Welcome to my blog :)

rss

Sunday, July 24, 2011

ကွန်ဒိုမီနီယမ်ဆိုင်ရာ လက်ကမ်းစာစောင် ကြော်ငြာနှင့် နှစ်ဦးသဘောတူ အရောင်းအ၀ယ် စာချုပ်ပါအတိုင်း ဆောင်ရွက် မပေးနိုင်သူ ကွန်ဒို တည်ဆောက်သူများကို နစ်နာသူများဘက်မှ တရားမကြောင်း သာမက ရာဇ၀တ်ကြောင်း အရပါ တရားစွဲဆိုနိုင်

AddThis Social Bookmark Button
b41618
ကွန်ဒိုမီနီယမ်ဆိုင်ရာ လက်ကမ်းစာစောင် ကြော်ငြာနှင့် နှစ်ဦးသဘောတူ အရောင်းအ၀ယ် စာချုပ်ပါ အတိုင်း ဆောင်ရွက်မပေးနိုင်သော ကွန်ဒို တည်ဆောက်သူများကို နစ်နာသူ အခန်းဝယ်ယူသူများဘက်မှ တရားမကြောင်း အရ သာမက ရာဇ၀တ်ကြောင်း အရပါ တရားစွဲဆိုနိုင်ကြောင်း တည်ဆဲဥပဒေများ၏ ပြဋ္ဌာန်းမှုနှင့် ဥပဒေပညာရှင်များ၏ ပြောကြားချက် အရ သိရသည်။
ကွန်ဒို တည်ဆောက်သူ ကန်ထရိုက်တာများနှင့် ကွန်ဒိုမီနီယမ်တိုက်ခန်း ၀ယ်ယူသူများ အကြားတွင် ဖြစ်ပွားနေသော မကျေနပ်မှုအချို့၊ နစ်နာမှုအချို့ ရှိနေကြောင်း ယင်းတို့ထဲတွင် ကွန်ဒိုမီနီယမ် ရောင်းချရန် ကြော်ငြာစဉ်က ပါရှိသည့် အချက်များသည် အဆောက်အအုံ ဆောက်လုပ်ပြီးချိန်တွင် လက်တွေ့၌ မပါဝင်ခြင်း၊ စာချုပ်ပါ ကတိများအတိုင်း ဆောင်ရွက်မပေးနိုင်သည့် အချက်များ ရှိနေခြင်း၊ ကြော်ငြာစဉ်က ပြောထားသည့် ကားပါကင် အရေအတွက် အတိုင်း လက်တွေ့ နေထိုင်ချိန်တွင် မပါရှိခြင်း စသည့် ပြဿနာများ ပါဝင်နေကြောင်း သိရသည်။
''မတရား ရယူစေဖို့ အကြံနဲ့ဖြစ်ဖြစ် မတရား ဆုံးရှုံးစေဖို့ အကြံနဲ့ဖြစ်ဖြစ် ဘယ်လိုလူကမဆို တစ်ဦးတစ်ယောက်ကို ပြုရင် မရိုးမဖြောင့် ပြုတယ်လို့ မည်ပါတယ်။ နောက်ပြီး လိမ်လည် လှည့်ဖြားလိုတဲ့ အကြံနဲ့ပြုရင် အဲဒီလူက လိမ်လည် လှည့်ဖြားတယ်လို့ မည်တယ် ဆိုတာကို ရာဇသတ်ကြီးမှာ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ အခု ကွန်ဒိုတချို့နဲ့ တိုက်ခန်း ၀ယ်ယူသူတွေကြားမှာ ဖြစ်နေတဲ့ ပြဿနာက ကွန်ဒိုဆောက်တဲ့သူ တချို့က ကိုယ့်တိုက်ခန်းကိုဝယ်အောင် လက်ကမ်း စာစောင် ကြော်ငြာတွေနဲ့ အရင် ဆွဲဆောင်ပါတယ်။ တိုက်ခန်းတွေကိုလည်း ၀ယ်ပြီးရော လူကိုယ်တိုင် တက်နေတဲ့ အခါမှာ ကြော်ငြာထဲက အတိုင်း ဖြစ်မလာတာတွေ ကြုံတဲ့သူတွေ ရှိနေတယ်လို့ ကြားရပါတယ်။ ဒါဟာ ကိုယ့်တိုက်ခန်းကို လိမ်ပြီး ရောင်းတာနဲ့ တူနေပါတယ်။ အဲဒီလိုမျိုးဆိုရင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၁၇ နဲ့ တရားစွဲလို့ ရပါတယ်''ဟု ဥပဒေအတိုင်ပင်ခံ တစ်ဦးက ပြောကြားခဲ့သည်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၁၇ တွင် ပြဋ္ဌာန်းထားသည်မှာ မည်သူမဆို လိမ်လည်မှု ကျူးလွန်လျှင် ထိုသူကို တစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ငွေဒဏ် ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားပြီး မည်သို့ ပြုမူမှုမျိုးသည် လိမ်လည်မှု ဖြစ်သည်ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၅ တွင် ဆိုထားပါသည်။
ထို့ပြင် မရိုးမဖြောင့်သော သဘောနှင့် အကြောင်းခြင်းရာများကို ထိမ်ချန်ခြင်းသည် ဤပုဒ်မ၏ အဓိပ္ပာယ် အရ လှည့်ဖြားခြင်း မည်ကြောင်းကိုလည်း ရှင်းလင်းချက်ဖြင့် ရှင်းလင်းထားသည်ကို သိရသည်။

မြန်မာနိုင်ငံရှိ ကွန်ဒိုအချို့သည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု မရှိဘဲ ဈေးနှုန်းသာ ကြီးမြင့်နေကြောင်း ကြော်ငြာစဉ်က ကဲ့သို့ ၀န်ဆောင်မှုမျိုးကို အပြည့်အ၀ မပေးနိုင်သည့် ကွန်ဒိုများ ရှိကြောင်း . .
မြန်မာနိုင်ငံရှိ ကွန်ဒိုအချို့သည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု မရှိဘဲ ဈေးနှုန်းသာ ကြီးမြင့်နေကြောင်း ကြော်ငြာစဉ်ကကဲ့သို့ ၀န်ဆောင်မှုမျိုးကို အပြည့်အ၀ မပေးနိုင်သည့် ကွန်ဒိုများ ရှိကြောင်း ဗဟန်းမြို့နယ်ရှိ
ကွန်ဒိုတိုက်ခန်း တစ်ခုတွင် နေထိုင်သူတစ်ဦးက ဆိုပါသည်။
''နှစ်ဦးသဘောတူ အရောင်းအ၀ယ် ပဋိညာဉ်စာချုပ်ပါ အချက်တွေအတိုင်း ကွန်ဒို တည်ဆောက်တဲ့သူတွေက တိုက်ခန်း ၀ယ်ယူသူတွေဘက်ကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိရင် ဒါဟာ ပဋိညာဉ် ချိုးဖောက်မှုပါ။ ပဋိညာဉ်
ချိုးဖောက်တယ် ဆိုရင်  တရားမကြောင်း အရ တရားစွဲဆို ခံရနိုင်ပါတယ်။ တစ်ခုက ပဋိညာဉ် အတိုင်း ဆက်လက် ဆောင်ရွက်ပေးစေလိုမှုနဲ့ ခေါင်းစဉ်တပ် စွဲဆိုလို့ ရသလို နောက်တစ်မျိုး အနေနဲ့ ပဋိညာဉ် ချိုးဖောက်တဲ့ အတွက် နစ်နာကြေး ရလိုမှုနဲ့ ခေါင်းစဉ်တပ် စွဲဆိုလို့ ရပါတယ်။ အရောင်းအ၀ယ် ပဋိညာဉ်တစ်ခု ချုပ်တော့မယ် ဆိုရင် နှစ်ဦးနှစ်ဘက် သဘောတူညီချက်တွေကို တိတိကျကျ ထည့်သွင်း ချုပ်ဆိုရမှာ ဖြစ်ပါတယ်။ တစ်ယောက်ယောက်က အဲဒီအချက်တွေအတိုင်း မလုပ်နိုင်ဘဲ ချိုးဖောက်ခဲ့ရင် တရားစွဲနိုင်ပါတယ်။ တရားစွဲဆိုတဲ့အခါ ခိုင်မာမှု ရှိစေဖို့ စာချုပ်ကိုတော့ တံဆိပ်ခေါင်းနဲ့ ချုပ်ထားဖို့တော့ လိုပါတယ်''ဟု အထက်တန်းရှေ့နေ တစ်ဦးက ဆိုပါသည်။
ကွန်ဒိုမီနီယမ် ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်နှင့် ဆက်စပ်လျက် ရှိသော နေထိုင်သူများကို နစ်နာမှု ဖြစ်စေပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ အရ အရေးယူ ခံရနိုင်ကြောင်း သိရသည်။
အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် ရသူသည် အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်း လုပ်ကိုင်ရာတွင် ပတ်ဝန်းကျင်နှင့် ဆက်စပ်လျက် ရှိသော နေထိုင်သူများ၏ အဆောက်အအုံများ၊ ပစ္စည်းများ၊
အသက်အန္တရာယ်၊ ကျန်းမာရေး သို့မဟုတ် လမ်းသွားလမ်းလာများ၏ ဘေးအန္တရာယ် ကင်းရှင်းရေးကို မထိခိုက်စေရန် ကော်မတီ၏ ညွှန်ကြားချက် နှင့်အညီ ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံဆိုင်ရာ နည်းဥပဒေများ ၈ အရ သိရသည်။
ထို့ပြင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်း လုပ်ကိုင်ရာတွင် ယင်းလုပ်ငန်းကြောင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံ တစ်ခုခု သို့မဟုတ် ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုခု
ပျက်စီးချို့ယွင်းမှု ပေါ်ပေါက်ပါက နစ်နာသူသည် ကော်မတီသို့ ကန့်ကွက်လွှာ တင်နိုင်ကြောင်း၊ ကော်မတီသည် နစ်နာသူက တင်ပြလာသော ကန့်ကွက်လွှာနှင့် စပ်လျဉ်း၍ အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး အမှန်တကယ် နစ်နာကြောင်း တွေ့ရှိပါက အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်း လုပ်ကိုင်ခွင့်ရသူနှင့် ညှိနှိုင်း၍ ထိုက်သင့်သော နစ်နာကြေးကို၊ သတ်မှတ်ပေးရမည် ဖြစ်ကြောင်း၊ ညှိနှိုင်း သတ်မှတ်ပေးသည့် နစ်နာကြေးကို ကာယကံရှင်များက လက်မခံလျှင် ဖြစ်စေ၊ ကော်မတီက ညှိနှိုင်း သတ်မှတ်ပေးနိုင်ခြင်း မရှိလျှင် ဖြစ်စေ နစ်နာသူသည် တည်ဆဲဥပဒေများနှင့်အညီ နစ်နာကြေး ရရှိရန် သက်ဆိုင်ရာ တရားရုံးသို့ လျှောက်ထားနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံဆိုင်ရာ နည်းဥပဒေများ ၉၊ ၁၀၊ ၁၁ အရ သိရသည်။
''နိုင်ငံခြားမှာဆို ကွန်ဒိုဝယ်မယ်ဆိုရင် အရစ်ကျစနစ်နဲ့ ပေးရတာတောင် အဆင်သင့် တက်နေရုံပဲ။ နှစ် ၂၀ ၊၃၀ လှည့်ကြည့်စရာ မလိုဘူး။ ဒီမှာက ပိုက်ဆံ အကျေနီးပါး ပေးပြီးတာတောင် တက်နေလို့ မရတဲ့ ကွန်ဒိုတချို့ ရှိနေတယ်။ ကိုယ်ဝယ်မလို့ သူတို့ဆီမှာ သွားလေ့လာတော့ သူတို့ပြတဲ့ ဓာတ်ပုံထဲက ပုံစံက တစ်မျိုး၊ အဆောက်အအုံလည်း ပြီးရော ပုံစံကတစ်မျိုး ဖြစ်နေတယ်။ ပိုက်ဆံကလည်း ပေးပြီးသား ဖြစ်နေတော့ ဘာမှလုပ်မရဘဲ ငြိမ်ခံနေရတယ်။သူတို့က မြေကြီးလောက်ပဲ စိုက်ပြီး ကျန်တဲ့ အခန်းဝယ်တဲ့သူတွေ ပေးတဲ့ ပိုက်ဆံနဲ့ တိုက်ဆောက်ပြီး ပြန်ရောင်းတဲ့ပုံစံ ဖြစ်နေတယ်။ ကိုယ့်တုတ်နဲ့ ကိုယ်ပြန်ရိုက်ခံရသလို သဘောမျိုးပါ။ ပိုက်ဆံ အကျေပေးပြီး တော်တော်နဲ့ တက်နေလို့ မရရင် နိုင်ငံတော်မှာလည်း ပြဿနာ အများကြီး ရှိလာနိုင်ပါတယ်။ ဘာတွေလဲဆိုတော့ အဆင့်ဆင့် ရောင်းရာကနေ အရောင်းအ၀ယ် အရှုပ်အရှင်းတွေ ဖြစ်လာနိုင်ပါတယ်။ အခု လက်ရှိမှာလည်း ကန်ထရိုက်ပြေးလို့ မြေရှင်နဲ့ အခန်းရှင်တွေ ပြဿနာတက်တဲ့ ကိစ္စတွေ ကန်ထရိုက်တိုက် တချို့မှာ ရှိနေပါတယ်''ဟု ကွန်ဒိုမီနီယမ် တိုက်ခန်း ၀ယ်ယူဖူးသူ တစ်ဦးက ဆိုပါသည်။
အထပ်မြင့် အဆောက်အအုံများ ကွန်ဒိုမီနီယမ်များနှင့် ပတ်သက်၍ သီးခြားဥပဒေ ပြဋ္ဌာန်းခြင်းကို ကုမ္ပဏီတစ်ခု၏ ဥပဒေ အကြံပေး ရှေ့နေတစ်ဦးက သုံးသပ် ပြောကြားခဲ့ရာ ''မြန်မာနိုင်ငံမှာ အထပ်မြင့် အဆောက်အအုံတွေ ကွန်ဒိုမီနီယမ်တွေနဲ့ ပတ်သက်ပြီး သီးခြား ဥပဒေ ပေါ်ပေါက်လာဖို့ လိုအပ်နေပါပြီ။ ပြဋ္ဌာန်းမယ် ဆိုရင်လည်း အခု အစိုးရသစ် လက်ထက်မှာ ပြဋ္ဌာန်းနိုင်တယ် ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေက သက်သေပြနိုင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့ ဇယား ၁၊ ပြည်ထောင်စု ဥပဒေပြု စာရင်းရဲ့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးကဏ္ဍမှာ အိမ်ရာနှင့် အဆောက်အအုံများ ဆိုပြီး ပါပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အိမ်ရာတွေ အဆောက်အအုံတွေနဲ့ ပတ်သက်ပြီး ဥပဒေပြုနိုင်တယ် ဆိုတာ ထင်ရှားပါတယ်''ဟု ရှင်းပြပါသည်။
ပြည်ထောင်စု လွှတ်တော်သည် ဇယား ၁ တွင် ဖော်ပြထားသော ပြည်ထောင်စုဥပဒေပြု စာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု တစ်ဝန်းလုံးအတွက် သော်လည်းကောင်း ပြည်ထောင်စု၏ တစ်စိတ်တစ်ဒေသ အတွက် သော်လည်းကောင်း  အာဏာ သက်ရောက်စေရန် ဥပဒေပြုခွင့် ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၆ အရ သိရပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ