Welcome to my blog :)

rss

Thursday, April 21, 2011

အမျိုးသားတွေ အသက်ကြီးလာရင် စိုးရိမ်ရတဲ့ ဆီးကျိတ်ကင်ဆာ (အပိုင်း-၁)


အမျိုးသား ဆီးကျိတ်ကင်ဆာရောဂါ (Prostate Cancer) ဟာ ဘယ်လို အကြောင်းတရားတွေကြောင့် ဖြစ်ရတာလဲ၊ ဘယ်နေရာတွေမှာ ပိုဖြစ်သလဲ၊ အစားအသောက်၊ ပတ်ဝန်းကျင်၊ တွေနဲ့ကော ဘယ်လို ဆက်စပ်သလဲစတဲ့ အချက်တွေ နဲ့ သားကြောဖြတ်ခြင်း၊ တစ်ကိုယ်ရည် အာသာဖြေခြင်းတို့နဲ့ ဘယ်လို ဆက်စပ်သလဲ ဆိုတဲ့ အချက်တွေကို အရွယ်ရောက်ပြီး အမျိုးသားတိုင်း သိချင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သေချာရေးသား ဖော်ပြပေးလိုက်ပါတယ်။


ဆီးကျိတ်ကင်ဆာရောဂါ (Prostate Cancer) ဖြစ်စေနိုင်သော အကြောင်းတရားများ

(၁) အသက်အရွယ်
အသက်အရွယ် ကြီးလာခြင်းဟာ ဆီးကျိတ်ကင်ဆာရဲ့ အဓိက အကြောင်းတရား တစ်ခု ဖြစ်ပါတယ်။ အသက် ၄၀ အောက် အမျိုးသားတွေမှာ အရမ်း ဖြစ်ခဲပေမယ့် အသက် ၅၀ ကျော်တာနဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်တန်စွမ်းတွေ သိသာလွန်းစွာ တိုးတက်လာတာ ပညာရှင်များ လေ့လာတွေ့ရှိ ထားပါတယ်။ စာရင်းဇယားများ အရ ဆီးကျိတ်ကင်ဆာ ဝေဒနာရှင် ၃ ဦးမှာ ၂  ဦးဟာ အသက် ၆၅ နှစ်အထက် ဖြစ်ကြောင်း တွေ့ရှိထားပါတယ်။

(၂) လူမျိုး နှင့် ကမ္ဘာ့နေရာဒေသ
အာဖရိကန်-အမေရိကန် နွယ်ဖွား အမျိုးသားတွေဟာ တခြားလူမျိုး အမျိုးသားတွေထက် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း ၆၀% လောက် ပိုများတာ တွေ့ရပါတယ်။ တချို့ လေ့လာတွေ့ရှိချက်တွေ အရလည်း လူမည်း သွေးပါသူတွေဟာ လူဖြူတွေ၊ အာရှတိုက်မှာပဲ နေတဲ့ လူ ဂျပန် တရုတ် စတဲ့ အာရှသားတွေထက် ဆီးကျိတ်ကင်ဆာနဲ့ အသက်ဆုံးရှုံးဖို့ အခွင့်အလမ်း နှစ်ဆ မြင့်မားပါတယ်တဲ့။ အရမ်း စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်က အာရှသားတွေဟာလည်း မိခင်နိုင်ငံ (သို့) အာရှဒေသတွင်းမှာပဲ မနေကြဘဲ အာဖရိက အမေရိက စတဲ့ ဒေသတွေမှာ နေထိုင်ကြီးပြင်းရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်စွမ်း အန္တရာယ်က တန်းတူ ပဲလို့ တွေ့ရပါတယ်။ အကြောင်းရင်းကို တိကျသေချာစွာ မသိရသေးပေမယ့် နေ့စဉ် စားသောက်နေတဲ့ အစားအသောက် ပုံစံကြောင့်လို့ ယူဆနိုင်ပါတယ်။ သိသာထင်ရှားတဲ့ သက်သေအနေနဲ့ တွေ့ရှိထားတာက ဂျပန်လူမျိုးတွေမှာ ရှေးယခင်က ဆီးကျိတ်ကင်ဆာ မဖြစ်သလောက် နည်းပါး ခဲ့ပေမယ့် ဥရောပစတိုင် အစားအသောက်များ ဂျပန်မှာ တွင်ကျယ်ခေတ်စား လာတာနဲ့  အမျှ ယခု နောက်ပိုင်း ဆယ်စုနှစ်များမှာ ဂျပန်အမျိုးသားတွေလည်း ဆီးကျိတ်ကင်ဆာ ဖြစ်သူအရေအတွက် သိသာစွာ များလာတယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

နေရာဒေသအရ ပြောရရင် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း အများဆုံး ကမ္ဘာ့နေရာ ဒေသများဟာ မြောက်အမေရိကတိုက်၊ ဥရောပ အနောက်မြောက်ပိုင်း ဒေသများ၊ သြစတြေးလျနိုင်ငံနဲ့ ကာရစ်ဘီယန် ကျွန်းစုများ ဖြစ်ပါတယ်။ ဖြစ်ပွားမှု နည်းတဲ့ နေရာတွေကတော့ အာရှတိုက်၊ အာဖရိကတိုက်၊ အမေရိက အလယ်ပိုင်း နဲ့ တောင်အမေရိကတိုက် တို့ပဲ ဖြစ်ပါတယ်။

(၃) နေ့စဉ် အစားအသောက်ပုံစံ
အမှတ်စဉ် (၂) မှာ ပြောခဲ့တဲ့ လူမျိုးလိုက် ဖြစ်ပွားမှုနှုန်း မတူညီကြခြင်းဟာ လူမျိုးအလိုက် မျိုးရိုးဗီဇ ခြားနားမှုကြောင့် အဓိက ဖြစ်တယ်လို့ ယူဆကြသလို နေ့စဉ် အစားအသောက် ပုံစံ (Diet Style) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နေ့စဉ် အစားအသောက် ပုံစံတွေမှာ အောက်ပါ စားစရာများဟာ ဆီးကျိတ်ကင်ဆာ ဖြစ်မှု မဖြစ်မှုနဲ့ တိုက်ရိုက် ဆက်စပ်ကြောင်း ပညာရှင်များက လေ့လာတွေ့ရှိ ထားပါတယ်။


ပုံမှန်ဆီးကျိတ် နှင့် ကင်ဆာဖြစ်နေသော ဆီးကျိတ် နှိုင်းယှဉ်ပြပုံ

အဆီ
အဆီများများ စားတဲ့ အမျိုးသားတွေဟာ မစားတဲ့ အမျိုးသားတွေထက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ တိရိစ္ဆာန်အဆီများများစားရင် ဆီးကျိတ်ကင်ဆာသာမက ကင်ဆာအမျိုးမျိုး ဖြစ်စေဖို့ အားပေးတာတော့ အသေအချာပါပဲ။

အမျှင်ဓာတ်
Fibre ခေါ် အပင်တွေက ရရှိတဲ့ အမျှင်ဓာတ် ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးထဲမှာ လှည့်ပတ်နေတဲ့ အမျိုးသား သက်စောင့်ဟော်မုန်း Testosterone နဲ့ ပုံမှန်အားဖြင့် အမျိုးသားတွေမှာလည်း အနည်းငယ် ပမာဏရှိတဲ့ အမျိုးသမီးဟော်မုန်း Estradiol တွေရဲ့ ပမာဏကို ပုံမှန် အတိုင်းအတာမှာ ရှိနေစေဖို့ အထူးအထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် အသီးအရွက် များများစားတဲ့ အမျိုးသားများဟာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ နည်းပါးကြောင့် တွေ့ရှိ အတည်ပြု ထားကြပါတယ်။

ပဲပိစပ် ခေါ် ပဲနို့
ပဲပိစပ်ဟာ အပင်ထွက် ဖြစ်ပေမယ့် အသားဓာတ် မြင့်မားစွာ ပါဝင်လို့ အစိမ်းရောင် အသား (Green Meat) လို့တောင် တင်စား ခေါ်ဝေါ်ကြတဲ့အထိ အာဟာရ ပြည့်ဝသလို isoflavones လို့ခေါ်တဲ့ သဘာဝ ဒြပ်ပေါင်းတွေ ပါဝင်တဲ့ အတွက် ဆီးကျိတ်ကင်ဆာ ဖြစ်ပေါ်ကြီးထွားလာမှုကို တားဆီးပေးရာ ရောက်စေတဲ့ အာနိသင် ရှိပါတယ်။


ဗိုက်တာမင် အီး နှင့် ဆယ်လီနီယမ် သတ္တုဓာတ် ကြွယ်ဝသော အစားအစာများ

ဗိုက်တာမင်အီးနဲ့ ဆယ်လီနီယမ် သတ္တုဓာတ် နှစ်မျိုးဟာ ပေါင်းစပ်ပြီး ကင်ဆာအကျိတ်တွေ ဖြစ်ပေါ်ခြင်းကို တားဆီးနိုင်ပါတယ်။ ဒါကြောင့် ဒီနှစ်မျိုး ကြွယ်ဝတဲ့ အစားအသောက်တွေကို ပုံမှန် စားသုံးလေ့ ရှိတဲ့ ဒေသတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု မတွေ့ရ သလောက်ကို နည်းတတ်ပါတယ်။ ဗိုက်တာမင်အီး ကြွယ်ဝတဲ့ အစားအသောက်တွေက ငါး(အဆီ)၊ အခွံမာသီး အဆန်များ၊ ဂျုံ၊ နေကြာစေ့၊ မြေပဲ၊ ကန်စွန်းဥ၊ ထောပတ်သီး၊ မလိုင်၊ ထောပတ်၊ ဥအကာ နဲ့ ပေါက်ပေါက်ဆုပ်၊ ဘိန်းမုန့် စတဲ့ အစားအသောက်များ ဖြစ်ပါတယ်။ ဆယ်လီနီယမ် ကြွယ်ဝတဲ့ အစားအသောက်များကလည်း ဗိုက်တာမင်အီး ကြွယ်ဝတဲ့ အစားအသောက်များ နဲ့ အကြမ်းဖျဉ်း တူညီကြပါတယ်။


ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ ပါတဲ့ Lycopene ဟာ ဆီးကျိတ် နဲ့ ပတ်သက်တဲ့ ရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်တာမို့ အမျိုးသားတွေ အတွက် အသင့်တော်ဆုံး အစားအသောက် တစ်မျိုး ဖြစ်ပါတယ်။ ခရမ်းချဉ်သီး ဆော့စ်၊ ခရမ်းချဉ်သီးသုပ် စသဖြင့် ပုံစံများဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ အခြား လိုင်ကိုပင်း ကြွယ်ဝတဲ့ အသီးအနှံများကတော့ ဖရဲသီး၊ စပျစ်သီး စတဲ့ အသီးအနှံများ ဖြစ်ပါတယ်။

(၄) အ၀လွန်ခြင်း
အ၀လွန်ခြင်းဟာ ဆီးချိုနဲ့ ကိုလက်စထရော မြင့်မားခြင်းဆိုင်ရာ ရောဂါမျိုးစုံနဲ့ ကင်ဆာရောဂါများဆီကို ဦးတည်သွားပါတယ်။ အ၀လွန်သူ အမျိုးသားများဟာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ပြီး အ၀လွန်သူ အမျိုးသမီးများကတော့ ရင်သားကင်ဆာနဲ့ သားဥအိမ် ကင်ဆာ ဖြစ်နိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

(၅) အလုပ်အကိုင် နှင့် ဆိုင်သော ပတ်ဝန်းကျင်

Cadmium လို့ခေါ်တဲ့ သတ္တုဓာတ် တစ်မျိုးနဲ့ ပုံမှန်ထိတွေ့မှု ရှိနေတဲ့ လုပ်ငန်းလုပ်သူ အမျိုးသားတွေ (ဥပမာ လယ်သမားများ၊ ဘက်ထရီ၊ ဂဟေဆော်၊ ရွှေရည်စိမ်၊ သတ္တုရည်စိမ် လုပ်ငန်းများ လုပ်ကိုင်သူတွေ ) ဟာ အသက်ကြီးလာချိန်မှာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားဖို့ နီးစပ်ကြောင်း လေ့လာတွေ့ရှိထားရပါတယ်။

(၆) စောစီးစွာ အမျိုးသား သားကြောဖြတ်ထားခြင်း

အသက် ၃၅ နှစ် မတိုင်ခင် အမျိုးသား သားကြောဖြတ်နည်းနဲ့ သန္ဓေတားထားသူတွေဟာ ဆီးကျိတ်ကင်ဆာ ဖြစ်လာနိုင်တယ်ဆိုတဲ့ လေ့လာတွေ့ရှိချက် တစ်ရပ် ဆေးပညာလောကမှာ ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီရလဒ်ကို ဆန့်ကျင်တဲ့ လေ့လာမှု ရလဒ် အသစ်တွေလဲ ထွက်ပေါ်လာပြန်လို့ ဒီကိစ္စဟာ အခုအချိန်အထိ မသေချာသေးဘူး လို့ ဆိုနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ရှင်းရအောင် အမျိုးသားတွေ အသက် ၃၅ မတိုင်ခင် သားကြော မဖြတ်သင့်ဘူး လို့ပဲ အကြံပြုပါရစေ။

(၇) ကင်ဆာမဟုတ်သော ဆီးကျိတ်ကြီးရောဂါ (BPH) ဖြစ်ဖူးသူများနဲ့ ကာလသားရောဂါ တစ်ခုခု ရှိခြင်း
BPH (benign prostatic hyperplasia) ခေါ် ဆီးကျိတ်ကြီးရောဂါ ဖြစ်ဖူးသူများဟာ ဆီးကျိတ်ကင်ဆာ နောက်က လိုက်ဖြစ်တတ်တာမျိုး ရှိတတ်ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ သေချာ ခွဲစိတ် (သို့) ဆေးသွင်းကုသထားရင်တော့ ဖြစ်တန်စွမ်းကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

ဂနို၊ ဆစ်ဖလစ်၊ ခလက်မိုင်းဒီးယား စတဲ့ ကာလသားရောဂါ ရှိသူတွေကျတော့ ဆီးကျိတ်ကို ခဏခဏ ရောင်ယမ်းစေနိုင်တဲ့ အတွက်ကြောင့် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်စေဖို့ နီးစပ်တာလို့ ဆိုကြပါတယ်။

(၈) မိသားစု မျိုးရိုးရှိခြင်း
ဖခင် (သို့) မွေးရင်းအစ်ကိုမှာ ဆီးကျိတ်ကင်ဆာ ရှိဖူးသူ အမျိုးသားများဟာ ဆီးကျိတ်ကင်ဆာ လိုက်ဖြစ်ဖို့ အခြားသူတွေထက် ၃ ဆ ပိုနီးစပ်လို့ အနေအထိုင် အစားအသောက် အထူးဆင်ခြင် နေထိုင်သင့်ပါတယ်။ ဒီလို မျိုးရိုးရှိနေလို့ မိမိမှာတော့ တစ်နေ့ သေချာပေါက် ဖြစ်လာမယ် လို့ ခံယူပြီး စိတ်ပျက် အားလျှော့နေတာမျိုးတော့ မဖြစ်သင့်ပါဘူး။

ကင်ဆာဆိုတာ အနေအထိုင် အစားအသောက် ပုံစံများအပေါ် အဓိက မှီတည်ပြီး ဖြစ်တဲ့ ရောဂါမျိုးမို့ ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ ကျန်အချက်များကို လိုက်နာနိုင်မယ် ဆိုရင် ဆီးကျိတ်ကင်ဆာ ကင်းဝေးနိုင်ပါတယ်။

(၉) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်မှာ မည်သည့်ကောင်းကျိုးမျှ မပေးဘဲ ဆိုးကျိုး များစွာ ပေးနိုင်တဲ့ ဓာတုဒြပ်ပေါင်း ၄၀၀ ကျော် ပါဝင်ကာ ကင်ဆာမျိုးစုံကို ဖြစ်စေနိုင်ပါတယ်။ မကြာသေးမီက လေ့လာတွေ့ရှိချက်များအရ ဆေးလိပ်သောက်ခြင်းဟာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားခြင်းကိုပါ အားပေးပါသတဲ့။


ဆီးကျိတ်ကင်ဆာဆဲလ်များ၏ပုံ


(၁၀) တစ်ကိုယ်ရည် အာသာဖြေခြင်း

ဆီးကျိတ်ကင်ဆာနဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်း ဘယ်လို ဆက်စပ်ကြသလဲ ဆိုတာ အားလုံး သိချင်နေကြတဲ့ အချက်တစ်ချက်ပါ။ ပိုဖြစ်စေတယ် သို့မဟုတ် ကာကွယ်နိုင်တယ်လို့ အငြင်းပွားနေကြတဲ့ အချက်တစ်ချက်မို့ နောက်ဆုံးပေါ် စစ်ဆေးတွေ့ရှိချက်များကို အတိအကျ ဖော်ပြပေးလိုက်ပါတယ်။

အသက် ၂၀ ကနေ ၅၀ ကြား အမျိုးသားတွေမှာ တစ်ပတ်မှာ ၂ ကြိမ်နဲ့ အထက် အာသာဖြေရင် အသက် ၆၀ ရောက်ချိန်မှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်စွမ်း ၇၉% နီးစပ် ပါသတဲ့။

အသက် ၅၀ ပြည့်ပြီး အမျိုးသားတွေကျတော့ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ် အာသာဖြေပေးရင် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်စွမ်း ၇၀% လျော့နည်း ပါသတဲ့။




(၁၁) ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း
အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းဟာ ဆီးကျိတ်ကင်ဆာကို အားပေးတယ် မပေးဘူးလို့ တိကျစွာ မတွေ့ရသေးပေမယ့် အသက်ကြီးပိုင်း အမျိုးသားတွေမှာတော့ လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်သူ တွေဟာ မလုပ်သူတွေလောက် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း မမြင့်တာ သေချာတွေ့ရှိရပါတယ်။


mmDailyNews ချစ်ပရိသတ်များ ရောဂါဘယဘေး၊ သဘာဝဘေး စတဲ့ ဘေးအန္တရာယ် များမှ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ အောင်မြင်နိုင်ကြပါစေ။ ဆီးကျိတ်ကင်ဆာနဲ့ ပတ်သက်တဲ့ အချက်များ အပါအ၀င် ဆီးကျိတ်ကင်ဆာ စဖြစ်နေပြီလားလို့ အိမ်မှာပဲ အလွယ်တကူ ကိုယ့်ဟာကိုယ် စစ်ဆေးနိုင်တဲ့ PSA Test အကြောင်း ပြည့်ပြည့်စုံစုံကို ဒီရက်ပိုင်းမှာ ဆက်လက် ဖော်ပြပေးသွားမှာမို့ စောင့်မျှော် ဖတ်ရှုနိုင်ပါတယ်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ