Welcome to my blog :)

rss

Sunday, July 17, 2011

ပြည်တွင်းမှ ခရီးသွားနှင့် ပြည်ပခရီးသည်များ အတွက် သံရုံးအသီးသီးမှ ဗီဇာရရှိမှုပိုင်းတွင် ကြန့်ကြာမှုများရှိ၊ မြန်မာနိုင်ငံ အခြေစိုက်သံရုံးများ၏ ဗီဇာတင်းကျပ်မှုသည်လည်း အဓိကအချက်ဖြစ်

461
ရန်ကုန်မြို့ရှိ မလေးရှားသံရုံးရှေ့တွင် စောင့်ဆိုင်းနေသူ အချို့ကို မေလ ၁၀ ရက်နေ့က တွေ့ရစဉ်


ပြည်တွင်းမှ ခရီးသွားများနှင့်  ပြည်ပမှ လာရောက်မည့် ခရီးသည်များအတွက် နိုင်ငံတကာ သံရုံးအသီးသီးမှ ဗီဇာရရှိမှုပိုင်းတွင် ကြန့်ကြာမှုများ ရှိကြောင်းနှင့် မြန်မာ့ခရီးသွား ကဏ္ဍဖွံ့ဖြိုးမှုတွင် အခြေခံကျသည့်ခရီးသွားဆိုင်ရာ ၀န်ဆောင်မှုများအပြင် သက်ဆိုင်ရာ သံရုံးအသီးသီး၏ ဗီဇာတင်းကျပ်မှုသည်လည်း အဓိကဖြစ်နေသည်ဟု ခရီးသွားများထံမှ စုံစမ်းသိရှိရပါသည်။

တက်ရိပ်ပြနေတဲ့ မြန်မာခရီးသွား ကဏ္ဍ

၂၀၀၇ ခုနှစ် စက်တင်ဘာလမှစ၍ ကျရိပ်ပြခဲ့သည့် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍမှာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း၊ ၂၀၀၉ ခုနှစ် ကမ္ဘာ့စီးပွားရေး ကျပ်တည်းမှုများပြီးနောက်တွင် ၂၀၁၀ ပြည့်နှစ်၌ ပြန်လည် တိုးတက်လာကာ ၂၀၁၁ ခုနှစ် ခရီးသွား ရာသီအစတွင်မူ ပြည်ပမှဝင်ရောက်သည့် ခရီးသွားများ ပိုမိုမြင့်တက်လာခဲ့သည်။ ၂၀၀၈ နှင့် ၂၀၀၉  ခုနှစ်တွင် နိုင်ငံခြားသားခရီးသည် လာရောက်မှု ကျဆင်းခဲ့သော်လည်း မြန်မာနိုင်ငံမှ သွားရောက်မှုမှာမူ များပြားမှုရှိခဲ့သည်။ လက်ရှိတွင်မူ ပြည်ပသို့ ထွက်ခွာသူနှင့် ပြည်ပမှလာရောက်သူ ခရီးသွားများမှာ ယမန်နှစ်များထက် တိုးတက်မှုရှိလာမည်ဟု မြန်မာနိုင်ငံ ခရီးသွားကဏ္ဍ အသိုင်းအ၀ိုင်းမှ မျှော်မှန်းမှုများ ရှိသည်။


ပိုင်ဆိုင်မှုကိုပြရတာ ဖုန်း၊ ကားအပြင် တခြားအချက်တွေ မပြည့်စုံလို့ ဆိုပြီး ခဏခဏပြန်ခဲ့ရတယ်။ တကယ်တော့ သူတို့နိုင်ငံကို အလည်အပတ် သွားတယ်ဆိုတာ ကျွန်မတို့ငွေ သူတို့ဆီ သွားဖြုန်းတာပဲလေ။ သူတို့နိုင်ငံ ပိုက်ဆံရတာပဲ။ ဒီလိုတင်းကြပ်မှုတွေသာ မရှိရင် သွားချင်တဲ့သူတွေ တစ်ပုံကြီးပါ . . .

ခရီးသွား ဖွံ့ဖြိုးလာတာနဲ့အမျှ ဒီအချက်တွေ လိုလာတယ်

ထိုသို့ မြန်မာ့ခရီးသွားကဏ္ဍ ဖွံ့ဖြိုးမှုတွင် အခြေခံကျသည့် ခရီးသွားဝန်ဆောင်မှုများဖြစ်သော ဟိုတယ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ အဆင့်မြင့်ကားပိုင်းဆိုင်ရာ လိုအပ်မှုများ စသည်ဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည်နှင့်အညီ ခရီးသွားလုပ်ငန်း၌ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

461a
ရန်ကုန်မြို့ရှိ မလေးရှားသံရုံးရှေ့တွင် ဗီဇာရရှိရန် စောင့်ဆိုင်းနေသူ အချို့ကို မေလ ဒုတိယပတ်က တွေ့ရစဉ်
“မြန်မာနိုင်ငံမှာ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတွေ အများကြီးပါပဲ။ ဒါပေမယ့် ဒါတွေကိုစနစ်တကျ ဖော်ထုတ်နိုင်မှု အပိုင်းမှာတော့ အားနည်းချက်ရှိတယ်။ ခရီးသွားတွေ တိုးလာရင် ဟိုတယ်တွေ လိုအပ်နိုင်တာကို မပြောနဲ့ဦး။ ခရီးသွားဒေသတွေမှာ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ အိမ်သာ၊ စားသောက်ဆိုင် ဒါတွေတောင် ကောင်းကောင်း မရှိသေးဘူး။ အဆင့်မြင့်ကားတွေ လုံလုံလောက်လောက် မရှိဘူး။ ပြည်အ၀င်ဖြစ်တဲ့ ရန်ကုန်လေဆိပ်တောင်မှ ခရီးသွားတွေ တအားများလာရင် လေဆိပ် အနေအထားနဲ့ အဆင်မပြေနိုင်ဘူး”ဟု မြန်မာနိုင်ငံ ခရီးသွားရေးရာ ကျွမ်းကျင်သူ တစ်ဦးက ထောက်ပြခဲ့သည်။

၂၀၁၁ ခုနှစ်မှာ အိမ်နီးချင်းနိုင်ငံတွေဆီ ခြေဆန့်လာတဲ့ မြန်မာခရီးသွားတွေနဲ့ ဗီဇာခက်ခဲတဲ့ ဖြစ်ရပ်တွေ

ယခုနှစ်တွင် ထိုင်း၊ မလေးရှား နှင့်တရုတ်နိုင်ငံများသို့ Package Tour အစီအစဉ်များဖြင့် ထွက်ခွာသူ မြန်မာ ခရီးသွားများ သိသာစွာများလာသည် နှင့်အမျှ သံရုံးအသီးသီး၏ ဗီဇာရရှိမှုပိုင်းတွင်လည်း ကြန့်ကြာသည့် ဖြစ်ရပ်များ ရှိလာခဲ့ကြသည်။

“ခရီးသွားကဏ္ဍ မြင့်တက်အောင် လုပ်မယ်ဆို Inbound သာမက outbound သွားမယ့်သူတွေကို ပါ သံရုံးအသီးသီးရဲ့ဗီဇာထုတ်ပေးမှုပိုင်း တွေမှာ အဆင်ပြေချောမွေ့ဖို့ လိုပါလိမ့်မယ်။ သွားမယ့်ခရီးသည်တွေ ဘက်ကလည်း သံရုံးဘက်က တောင်းခံတဲ့ Documents  တွေကို မှန်မှန်ကန်ကန်နဲ့ ပြသပေးဖို့ လိုပါတယ်”ဟု Travel Zone Travels & Tours ကုမ္ပဏီမှ အကြီးတန်း ဧည့်လမ်းညွှန် တစ်ဦးက ဆိုပါသည်။

အထူးသဖြင့် ထိုင်း၊ မလေးရှား သို့သွားခဲ့ကြသည့် ခရီးသွားများတွင် ညအိပ်တန်းစီကာ ဗီဇာရရှိရန် စောင့်ဆိုင်းခဲ့ရသည့် အခြေအနေများနှင့် ပိုင်ဆိုင်မှု ပြသရာတွင်လည်း ယခင်ကကဲ့သို့ မလွယ်ကူခဲ့သည့် ဖြစ်ရပ်များလည်း ကြုံတွေ့ခဲ့ရကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်သို့ သင်္ကြန်ကာလများ၌ အလည်အပတ် ပုံမှန်သွားရောက်လေ့ ရှိခဲ့သူ မသီရိက ဆိုပါသည်။

“ကျွန်မတစ်သက် ထိုင်းသံရုံး ဗီဇာတန်းစီရတာ ဒီနှစ်လောက်ခက်တာ တစ်နှစ်မှမရှိခဲ့ဖူးဘူး။ တိုကင်ရဖို့ ညအိပ်တန်းစီခဲ့ရတဲ့အပြင် ကျွန်မ တူလေးက အခုမှသွားလို့ဆိုပြီး သူ့ရဲ့ ပိုင်ဆိုင်မှုကိုပြရတာ ဖုန်း၊ ကားအပြင် တခြားအချက်တွေ မပြည့်စုံလို့ဆိုပြီး ခဏခဏပြန်ခဲ့ရတယ်။ တကယ်တော့ သူတို့နိုင်ငံကို အလည်အပတ်သွား တယ်ဆိုတာ ကျွန်မတို့ငွေ သူတို့ဆီ သွားဖြုန်းတာပဲလေ။ သူတို့နိုင်ငံ ပိုက်ဆံရတာပဲ။ ဒီလိုတင်းကြပ်မှုတွေ သာမရှိရင် သွားချင်တဲ့သူတွေ တစ်ပုံကြီးပါ”ဟု မသီရိက ဆက်လက်ပြောပြ ခဲ့ပါသည်။

အလည်အပတ် ဗီဇာရရှိမှု ခက်ခဲသည့်နိုင်ငံများတွင် အမေရိကန်နှင့် ဥရောပ အလည်အပတ် ခရီးစဉ်များလည်း ပါဝင်ပြီး အဆိုပါခရီးစဉ်များ သွားရောက်မည်ဆိုပါက ခရီးသည်ကိုယ်တိုင် လျှောက်ထားမှုကိုသာ ပြုလုပ်စေသည့် Travels and Tours များပြားပြီး ကိုယ်တိုင်လျှောက်ထားမှု ပြုလုပ်ပေးသည့် ဂန္ထ၀င်ရွှေပုဂံ ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူက”ခရီးသွားကုမ္ပဏီတွေ တော်တော်များများက ဒီခရီးစဉ်တွေဆို ခရီးသည်ကိုယ်တိုင်ကိုပဲ ဗီဇာရအောင် လျှောက်ခိုင်းပါတယ်။ ဂန္ထ၀င်ရွှေပုဂံ အနေနဲ့ကတော့ လျှောက်ပေးမှုရှိပေမယ့် ဒီခရီးစဉ်တွေက ဗီဇာ ရဖို့ခက်တယ်။ စာရွက်စာတမ်းတွေ ပြည့်စုံနေဦးတော့ သူတို့ သံသယဖြစ်ရင် မပေးတော့ဘူး။ မိသားစု သုံးယောက်လျှောက်ရင် နှစ်ယောက်ပဲ ရတာမျိုးရှိတယ်”ဟု ရှင်းပြခဲ့သည်။

“ကျွန်တော်တို့ အာဆီယံထိပ်သီး ဆွေးနွေးပွဲကို သွားရောက် သတင်းရယူဖို့ ဗီဇာလျှောက်တဲ့အခါမှာ သံရုံးက ဖိတ်ခေါ်စာ တောင်းပါတယ်။ ဟိုမှာ လုပ်တဲ့အစည်းအဝေးဖြစ်လို့  အွန်လိုင်းက လျှောက်တဲ့အခါမှာ ဖိတ်စာဘယ်ရှိနိုင်မလဲ။ နောက်ပြီး လေယာဉ်လက်မှတ် ကအစ ဟိုမှာ နေထိုင်သွားလာစရိတ် အကုန် ကိုယ့်စရိတ်နဲ့ ကိုယ်သွားတဲ့ အတွက် ဟိုဘက်နိုင်ငံက ပေးတဲ့ စပွန်ဆာဆိုတာ ဘယ်ရှိနိုင်မလဲ။ ဒါကို သူတို့က ဟိုဘက်နိုင်ငံက စပွန်ဆာပေးမယ့်သူကို တောင်းတယ်။ ဆွေးနွေးပွဲ အတွက် လက်ခံစာက မရောက်လာ သေးတဲ့အချိန်၊ ဗီဇာလုပ်ဖို့အတွက် ပေးရမယ့်အချိန်တွေကိုတွက်ပြီး အခြေအနေတွေကို ရှင်းပြတာတောင် သူတို့  ကိစ္စ မဟုတ်ဘူးဆိုပြီး ငြင်းဆိုတယ်။ နောက်ဆုံး အင်ဒိုနီးရှားက တာဝန်ရှိသူတွေနဲ့ သံရုံးဗီဇာ တာဝန်ရှိသူကို ကိုယ့် ဖုန်းကနေ အင်ဒိုနီးရှားကို လှမ်းခေါ်ပြီး သူတို့အချင်းချင်း ချိတ်ပေးခဲ့တာတောင် သံရုံးဘက်က လုံးဝလျှော့မပေး ခဲ့ဘူး။ အင်ဒိုနီးရှား တာဝန်ရှိသူတွေ ပြောတာက ဧပြီလ ၃၀ ရက်နေ့မှာ လက်ခံစာတွေ စပေးမယ်။ အစည်းအဝေးက မေလ ၄ ရက်နေ့စမယ်။ ဒီအခါမှာ လက်ခံစာရပြီးမှ ဗီဇာလျှောက် မယ်ဆိုရင် ဆွေးနွေးပွဲအတွက် အချိန် မမီနိုင်တော့ဘူး။ ဒါကိုပဲ သံရုံးဗီဇာ တာဝန်ရှိသူက လုံးဝလျှော့မပေးခဲ့ဘူး။ ဒီလို အဆင်မပြေတဲ့အတွက် အင်ဒိုနီးရှားကို ဖုန်းနဲ့လှမ်းဆက်သွယ်ပြီး ဗီဇာရဖို့အတွက် ပြောတဲ့အခါမှာ နောက်ဆုံး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဌာနအထိ ရောက်သွားပြီး ဟိုက တာဝန်ရှိသူက ဘာထောက်ခံစာမှ မတောင်းဘဲ ဗီဇာခွင့်ပြုပေးဖို့ သံရုံး ဗီဇာတာဝန်ရှိသူကို ပြောမှ ထုတ်ပေးတော့တယ်။ ဒီလိုထုတ်ပေးတာတောင် ကိုယ်နဲ့ယူသွားမယ့် ပစ္စည်းတွေရဲ့ အလေးချိန်၊ တန်ဖိုး၊ ထုတ်တဲ့နိုင်ငံ အစရှိတဲ့စာရွက်ကို ဖြည့်စွက်ခိုင်းသေး တယ်။ မေလ ၃ ရက်နေ့ သွားမယ့် ခရီးစဉ်အတွက် မေလ ၂ ရက်နေ့ ကျမှ ဗီဇာထုတ်ပေးပြီး အဲဒါတောင်မှ သံရုံးထောက်ခံစာ တစ်စောင်စီပေးဖို့ ကျန်သေးတယ်ပြောပြီး သံရုံးပိတ်ချိန် ညကျမှ လာယူခိုင်းခဲ့တယ်။ အဲဒီ ထောက်ခံစာကို မယူရင် အင်ဒိုနီးရှား အကောက်ခွန်ဌာနမှာ ပြဿနာတက်နိုင်တယ်လို့ ပြောတယ်။ တကယ်တမ်း သွားတဲ့အခါမှာတော့ ဘာစာရွက်စာတမ်းမှ ပြစရာမလိုဘဲ ၀င်ခွင့်ရခဲ့ပါ တယ်။ သူတို့ပြောသလို အကောက်ခွန် ဌာနကလည်း ပြဿနာမရှာဘဲ ဘာမှတောင်မစစ်ဆေးခဲ့ဘူး။ ကင်မရာတို့၊ ကွန်ပျူတာတို့ဆိုတာ ဒီခေတ်မှာ လူတိုင်းသုံးနေကြတာပဲ။ ဒီအတွက် စာတင်နေစရာ မလိုပါဘူး။ ဒါပေမယ့် သံရုံးက တောင်းခဲ့ပါတယ်။ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို သွားခဲ့တဲ့ အတွေ့အကြုံအရ ဒီတစ်ခါကတော့ ဘယ်နိုင်ငံသံရုံးနဲ့မှ မတူအောင် အင်ဒိုနီးရှားသံရုံးက အတွေ့အကြုံသစ်တွေ ပေးခဲ့ပါတယ်”ဟု (၁၈)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲသို့ Eleven Media Group မှ တက်ရောက် သတင်းရယူခဲ့သည့် ဂျာနယ်လစ်တစ်ဦး က ပြောကြားသည်။

ပြည်တွင်းကိုလာတဲ့ ခရီးသွားတွေထဲမှာမှ Group Tour တွေထက် Business ဗီဇာတွေနဲ့ တစ်ဦးချင်းလာတာတွေ ပိုများလာ

ယခုအခါ ပြည်တွင်းသို့ ခရီးသွားများဝင်ရောက်လာရာ၌ Group Tour များထက် Business ပိုင်းဖြင့် တစ်ဦးချင်းဝင်ရောက်သည့် ခရီးသည်များသာ ပိုများလာခဲ့ကြောင်း သိရသည်။

အများစု ၀င်ရောက်သည့် ခရီးသည်များထဲတွင် ထိုင်းလူမျိုးများလည်း ပါဝင်လာရာ ထားဝယ်ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး စတင်ချိန်တွင် ထိုင်းလူမျိုးခရီးသည်များ  စတင်ဝင်ရောက်မှု ပိုမိုလာခဲ့သည်ဟု ထိုင်းဧည့်လမ်းညွှန်တစ်ဦးက ပြောပြခဲ့ပါသည်။

ထို့အပြင် တရုတ်နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုလာခဲ့မှုနှင့်အတူ ကျောက်မျက်ပွဲများကြောင့် ယခုနှစ်တွင် တရုတ်လူမျိုး ခရီးသွားများ များပြားလာခဲ့သည်။

“ဒီနှစ်နေပြည်တော်မှ ကျင်းပခဲ့တဲ့ ကျောက်မျက်ပွဲအတွက် နေပြည်တော်-ကွမ်ကျိုး တိုက်ရိုက် စင်းလုံးငှား ခရီးစဉ်တွေကို ပြေးဆွဲပေးခဲ့ပါတယ်”ဟု MAI  လေကြောင်းလိုင်းမှ Marketing မန်နေဂျာ ဒေါ်အေးမရသာ က ဆိုပါသည်။

ပြည်ပက ခရီးသွားတွေနဲ့ ဆိုက်ရောက်ဗီဇာ အခြေအနေ

“ဆိုက်ရောက် ဗီဇာပေးတဲ့ စနစ်ကို နိုင်ငံတကာမှာ အများစု ကျင့်သုံးနေပါပြီ။ အခု ဒီမှာစပေးတဲ့အချိန်က ခရီးသွားတွေ သိသိသာသာ တက်လာခဲ့တယ်။ အခုပေးတာ ခဏရပ်ထားတယ်။ ဒါတောင် ၀င်နေသေးတယ်။ ဆိုက်ရောက်ဗီဇာ ပြန်ပေးရင် ဒီထက်တောင် ခရီးသွားတွေ ပိုဝင်မယ့် အနေအထားရှိတယ်”ဟု မြန်မာနိုင်ငံနှင့် ချိတ်ဆက်ပျံသန်းနေသော နိုင်ငံတကာ လေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။

ပြည်ပမှ လာရောက်မည့် ခရီးသွားများသည် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများ၌ ပြည်ဝင်ခွင့်ဗီဇာ ရရှိရန်သံရုံးသို့ ကိုယ်တိုင်သွားရောက် တန်းစီစောင့်ဆိုင်းရခြင်းများ၊ Tour ဖြင့်သွားပါက ဗီဇာရရှိရန် ခက်ခဲခြင်း များလည်းရှိကြောင်း သိရသည်။

ခရီးသွားကဏ္ဍ တိုးတက်ရန်အတွက် ဆိုက်ရောက်ဗီဇာစနစ်မှာ အလွန်အရေးပါသည့် နေရာတွင် ရှိနေသည့် အတွက် ခေတ္တရပ်နားထားသည့် ဆိုက်ရောက် ဗီဇာပေးမှုအား ပြန်လည်ကျင့်သုံးပါက ပိုမိုအဆင်ပြေနိုင်မည် ဖြစ်ကြောင်း ခရီးသွားရေးရာ ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ခဲ့သည်။

နိုင်ငံအလိုက် ပေးဆောင်ရသည့် အလည်အပတ် ဗီဇာကြေးများ

နိုင်ငံ   ဗီဇာကြေး       မှတ်ချက်
ထိုင်း    ၃၅ (USD) -
စင်ကာပူ         ၂၃ (USD) -
မလေးရှား       ၆ (USD) -
တောင်ကိုရီးယား        ၃၀ (USD) -
ဂျပန်    ၂၀၀ (ကျပ်) -
အမေရိကန်      ၁၉၀ (USD) အင်တာဗျုး ဖြေဆိုခ ၁၅၀ နှင့် အောင်မြင်ပါက ၄၀ ပေးဆောင်ရ
ဥရောပ ၆၅ (ယူရို)      နိုင်ငံတစ်ခုအတွက် ဗီဇာရယူရုံဖြင့် ဥရောပနိုင်ငံ အချင်းချင်း သွားရောက်နိုင်သည်
ဟောင်ကောင်   ၃၀ (USD) -
အင်ဒိုနီးရှား     ၄၅ (USD) -

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ