေကြောင်းနှင့် အခွန်စနစ်တွင် မမျှတမှုများ ရှိပါကလည်း လာဘ်ပေးလာဘ်ယူမှုကို အားပေးရာ ရောက်ကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိ အခွန် ပေးဆောင်နေရမှုများတွင် အခွန်ရှောင်သူများလည်း ရှိနေပြီး ယင်းတို့အား စနစ်တကျ ဆောင်ရွက်ရန် လိုအပ်နေကြောင်း သိရှိရသည်။
လုပ်ငန်းများ လည်ပတ်နိုင်မှုကို ၀န်ထုပ်ဝန်ပိုး ဖြစ်စေသော အခွန်စနစ် ဆိုပါက ပြင်ဆင်သင့်ကြောင်းနှင့် အထူးသဖြင့် နိုင်ငံတော်မှ ကောက်ခံသော အခွန်များမှာ ထုတ်လုပ်သူများကို မထိခိုက်ရန် လိုအပ်ကြောင်း၊ ထုတ်လုပ်သူများကို ထိခိုက်ပါက ကုန်သည် လုပ်ငန်းရှင်များ ထိခိုက်နိုင်ကြောင်းနှင့် သွင်းကုန်ပိုင်းတွင်လည်း လုပ်ငန်းရှင်များကို ထိခိုက်ပါက စားသုံးသူလည်း ထပ်၍ ထိခိုက်နိုင်ကြောင်း သုံးသပ်ကြသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ